Tuesday, June 10, 2008

ငါ့ရဲ့ ဧပရယ်လ်


မျှော်လင့်ခြင်းတွေ
ညတာအတိုအရှည်တွေ
စကားလုံးရှားပါးမှုတွေကို ဆန့်ထုတ်ဖြာကျက်
နင့်အတွက်ကဗျာကို ငါစရေးပါမယ် ဧပရယ်လ်။

တို့နှစ်ယောက်
တစ်ဦးကိုတစ်ဦး မှီခိုပေါက်ရောက်ကြကြေး၊
ငါ့ပခုံးပေါ်မင်းက ခေါင်းမှီထားရင်
ငါ့လက်ဖဝါးကလည်း
မင်းလက်ဖဝါးပေါ်ထပ်လျက်သား

တခရီးတည်းသွားကြစို့ရဲ့ ဧပရယ်လ်။

ငါ့အတွက်တော့ မင်းက
ဧပရယ်လ်မှာသာတဲ့လ၊
တညလုံးထိုင်ငေးနေချင်ခဲ့တာ
ငါ့မျက်လုံးထဲ ယိုဖိတ်လဲ့ကျ
(အဲဒီ) အလင်းလှလှကလေးက မင်းပဲဧပရယ်လ်။

ငါဆိုတဲ့ကောင်ကလည်း
မင့်ရယ်သံချိုချိုတွေအောက်မှာမှ ရင့်မှည့်တတ်တဲ့
ကမ္ဘာ့အထူးဆန်းဆုံးသစ်သီး
ချီးကျူးစရာကောင်းတဲ့မင်းက
ငါ့ဥယျာဉ်မှူးပေါ့ ဧပရယ်လ်။

သတိတရညည်းမိသော သီချင်းမှာတောင်
ငါ့အသံတုန်ခါမှုက လွမ်းဆွတ်နေမှုနဲ့အချိုးကျ၊
မင်းက
ငါ့ရဲ့ ဖော်ကျူးမှုအနုပညာဖြစ်နေပြန်တယ် ဧပရယ်လ်။

မင်းက ငါ့ရဲ့နှိုးစက်နာရီ၊
မင်းက ငါ့ရဲ့နေ့လယ်နေ့ခင်းစာစောင်၊
မင်းက ငါ့ရဲ့ညနေရီရှုခင်း၊
အဲဒီလို ငါ့ရဲ့ တစ်နေ့တာအချိန်ဇယားကလည်း
မင်းပဲဖြစ်နေပြန်တော့

သေချာပါတယ်
ဒီညလည်း မင်းကိုငါ
အိပ်မက်မက်လိမ့်ဦးမယ် ဧပရယ်လ်။

 

သူရဿဝါ
၁၀ - ဇွန် - ၂၀၀၈
Image source; Youri Sosnin

2 comments:

  1. အော်.. ဧပရယ်လ်တဲ့လား။။။။ အဆင်ပြေပါစေနော်...

    ReplyDelete
  2. ကဗျာရေးလည်းတော်တယ်။ တကယ့်ကို ကဗျာဆန်ပြီး ဖတ်လို့ ကောင်းပါတ.်ရှင်။

    ReplyDelete