ကျွန်တော် သိပ်ကြိုက်တဲ့ ကဗျာလေး တစ်ပုဒ် အကြောင်း ပြောချင် ပါတယ်။ ဆရာကြီး မင်းသုဝဏ်ရဲ့ ကဗျာလေးပါ။ ရိုးရိုးတမ်းတမ်း ဖတ်ရင်တော့ ဘာမှ မဟုတ်တဲ့ သာမာန် လေးချိုး ကဗျာလေး တစ်ပုဒ်ပါ။ ဒါပေမဲ့ တစ်ပုဒ်လုံးကို သေချာဖတ်ပြီး စကားလုံး တစ်လုံးချင်း၊ တစ်ပိုဒ်ချင်း တွေးကြည့်ရင် သိပ်ကို ရသမြောက်တဲ့၊ လှပတဲ့ ကဗျာတစ်ပုဒ် ဆိုတာ တွေ့နိုင် ပါတယ်။ ကဗျာ လေးကို ဖတ်ကြည့်ပါဦး။ အားလုံးလည်း ဖတ်ဖူးကြမယ် ထင်ပါတယ်။
လယ်တောကအပြန်
ပန်ချင်တယ် ခရေဖူးဆိုလို့
မောင်ခူးကာပေး
မနက်တုန်းဆီက
ကျော့ထုံးကိုမောင်မြင်တော့
သူ့ဆံပင်နှင်းဆီပွင့်တွေနှင့်
ဂုဏ်တင့်တယ်လေး။
ကဗျာပါ စာသားတွေအရ အချစ် အကြောင်းကို နုနုရွရွလေး ရေးသွားတာ ဖြစ်ပါတယ်။ ယေဘုယျ ဆိုရင် သူ့ချစ်သူ ကောင်မလေးက ခရေပန်းလေး ပန်ချင်တယ် ဆိုလို့ ကောင်လေးက ခူးပေး လိုက်ပါတယ်။ နောက်နေ့ မနက်မှာ သူ့ကောင်မလေး ခေါင်းပေါ်ကို ပြန်ကြည့်တော့ သူခူးပေးတဲ့ ခရေတွေကို မပန်ထား တော့ဘဲ နှင်းဆီ တွေသာ သူ့ကောင်မလေးရဲ့ ခေါင်းထက်မှာ နေရာယူကုန် ကြပါတယ် ဆိုပြီး ရေးထားတာပါ။ အပေါ်မှာ ပြောခဲ့သလိုပဲ၊ စကားလုံး တစ်လုံးချင်း ကအစ သေချာဖတ်ပြီး သေချာ တွေးရင်တော့ ကဗျာထဲက ကောင်လေးရဲ့ စိတ်ထားကိုပါ မြင်နိုင် ပါတယ်။
ကောင်လေးရော၊ ကောင်မလေး ရောဟာ တောသူ တောင်သား တွေပါ။ ကောက်စိုက်ပြီး လယ်တောက အပြန်မှာ ကောင်မလေးက သူ့ချစ်သူကို ပူဆာပါတယ်။ ခရေဖူး ပန်ချင် ပါတယ်တဲ့။ ခရေပန်းတောင် မဟုတ်တဲ့ ဖူးစနုစ ခရေ အငုံအဖူး လေးကိုမှ ပန်ဆင် ချင်တာပါ။ ကောင်လေး ကလည်း ခါတိုင်း ဆိုရင်တော့ ချစ်သူ အတွက်ဆို ကောင်းကင်တမွတ် ကြယ်ကိုပင် ဆွတ်စေတော့ ဘာညာတွေ လျှောက်ပြော ထားတယ် ထင်ပါတယ်။ ခရေဖူးလောက် ကတော့ ရအောင် ခူးပေး ရမှာပေါ့ ဆိုပြီး မြေပေါ် ကြွေမကျခင် အပင်ပေါ်မှာ ဖူးစပွင့်စ ခရေဖူး လေးတွေကို တယုတယ ခူးပေး လိုက်ပါတယ်။
နောက်နေ့ မနက်ကျတော့ ကောင်လေးက လယ်တော မသွားခင် သူခူးပေး ထားတဲ့ ခရေဖူး လေးတွေ ပန်ပြီး သူ့ချစ်သူ တအားလှ နေမှာပဲ ဆိုတဲ့အတွေးနဲ့ ကောင်မလေးကို သွားချောင်း ကြည့်ပါတယ်။ အဲဒီအချိန် မှာတော့ သူ့ချစ်သူရဲ့ ဆံနွယ် ခွေခက်တွေ ကြားမှာ သူပန်ဆင် ပေးခဲ့တဲ့ ခရေဖူး လေးတွေ မရှိရှာ တော့ပါဘူး။ ရဲရဲနီတဲ့ နှင်းဆီပွင့်ဖတ် တွေကို သူ့ချစ်သူက ပန်ဆင်ထား လိုက်ပါပြီ။ အဲဒီမှာ ကဗျာထဲက ကောင်လေးရဲ့ စိတ်သဘောထားကို ဆရာကြီး မင်းသုဝဏ်က လှစ်လှစ်ကလေး ပြထားပါတယ်။ သူခူးပေး ထားတဲ့ ခရေဖူးတွေကို ပန်မထားဘဲ နှင်းဆီတွေ ပန်ထားတဲ့ သူ့ကောင်မလေးကို မြင်တဲ့အခါမှာ ကောင်လေးက ဝမ်းနည်းသွား ရှာပါတယ်။
“မနက်တုန်းဆီက၊ ကျော့ထုံးကို မောင်မြင်တော့၊ သူ့ဆံပင် နှင်းဆီပွင့် တွေနှင့်၊ ဂုဏ်တင့် တယ်လေး” လို့ ရေးထားတာ ကလည်း အကြောင်းမဲ့ မဟုတ်ပါဘူး။ သူ့ချစ်သူ ဘာလုပ်လုပ် စိတ်မနာ ရက်တဲ့ သဘောလေး ရေးပြထားတာ ဖြစ်ပါတယ်။ တကယ်ဆို သူ့ဆီပင် နှင်းဆီပွင့် တွေနှင့် ဘာဖြစ် တယ်လေး၊ ညာဖြစ် တယ်လေး ဆိုပြီး အပြစ်တင်တဲ့ လေသံမျိုး၊ စိတ်ဆိုးတဲ့ ပုံစံမျိုး ရေးလိုက်လို့ ရပါတယ်။ ဒါပေမဲ့ ကောင်လေးရဲ့ စစ်မှန်တဲ့၊ အနစ်နာခံတဲ့ ချစ်ခြင်းကို ပြချင်တဲ့ အတွက် သူခူးပေးတဲ့ ခရေဖူးကို မပန် ပေမယ့်လည်း သူစိတ်မဆိုး ရက်ပါဘူး။ သူ့ချစ်သူက နှင်းဆီပွင့်လေး ပန်ပြီး သိပ်ကို ကျက်သရေရှိရှိ လှပနေ ပါတယ် လို့တောင် သူက ချီးကျူးလိုက် ပါသေးတယ်။ ဒါဟာ ကောင်လေးရဲ့ ရိုးသား စစ်မှန်တဲ့၊ စွန့်လွှတ် အနစ်နာ ခံနိုင်တဲ့ သဘောထား ကြီးမှုကို ပြတာပါပဲ။
ကဗျာ တစ်ပုဒ်လုံး အနေနဲ့ ခြုံပြီး စဉ်းစားမယ် ဆိုရင်လည်း သူ့ချစ်သူ လိုချင်တာ မှန်သမျှ၊ ပူဆာတာ မှန်သမျှကို ဖြည့်ဆည်းပေးဖို့ အမြဲအသင့် ရှိပါတယ်။ အဲဒီလို ချစ်မိတဲ့ ကြားကမှ ကောင်မလေးက သူ့ကိုပစ်ပြီး နောက်တစ်ယောက်နဲ့ လက်တွဲ သွားမယ် ဆိုရင်တောင် သူ့ဖက်က စိတ်မနာ နိုင်ဘဲ ကောင်မလေးကို ရိုးမြေကျ ကြည်ကြည်သာသာ ချစ်နေမှာပါလို့ သွယ်ဝိုက် ရေးပြလိုက် တာလည်း ဖြစ်ပါတယ်။ သိပ်ကို ဆွတ်ပျံ့စရာ ကောင်းတဲ့၊ ဘာမဟုတ်တဲ့ အဖြစ်အပျက် လေးကို တစ်ဘဝလုံးနဲ့ တင်စားပြီး ဆရာကြီး မင်းသုဝဏ်က ရေးပြထား ခဲ့တာပါ။ ကဗျာ ရေးချင်တဲ့ မိတ်ဆွေတို့ အတွက် အထောက်အကူ ဖြစ်နိုင်တဲ့ ကဗျာ တစ်ပုဒ်လည်း ဖြစ်ပါတယ်။ ကဗျာရဲ့ ရသ ဆိုတာ၊ ကဗျာရဲ့ အဆီအနှစ် ဆိုတာ ဒါပဲကွလို့ ဆရာကြီးက သင်ပေးခဲ့ တာပါပဲ။
အဲဒါကြောင့် ကျွန်တော့် အနေနဲ့ ပြောချင်တာလေး တစ်ခုက ဘယ်လို ကဗျာမျိုး ကိုပဲ ဖတ်ဖတ်၊ တစ်ကြောင်းချင်း သေချာဖတ်ပါ။ စကားလုံး တစ်လုံးချင်းစီရဲ့ လေးနက်မှုကို ရသလောက် ရှာဖွေပါ။ ကဗျာရဲ့ အမြုတေကို ရှာတွေ့ပြီ ဆိုရင် ကဗျာတိုင်းကို တန်ဖိုး ထားတတ်လာ ပါလိမ့်မယ်။ ကိုယ်တိုင် ကဗျာရေးတဲ့ အခါကျရင်လည်း အဲဒီ အချက်အလက် တွေက သိပ်ကို အထောက်အကူ ပြုလာ ပါလိမ့်မယ် ဆိုတာပါပဲ။
၀၂ - ဧပရယ်လ် - ၂၀၀၈
Image source; Images.google.com
No comments:
Post a Comment