Tuesday, June 03, 2008

စဉ်းစားနေဆဲ


ကဗျာရေးဖို့ စဉ်းစားမိတယ်။
စကားလုံး နိမိတ်ပုံ မော်ဒန်အယူအဆ
လရောင်လဲ့လဲ့ အသက်ရှူသံခပ်ပါးပါး
တစ်ခုနဲ့တစ်ခု ရှုပ်ထွေးတင်းကျပ်တဲ့ညမှာ
ကဗျာရေးလို့မရဘူး စဉ်းစားနေဆဲ။

စိတ်ကိုအသေးဆုံးအလွှာထိခွဲဝင်ပြီး
ကဗျာရေးဖို့ အကြောင်းရှာကြည့်တယ်။
လူနေမှုအဆင့်အတန်း ချစ်သူအကြောင်း
ပတ်ဝန်းကျင်ထိန်းသိမ်းရေး
ဘာကိုမှ မြဲမြဲစွဲစွဲတွေးမရတဲ့ညမှာ
ကဗျာရေးလို့မရဘူး စဉ်းစားနေဆဲ။

ဘဝမှာရော
စဉ်းစားလို့မရခဲ့တဲ့ စဉ်းစားဖို့ချန်ထားတဲ့
စဉ်းစားနေခဲ့တာတွေ ဘယ်လောက်များခဲ့ပါပြီလဲ။
စဉ်းစားဆဲ။

လှိုင်းလုံးထန်ထန် လောကဓံမြစ်ထဲ ရဲရဲလွင့်လွင့်ကူးခတ်ဖို့
လူ့သဘာဝနဲ့ လူ့ပတ်ဝန်းကျင်ကြား
သံခင်းတမန်ခင်းဆန်ဆန် ပေါင်းကူးတတ်ဖို့
စဉ်းစားဆဲ။

မျက်တောင်တချက်မခတ်တဲ့သတ္တိနဲ့
သေခြင်းတရားဆီ မျက်နှာမူဖို့
သူလိုငါလို အရပ်သုံးမဟုတ်တဲ့
အမှန်တရားကို စာလုံးပေါင်းမှန်ဖို့
စဉ်းစားဆဲ။

စဉ်းစားနေဆဲ
အဲဒီလိုနဲ့
စကားလုံးများအောက် စဉ်းစားခြင်းများအောက်
ပိတ်မိလှောင်မွန်းတဲ့ညမှာ
ဟောဒီကဗျာကိုပဲ ရှေ့ဆက်ဖို့စဉ်းစားရင်း
ရှေ့ဆက်လို့မရဘူး။
စဉ်းစားနေဆဲ။

 

သူရဿဝါ
၀၃ - ဇွန် - ၂၀၀၈
Image source; Images.google.com

No comments:

Post a Comment