ငါက စကားပုံထဲကအတိုင်း
ရလေလိုလေဆိုတဲ့ကောင်စားမျိုး
တစ္ဆေတစ်ကောင်ဖြစ်ရဲ့။
ငါ့ရဲ့စိတ်က
ငါနဲ့အတူ ဘယ်တော့မှအိမ်ပြန်မလိုက်တတ်၊
မင်းရဲ့အနားပဲ တဝဲဝဲလည်
အိမ်ခြေယာမဲ့တစ်ဦးလည်းဖြစ်သေးရဲ့။
ကြိုးတန်းတွေကြားမှာ
မင့်အသံကိုပဲ လောဘတကြီးလိုက်ဖမ်း
ကိုယ့်ကိုယ်ကို ပြန်အရူးလုပ်နေတတ်တဲ့
လူကြီးလူကောင်းဆန်သော
ဖုန်းသရဲတစ်ကောင်လည်းဖြစ်ပေတယ်။
အမြဲတစေ ငါ့အပေါ် ပျော်ဝင်တွယ်ငြိနေစေဖို့ရာ
စကားလုံးပိုက်ကွန်ပေါင်းများစွာနဲ့
မင့်ချစ်ခြင်းကို ပစ် ပစ်ဖမ်းတတ်တဲ့
ခေတ်ပေါ်မုဆိုးတစ်ယောက်လည်း ဖြစ်ပြန်ရဲ့။
တစ္ဆေတစ်ကောင်လို ကပ်တွယ်မှီခိုမှုမျိုးနဲ့
အိမ်ခြေယာမဲ့တစ်ဦးလို ဦးတည်ရာမျိုးနဲ့
ဖုန်းသရဲတစ်ကောင်လို ရူးသွပ်မိုက်မဲမှုမျိုးနဲ့
မုဆိုးတစ်ယောက်လို မျှော်လင့်ချက်မျိုးနဲ့
အဲဒီလို အရိုင်းဆန်ပုံပေါက်တဲ့ ငါက
တစ်ခါတစ်ခါကျပြန်တော့
မင်းမျက်နှာလေးအကြောင်း တစိမ့်စိမ့်တွေး
“ညီမလေး” ကဗျာတွေ ထိုင်ရေးနေတတ်တဲ့
သိမ်မွေ့နူးညံ့မှုလွန်ကဲသော
ကဗျာဆရာတစ်ယောက်လည်းဖြစ်နေခဲ့ပြန်တယ်။
သူရဿဝါ
၀၃ - ဇွန် - ၂၀၀၈
Image source; Images.google.com
No comments:
Post a Comment