နံနက်ခင်းအလင်းဝါဝါတွေ
အခန်းတံခါးပေါက်ကို
တဒေါက်ဒေါက်
မခေါက်သေးခင်ကအစ
ပျိုးပျိုးပြပြလင်းနေနှင့်တဲ့
ကို့ရဲ့အိပ်မက်ပျိုလေး
လေညင်းညင်းမြူကြားက
နုနယ်လွန်းသော
မျက်နှာကလေးဟာလည်း
ကို့အတွက်
ခွဲခွာရခက်သော ပစ္စုပ္ပန်
တကယ်တော့ အချစ်ဆိုတာ
အာဒံနဲ့ဧဝရဲ့
ပန်းသီးမဟုတ်ဘူး
ပေးဆပ်ခြင်းတွေ
ရယူခြင်းတွေမဟုတ်ဘူး
ကိုနဲ့မင်းကလွဲပြီး
အချစ်ဟာ ဘာမှမဖြစ်နိုင်ဘူး
တွယ်တွယ်ငင်ငင်နမ်းဖူးတဲ့ ပါးပြင်လေး
အဲဒီညနေခင်းထဲက
ကို့ရဲ့ ပျိုပျိုငယ်ငယ်
မိန်းမရွယ်လေး
ချစ်တယ်။
ကို့ ကို..
နှောင်နှောင်ဖွဲ့ဖွဲ့
ချည်ပါ
အနားနားတိုးထိုင်ပါ
ခဏခဏ ချစ်တယ်လို့ပြောပါ
ဒါဟာ ကို့အတွက်
ပြီးပြည့်စုံသော
ပျိုမြစ်နုနယ်ဆေးဖြစ်တယ်။
မတွေ့ဖြစ်ကြတဲ့ ဝေးကွာခြင်းရက်စွဲတိုင်းမှာ
တစ်ခါ
နှစ်ခါ
အခါခါ အထပ်ထပ်
အမှတ်ရနေမိ
ညတာရှည်လွန်းသော
နေ့တွေ
လွမ်းတယ်။
ဒါဟာ.. ကဗျာ
ကို့အတွက်..
မင်းအတွက်..
မြတ်နိုးခြင်းတွေအတွက်
ကဗျာ
ပြုံးနေတဲ့နှုတ်ခမ်းအစုံက
တဖွဖွဖတ်ကြည့်သင့်တဲ့
အဲဒီကဗျာထဲက
အိပ်မက်ပျိုလေးအတွက်
အနမ်း
အိပ်မက်ပျိုလေးအတွက်
အလွမ်းတွေ။
သူရဿဝါ
၁၀ - ဇွန် - ၂၀၀၈
Image source; Images.google.com
No comments:
Post a Comment