အဲဒီခေတ်မှာ လူဟာလူမဟုတ်ကြတော့
သတ္တုရိုးတံတပ်
အေးစက်စက်လက်ဖဝါးတွေနဲ့
တစ်ယောက်ကိုတစ်ယောက်
လက်ဆွဲနှုတ်ဆက်ကြမယ့်ခေတ်
အဲဒီခေတ်ကိုသွားမယ်ဆို
ငါ့ကိုတစ်ယောက်တည်းထားရစ်ခဲ့၊
ချန်ခဲ့။
ရီမုကွန်ထရိုးလ်နဲ့
လရောင်အလင်းကို
လိုသလိုချိန်ဆသုံးစွဲ
သဘာဝတရားကို
နာရီလက်တံလှည့်သလို
စိတ်ကြိုက်လှည့်လို့ရတဲ့ခေတ်
အဲဒီခေတ်ကိုသွားမယ်ဆို
ငါ့ကိုတစ်ယောက်တည်းထားရစ်ခဲ့၊
ချန်ခဲ့။
စွန့်စားမှုမရှိသော ရာနှုန်းပြည့်သေချာခြင်းလောကဓံ
ရှေ့ကိုသွားတိုင်း
ရှေ့ကိုရောက်နိုင်တဲ့
ခေါက်ရိုးကျိုး
သိပ္ပံလွန်လူသားတွေရဲ့ခေတ်
အဲဒီခေတ်ကိုသွားမယ်ဆို
ငါ့ကိုတစ်ယောက်တည်းထားရစ်ခဲ့၊
ချန်ခဲ့။
တိုးတက်လွန်ကဲလွန်းသော
လိင်မှုဆက်ဆံရေးမှာတောင်
ချစ်ခြင်းတရားဆိုတာကို
ကယ်လိုရီအချိုးချပြီး
ဖော်ဆောင်ကြမယ့်ခေတ်
အဲဒီခေတ်ကိုသွားမယ်ဆို
ငါ့ကိုတစ်ယောက်တည်းထားရစ်ခဲ့၊
ချန်ခဲ့။
အခုကမ္ဘာမှာ
တစ်ယောက်နဲ့တစ်ယောက်
ဂုဏ်တုဂုဏ်ပြိုင်တွေရှိချင်ရှိမယ်
လောဘတက်နေနဲ့
အဆီတဝင်းဝင်းမျက်နှာတွေရှိချင်ရှိမယ်
နယ်မြေလုတဲ့
စစ်ပွဲတွေရှိချင်ရှိမယ်
ဘာပဲဖြစ်ဖြစ်
စက်ရုပ်ဆန်သော
မျက်လုံးစိမ်းစိမ်းတွေထက်စာရင်
လူငွေ့လူရိပ်ပူလောင်သော
လက်ရှိကမ္ဘာမှာပဲ
ငါနေမယ်။
ပြောခဲ့သလို ခေတ်ကြီးဆီကို
အားလုံးသွားကြမယ်ဆိုရင်တောင်
ငါ့ကိုတစ်ယောက်တည်းထားရစ်ခဲ့၊
ချန်ခဲ့။
ပူပူလောင်လောင်နေရောင်အောက်မှာ
ခြေရာတွေကင်းရှင်းသွားသော
မြေဆီမြေသားပေါ်မှာ
ငါ့ကိုတစ်ယောက်တည်းထားရစ်ခဲ့
စိတ်ချလက်ချ
ချန်ခဲ့။
သူရဿဝါ
၀၂ - ဧပရယ်လ် - ၂၀၀၈
ပန်းအလင်္ကာမဂ္ဂဇင်း၊ ဧပရယ်လ်၊ ၂၀၁၀
Image source; Images.google.com
What a great poem... I like your thoughts. Keep it up naw.
ReplyDelete