မင်းစိတ်ကူးတွေက ငါ့ဆီကျန်ခဲ့တာလား
ငါ့စိတ်ကူးတွေကိုပဲ မင်းယူဆောင်သွားတာလား
ဘာပဲဖြစ်ဖြစ်
အချစ်ဆိုတာကတော့ ပွဲတော်ညရဲ့
ရွှန်းစိုစိမ်းမြ ဂီတဖြစ်လိမ့်မယ် သံစဉ်။
မင်းကိုပေးမယ့် ငါ့လက်ဆောင်ဟာ
ပန်းတစ်ပွင့်မဟုတ်
ရင်ထိုးတစ်ခုမဟုတ်
(ငါ့အထင်)
အဲဒါတွေက ရိုးလွန်းလှတယ်
ငါ့ကိုယ်ငါ ရနံ့တွေထုံဝေဝေ ပစ်ထည့်ပြီး
မင်းအိပ်မက်ထဲ ချိတ်ဆွဲပေးထားချင်တာပဲ သံစဉ်။
ငါ့အချစ်က နေရာသတ်မှတ်ချက်မရှိ
ဆိုကြပါစို့
ဖတ်လက်စစာအုပ်ထဲက
မျဉ်းတားလိုက်တဲ့စာကြောင်းကလည်း.. မင်း
နားထောင်ဖြစ်တဲ့သီချင်းကလည်း.. မင်း
သောက်လက်စကော်ဖီခွက်ကလည်း..မင်း
ကဲ.. ငါ့ကို ဘယ်လိုဝေဖန်သုံးသပ်
ရူးနေတာလို့ မင်းခေါင်းစဉ်တပ်မလဲ သံစဉ်။
ငါ့ရှေ့မှာ ထီးထီးမားမားရပ်ပါ
ဩဇာပါတဲ့ မျက်ဝန်းတွေနဲ့ ကြည့်ပါ
လိုချင်သမျှကို လက်ညှိုးညွှန်ပြပါ
အမိန့်တော်မှန်သမျှကို ဦးညွှတ်ဒူးထောက်
မင်းရှေ့မှောက်မှာဆို ငါက
လက်အောက်စေပါးတစ်ယောက်ပေါ့ သံစဉ်။
လရောင်အခင်းအကျင်းက လဲ့မြူဖြာကျ
စူးမြမြလေး မင်းပြုံးနေသလား
အတွေးကို အလိုက်သင့်အလျားသင့် ဆန့်ထုတ်ကြည့်တဲ့အခါ
ငါ့ချစ်ခြင်းတွေကလည်း
ဘယ်တော့မှ ရပ်တန့်မှာမဟုတ်တဲ့
ခရီးသည်တစ်ဦးဖြစ်နေဦးမယ် မိသံစဉ်။
အဲဒီနေ့မှာ..
ပန်းမျိုးစုံ ထုံထုံဝေဝေပွင့်လာလိမ့်မယ်
တူရိယာသံမျိုးစုံ ချိုချိုအီအီလွင့်ပျံ့လာလိမ့်မယ်
အလင်းမီးအိမ်တွေလည်း စူးစူးတောက်တောက် လင်းလျှံလာလိမ့်မယ်
အဲဒီနေ့မှာပဲ
သင်းထုံတဲ့ ဥယျာဉ်တော်ကြားမှာ
ငါ့ရင်ခွင်ထဲ မင်းကခေါင်းညွှတ်မှီအပ်
ငါကလည်း ချစ်တဲ့အကြောင်းကို
အပ်ကြောင်းထပ် ပြောပြနေမိပေလိမ့်မယ် သံစဉ်။
သူရဿဝါ
၁၉ - မာ့ချ် - ၂၀၀၈
Image source; Images.google.com
No comments:
Post a Comment