ငါက
လေလွင့်နေတဲ့ကောင်
ဝေးနေဦးမယ်မှန်းသိသိနဲ့
နာရီလက်တံတွေကိုပဲ
ထိုင်ကြည့်ရင်း
လေလွင့်နေတဲ့ကောင်
အဲဒီ မျက်နှာလေးကို မြင်ရဖို့သက်သက်
အိပ်မက်ဆိုးတွေကိုတောင်
လက်ခံရင်း
လေလွင့်နေတဲ့ကောင်
ဘယ်တော့မှပြီးအောင်
တီးလို့မရတဲ့ သီချင်းအတွက်
စိတ်ပျက်လက်ပျက်
ငြီးငြူရင်း
လေလွင့်နေတဲ့ကောင်
အဲဒီ လမ်းလေးရှေ့
မှာပဲ ခေါက်တုံ့ခေါက်ပြန်
မသေချာခြင်းနဲ့
ရူးမိုက်ခြင်းကို
စည်းချက်ညီညီလှမ်းရင်း
လေလွင့်နေတဲ့ကောင်
ကောက်ကိုင်လိုက်မိတဲ့ ဝတ္ထုစာအုပ်ကလည်း
ညီမလေး
မှန်ထဲကြည့်မိတဲ့ကိုယ့်အရိပ်ကလည်း
ညီမလေး
ပိုက်ဆံအိတ်ထဲက ရုပ်ရှင်လက်မှတ် အဟောင်းကလည်း
ညီမလေး
ကုန်ကုန်ပြောရရင်
ရေးလက်စကဗျာကလည်း
ညီမလေးဖြစ်နေပြန်တော့
အချစ်နဲ့အလွမ်းဟာ
ထိမရကိုင်မရစိတ္တဇနာမ်ဆိုတာ
လက်မခံနိုင်ဘူး။
ငေးရင်း တွေးရင်း
ရေးရင်းနဲ့ပဲလေလွင့်
ငါက လေလွင့်နေတဲ့ကောင်
လေလိုပဲလွင့်လွင့်နေတဲ့
လေလွင့်နေတဲ့ကောင်။
သူရဿဝါ
၁၆ - မေ - ၂၀၀၈
Image source; Images.google.com
No comments:
Post a Comment