ပြီးခဲ့တဲ့ ၃ ရက်နေ့ မနက် အစောပိုင်းမှာပဲ ကြိုတင် ကြေငြာထား တဲ့အတိုင်း နာဂစ် အမည်ရတဲ့ လေမုန်တိုင်းက ရန်ကုန် တစ်မြို့လုံးကို ပတ်ပြီး မွှေ့ရမ်း တိုက်ခတ်သွား ခဲ့ပါတယ်။ ဘာမှလည်း ကြိုတင် ပြင်ဆင် ထားခြင်းမရှိ၊ များများ စားစားလည်း ကြိုတင် ပြင်ဆင် ထားလို့ မရလိုက် တဲ့အတွက် ရန်ကုန် တမြို့လုံး ဖရိုဖရဲကြီးဖြစ်ပြီး ကျန်ခဲ့ပါတယ်။ အရုပ်ကြိုးပြတ် သစ်ပင်တွေ၊ ထက်ပိုင်း ကျိုးကျနေတဲ့ ဓာတ်တိုင်တွေ၊ ပြတ်တောက် သွားတဲ့ တယ်လီဖုန်း လိုင်းတွေ၊ ရပ်တန့် သွားတဲ့ Internet Service တွေနဲ့ ၃ ရက်နေ့ဟာ လူ့ယဉ်ကျေးမှု မထွန်းကား သေးတဲ့ ခေတ်ကို ပြန်ရောက်သွား သလိုပါပဲ။ သူရဿဝါ ဆိုလည်း အိမ်ထဲမှာပဲ ငြိမ်ကုပ်ပြီး နာဂစ် အကြောင်း တွေပဲ စဉ်းစားနေ ရပါတယ်။ အဲဒီ တော့လည်း နာဂစ်နဲ့ ပတ်သက်ပြီး၊ ဒါမှမဟုတ် နာဂစ်ကို အကြောင်း ပြုပြီး စစ်စစ် ပေါက်ပေါက်၊ ဟိုရောက် ဒီရောက် အတွေးတွေပဲ ထွက်လာ ပြန်ပါတယ်။
တကယ်တော့ နာဂစ်ကို အကြောင်းပြပြီး မိုးတွေရွာ နေခဲ့တာ သုံးလေးရက် ဆက်တိုက်ပါ။ ၂ ရက်နေ့ မှာတော့ နာဂစ်ရဲ့ သတင်းက ပိုထွက်လာ ခဲ့ပါတယ်။ ၂ ရက်နေ့ ညနေပိုင်း ကစပြီး နာဂစ် ဆိုတဲ့ မုန်တိုင်းကျမယ် ဆိုလို့ လူတွေ အားလုံး လှုပ်လှုပ်ရွရွပါ။ သူရဿဝါ ကလည်း အဲဒီနေ့ မနက် ကတည်းက အိမ်မှာ မနေဘဲ လျှောက်သွားနေ ခဲ့တာပါ။ တွေ့သမျှ သူငယ်ချင်း တွေကလည်း “မုန်တိုင်း ရှိတယ်.. အိမ်စောစောပြန်” ဆိုပြီး ပြောကြပါတယ်။ သူရဿဝါ ကတော့ အေးဆေးပါပဲ။ ခါတိုင်းလည်း မုန်တိုင်းသတင်း ကြေညာချက်တွေ ကြားနေကျ၊ တကယ်တမ်း မုန်တိုင်း ဆိုပြန် တော့လည်း အဖျားခတ်ရုံ၊ မိုးပဲရွာပြီး ပြီးသွားတာ ဆိုတော့ ခါတိုင်းလိုပဲ “နင်လည်း နင့်ဟာနင်နေ၊ ငါလည်း ငါ့ဟာငါ နေမယ်” သဘော ထားပြီး နေခဲ့တာ ပါပဲ။
ဒါပေမဲ့ ညနေ လေးနာရီ လောက်ကျတော့ အိမ်က စိတ်ပူ နေပါ့မယ်လေ ဆိုပြီး ပြန်လာ ခဲ့ပါတယ်။ ငါးနာရီ လောက်မှာ မိုးကလည်း ခဏတိတ် သွားတော့ ခါတိုင်းလိုပဲ ပြီးသွားမယ် ထင်ပါရဲ့ ဆိုတဲ့ အတွေးက ပိုသေချာ လာတာပေါ့။ ညကျတော့လည်း ထမင်းစားပြီး လမ်းလျှောက် ထွက်တဲ့ အချိန် အထိ မိုးလေး တစွတ်စွတ် ရွာနေတာ ကလွဲလို့ ဘာမှ ထူးထူးခြားခြား မဖြစ်ခဲ့ပြန်ဘူး။ ဒီလိုနဲ့ အိပ်ချိန် ရောက်လာတယ်။ သူရဿဝါလည်း မနက်ကျရင် သွားစရာ ရှိတယ် ဆိုပြီး ခပ်စောစော ဝင်အိပ် ပါတယ်။ ညသန်းခေါင် ၂ နာရီ လောက်မှာ နာဂစ်က စပြီး အစွမ်းပြ တော့တာပဲ။ ဒါတောင် သူရဿဝါ ဘာမှသိတာ မဟုတ်ပါဘူး။ အိပ်တာမှ သိုးနေတာ ပါပဲ။ အမေက လာနှိုးရှာတယ်။
“ဟဲ့.. သား၊ ထစမ်း ထစမ်း၊ မုန်တိုင်းကစပြီ သားရဲ့.. လေတိုက်တာများ ပြင်းလိုက်တာ သိလား”
သူရဿဝါလည်း ဝူးဝူးဝါးဝါး ထလာပြီး အပြင်ကို လှမ်းကြည့် လိုက်ပါတယ်။ မိုးတော့ မပါသေးဘူး။ လေတွေ ကတော့ တကယ့်ကို အပြင်းစား နှုန်းနဲ့ တိုက်နေတာပါ။ ဒါပေမဲ့လည်း သူရဿဝါ အကြောင်း သိတယ် မဟုတ်လား။ သိပ်အိပ်လို့ ကောင်းတဲ့ အချိန်ဆိုတော့ သူ့ဟာသူ မုန်တိုင်း မကလို့ နူကလီးယား ဗုံးကြီးပဲ ခွအိပ်ခိုင်းခိုင်း ပြန်ထမယ့် ကောင်စား မဟုတ်ဘူးလေ။ အမေနဲ့ အဖေ့ကို မျက်လုံး ဖွင့်မကြည့်ဘဲ တစ်ခွန်းထဲ ပြန်ပြောပြီး အိပ်ရာ ပြန်ဝင်သွား လိုက်တာ အမေတို့ ခမျာ “ဟမ်” ခနဲ ကျန်ခဲ့တဲ့ အထိပါပဲ။
“အမေတို့ ကလည်းဗျာ.. လေတိုက် တာများ အထူးအဆန်း လုပ်လို့ အကောင်လိုက် မြင်ရတာ ကျနေတာပဲ”
အဲဒီ တစ်ခွန်းထဲ ပြောပြီး ပြန်ဝင်အိပ် နေတော့တာ ပါပဲ။ အဲ.. မနက် အစောကြီး ခြောက်နာရီ လောက်ကျမှ သူရဿဝါရဲ့ ဇာတ်လမ်းက စတာပါ။ ဝရန်တာဖက်ကို ထွက်တဲ့ တံခါးပေါက်ကို ခေါင်းထိုးပြီး အိပ်တာ ဆိုတော့ ပြီးရော ပေါ့လေ။ ခေါင်းက လေအရမ်း တိုက်တာ ခံရလွန်းတော့ အေးခနဲ အေးခနဲနဲ့ ဘယ်သူများ ငါ့ကို ခေါင်းတုံးလာ တုံးနေလဲဟ ဆိုပြီး အလန့်တကြား ထလာ လိုက်တာ။ အပြင်ကိုလည်း ကြည့်ရော.. ကမ္ဘာ ပျက်သလို မြင်ကွင်းကို မြင်ရတော့ တာပါပဲ။ မိုးတွေ၊ လေတွေ ဒီလောက် ကြမ်းတမ်း ခက်ထန် တာမျိုး တစ်ခါမှ မမြင်ဖူးပါဘူး။ အပြင်ကို လှမ်းကြည့် နေရင်းမှာပဲ အိမ်ရှေ့အိမ်က စလောင်းကြီး ကျိုးထွက် သွားတယ်။ ဘေးအိမ်က ခေါင်မိုးတွေ တဖျတ်ဖျတ် လန်ကုန်တယ်။
“အော်.. ကျွတ် ကျွတ်.. တော်တော် အဖြစ်ဆိုးတာပဲ”
လို့ တစ်ယောက်တည်း ရေရွတ်ပြီး အဲဒီ အိမ်တွေကို သနားနေ မိပါတယ်။ သနားနေ ရင်းကနေ ကိုယ့်အိမ်အောက် ကိုယ်ငုံ့ ကြည့်မိမှ “အောင်မလေးဗျာ” ဆိုပြီး တစ်ခွန်းပဲ အော်နိုင် တော့တယ်။ သူရဿဝါတို့ အိမ်အောက်ထပ်လည်း တစ်ဝက်လောက် ရေမြုပ် နေပါပြီ။ နေ့လယ် တစ်နာရီလောက် မိုးရော လေရော တိတ်သွားမှ လူတွေ အကုန်လုံး ပြူတစ် ပြူတစ်နဲ့ ကိုယ့်အိမ်ရှေ့ ကိုယ် အသီးသီး လက်ပစ်ကူးပြီး ထွက်လာ ကြပါတယ်။ သူရဿဝါလည်း ထိုနည်း လည်းကောင်းပေါ့။ ဒါတောင် သူရဿဝါ ခြေသလုံးကို မျှော့ထင်ပြီး ပြေးတဲ့သူက ရှိသေးတယ် ခင်ဗျ။ အိမ်ရှေ့မှာ လဲနေတဲ့ သစ်ပင်တွေ၊ သစ်ကိုင်း တွေကို ရှင်းလိုက်ရတာ ဖတ်ဖတ်ကို မောရော။ ဒါတောင် သူရဿဝါရဲ့ ပေါက်ကရ ပါးစပ်က အငြိမ် မနေနိုင်ဘူး။ အမေ့ကို လှမ်းပြော လိုက်သေးတယ်။
“ခုနေများ သမ္ဗာန် တစ်စင်းလောက် ရရင် ကောင်းမှာ၊ ပဒေသာနဲ့ နန္ဒဝန်ဈေးကို ခေါက်ပြန် ဆွဲပြီး စီးပွား ရှာလိုက်ရရင် ထောပြီပဲ”
လို့။ ဟုတ်လည်း ဟုတ်ပါတယ်။ နည်းနည်းလေး မိုးသည်း တာတောင် အဲဒီဖက် တွေက ရေမြုပ်တာ။ ခုလို အချိန်မျိုး သွားကြည့် ရင်တော့ လူတွေရော၊ အိမ်တွေပါ ရေပေါ်မှာ ပေါလော လေးတွေပဲ နေမှာ။ တစ်နာရီလောက် ကြာအောင် ရှင်းကြလင်းကြ ပြီးတော့ လူတွေ အားလုံးလည်း မောသွား ကြတယ် ထင်ပါရဲ့။ ကိုယ့်အိမ်ရှေ့ လေးတွေမှာ ကိုယ် ငုတ်တုတ် လေးတွေ ထိုင်ပြီး ငြိမ်နေ ကြပါတယ်။ သူရဿဝါက အဲဒီကျမှ တစခန်း ထတာ။ အမှန် ပြောရရင်တော့ အစဆွဲ ထုတ်တာပါ။ မတ်တပ် ထရပ်ပြီး တစ်ယောက်တည်း ပြောသလိုလိုနဲ့ အားလုံး ကြားအောင် လျှောက်အော် တာပါ။
“တောက်! တော်တော် ဒုက္ခပေးတဲ့ နာဂစ်၊ နာမည် ကအစ ကျက်သရေ မရှိတာ၊ တခြား မုန်တိုင်း နာမည် လေးတွေများ ကြည့်ပါလား၊ အယ်နီညိုတဲ့ လာနီညာတဲ့၊ နာမည်လေး ကြားရုံနဲ့တင် အတိုက်ခံ ချင်စရာ.. ခုတော့လား နာဂစ်တဲ့ နာလည်း နာဦးမယ် ဂစ်လည်း ဂစ်ဦးမယ်၊ ဘယ်လို လှည့်ခေါ်ခေါ်ကို ကျက်သရေ မရှိတဲ့ နာမည်.. ဒီကြားထဲ ဒင်းက နာမည်လေး မလှလို့များ ကရုဏာ သက်အောင် နေမလား မှတ်တယ်၊ ဟွန်း.. မပြော လိုက်ချင်ဘူး၊ တဝုန်းဝုန်း တဒိုင်းဒိုင်းနဲ့ မယားပါ သားနဲ့ ရန်ဖြစ်တဲ့ ပထွေး ကျနေတာပဲ.. ငါတို့ စုဘူးက ကိုဖြိုးနွယ်ကြီး မူးတာတောင် သူ့လောက် မလန်ဘူး၊ အဲ.. အဲလေ.. ခေါင်မိုးတွေ ပြောပါတယ်.. ကိုဖြိုးနွယ်ကြီးတောင် သူ့လောက် မသောင်းကျန်းဘူး”
တစ်ခွန်းတည်းပါ။ သူရဿဝါ ပြောလိုက်တာ တကယ့်ကို အဲဒီ တစ်ခွန်းတည်း။ ဒေါနဲ့မောနဲ့ မျက်နှာကို မဲ့ရွဲ့ပြီး တော့ကို ပြောပစ် လိုက်တာ။ စကားဆုံး သွားတော့ အားလုံး ခဏငြိမ်နေ ကြသေးတယ်။ ပြီးတော့ ခေါင်းလေးတွေ မတ်လာ ကြတယ်။ အဲ.. နောက်တစ်ဆင့်လည်း ကျရော
“ဟုတ်ပတော်.. အယ်နီညိုတို့ လာနီညာတို့..”
“အေးဗျာ.. အရင်က ဆိုလည်း တိုင်ဖွန်းတို့ ဆိုင်ကလုန်းတို့..”
“အိုး.. ဟာရီကိန်းမုန်တိုင်း ဆိုလည်း..”
“တော်နေးဒိုးတုန်းက ကျတော့..”
“အောင်မလေး.. ဆူနာမီကလေ..”
တစ်လမ်းလုံး ပါးစပ် မုန်တိုင်းတွေ တိုက်လိုက် ကြတာများ ညက ထက်တောင် ပြင်းသေးတယ်။ မုန်တိုင်းတွေ၊ လှိုင်းလုံး တွေကိုများ အားရပါးရ နာမည်ခေါ်ပြီး ပြောလိုက် ကြတာ တကယ့်ကို ဆွေမျိုး ရင်းချာကြီးတွေ ကျနေတာပဲ။ သူရဿဝါ ကတော့ ဘာမှ ထပ်မပြော တော့ပါဘူး။ စပြောခဲ့တာ ကိုယ်မဟုတ် တဲ့အတိုင်း အိမ်ထဲကိုပဲ ကုပ်ကုပ်ကလေး ဝင်လာ ခဲ့ပါတယ်။
ညဦးပိုင်း ကျတော့ အဖေက ပြောတယ်။ နာဂစ်က ယိုးဒယား ရောက်သွားပြီတဲ့။ သူရဿဝါလည်း အဖေ့ကို နောက်ချင်စိတ် ပေါ်လာတာနဲ့..
“ဟုတ်လား.. ဒါနဲ့ အဖေ့ကိုရော နှုတ်ဆက် သွားသေးလား”
“ဟေ..”
“ဘယ်ဖလိုက်နဲ့ သွားမယ်ပြောလဲ”
“ဟင်..”
“သူကျတော့ မိုက်တယ်နော်၊ ဗီဇာတွေ ဘာတွေ မလိုဘူး ဖွတ်ကနဲပဲ”
“ဟမ်.. ဟေ့ကောင်..”
“အဖေ့ဖို့ အပြန် လက်ဆောင်လေး ဘာလေး ဝယ်လာဖို့ရော မမှာလိုက်ဘူးလား”
“ဘာကွ.. မင်း.. မင်း..”
နောက်ပိုင်း ဇာတ်လမ်း ကတော့ သိတဲ့အတိုင်းပါပဲ ခင်ဗျာ။ စိန်ပြေး လိုက်တမ်းပေါ့။ သူရဿဝါ ကတော့ အေးဆေးပါပဲ။ ဟုတ်တယ်လေ။ ဘာမှ ပြန်လုပ်လို့ မရတော့ တာတွေ တွေးပြီး စိတ်ညစ် နေမယ့်အစား ပျော်ပျော်နေပြီး ပြန်တည်ဆောက် ကြတာက ပိုကောင်းတာပေါ့။ အဲဒီလိုပဲ ခံယူပါတယ်။
နောက်ထပ် တွေးမိတာ ကတော့ အဲဒီ နာဂစ်မုန်တိုင်း တိုက်တဲ့အချိန်မှာ မွေးတဲ့ ကလေး တွေလည်း ရှိချင် ရှိနေမှာလို့ သူရဿဝါ တွေးမိပါတယ်။ ရှိလည်း ရှိနိုင်ပါတယ်။ သူရဿဝါသာ ဆိုရင်တော့ အဲဒီ အချိန်မှာ မွေးတဲ့ ကလေးတွေကို အတိတ်ကောင်း နိမိတ်ကောင်း ယူတဲ့အနေနဲ့ မောင်နာဂစ်တို့၊ မနာဂစ် တို့ဆိုပြီး နာမည် ပေးပစ်လိုက် မှာပါပဲ။ ဟုတ်တယ်လေ။ မုန်တိုင်း တိုက်နေတဲ့ အချိန်မှာ မွေးတဲ့ ကလေးဟာ မုန်တိုင်းလိုပဲ ကြံ့ခိုင်သန်စွမ်း ပါစေဆိုတဲ့ အတိတ်နဲ့ မောင်နာဂစ်၊ မနာဂစ် ဆိုပြီး ပေးမှာ။ ဘယ်လောက် လှသလဲ။ စနေနေ့မှာ မွေးတဲ့ မောင်နာဂစ် ကလေး ဆိုတော့ နေ့တွေ နံတွေလည်း သင့်ပြီးသား။ ကြီးလာလို့ စာရေးဆရာတွေ ဘာတွေ လုပ်မယ် ဆိုလည်း ကလောင် နာမည် ထူးပြီး ရွေးနေစရာ မလိုတော့ဘူးပေါ့။
ဘာပဲဖြစ်ဖြစ် ပေါ့လေ။ ဒီရက်ပိုင်း အတွင်းမှာတော့ ဂျာနယ်၊ မဂ္ဂဇင်း၊ လူတွေ အားလုံးရဲ့ ပါးစပ်ဖျားမှာ ပရီးမီးယားလိဂ်၊ မန်ယူ၊ ရှာရာပိုဗာ၊ ဟီလာရီ ကလင်တန်၊ ဟော့ရှော့ ဆိုတာ တွေထက် နာဂစ် ကတော့ နေရာယူ ထားဦးမှာပါပဲ။ ဒီထက် ပိုဆိုးရင် “နာဂစ်နဲ့ တွေ့သလို ဘာဖြစ် သွားမယ် ညာဖြစ် သွားမယ်” ဆိုပြီး ဘန်းစကားတွေ ပေါ်လာ နိုင်တယ်။ သမီးရည်းစားတွေ ဆိုလည်း ကောင်လေးက ကောင်မလေးကို “ကိုယ့်အချစ်က နာဂစ်လိုပါ အချစ်ရယ်.. ပြင်းထန်တယ်.. အားကောင်းတယ်.. နာဂစ်လိုပဲ ထွားထွားကြီး အချစ်ရဲ့” ဆိုပြီး ချစ်သက်သေ ထူတာတွေ ဘာတွေတောင် ဖြစ်လာ နိုင်သေးတယ်။ ဒီထက် တဆင့်တက်ပြီး စီးပွားရေး သမားတွေ မျက်စိကျ သွားရင်တော့ ထုံးစံအတိုင်း နာဂစ် တီရှပ်တို့၊ နာဂစ် ကျွတ်ကျွတ်အိတ်တို့၊ နာဂစ် ဆီးထုပ် တို့တောင် ပေါ်လာ နိုင်ပါတယ်။ ခုတောင် နာဂစ်ကို အသုံးချပြီး သူရဿဝါအတွက် ပို့စ်တစ်ခု ရသွားပြီ မဟုတ်လား။
သူရဿဝါ
၁၆ - မေ - ၂၀၀၈
Image source; Images.google.com
ကောင်းပါတယ်ဗျာ။ ဒုက္ခကို အရောင် ဆိုးမယ့်အစား ဟာသ ဖြစ်အောင် စွမ်းဆောင်နိုင်တဲ့ ခေါင်းကိုတော့ လေးစားပါတယ်။
ReplyDeleteငိုနေမယ့် အစား ရယ်နေနိုင်တာကိုက ပါရမီပဲ