Monday, February 11, 2008

Valentine’s Day နှင့် သူရဿဝါ၏ ဘော်ဒါများအကြောင်း


 

လာမယ့် ဖေဖော်ဝါရီ ၁၄ ရက်နေ့ဆို ချစ်သူများနေ့ ရောက်ပြီ။ ရည်းစားရှိတဲ့ ကောင်လေးတွေ ကောင်မလေးတွေကတော့ အဲဒီနေ့ကို ကြိုပြီး စိတ်ကူးယဉ် နေလောက်ပြီပေါ့။ အဲဒီနေ့ကျရင် ဘယ်သွားကြမယ်၊ ဘာတွေ လုပ်ကြမယ် အစချီပြီး တိုင်ပင် နေလောက်ပြီပေါ့။ သနားစရာ ကောင်းတဲ့ သူရဿဝါလေး ခမျာတော့ ယောင်လည်လည်နဲ့ ဘာလုပ်လို့ လုပ်ရမှန်း မသိအောင်ပါပဲ။ သူများ အတွဲတွေ ဗယ်လင်တိုင်း၊ ဗယ်လင်တိုင်းနဲ့ တဗယ်တည်း ဗယ်နေကြတာကို ကြည့်ပြီး စိတ်ပေါက်ပေါက်နဲ့ “သူတို့ ဗယ်လင်တိုင်းရင် ရည်းစားမရှိတဲ့ ငါက ညာလင်တိုင်းမယ်ကွာ” လို့ ခပ်ရွဲ့ရွဲ့ တွေးပစ်လိုက်တယ်။ ဘာပဲဖြစ်ဖြစ်ပါလေ။ သေချာတာကတော့ အဲဒီနေ့ အိမ်ထဲမှာပဲ ဖက်ခေါင်းအုံးကို ရည်းစားလုပ်ပြီး စကားပြော ရတော့မှာ။ ဒါမှမဟုတ်လည်း သူရဿဝါနဲ့ ဘဝတူတွေ ဖြစ်တဲ့ ဂေါ်မစွံ ပင်ဂွင်းတို့၊ ခေါစာပစ်လို့မှ သရဲမစားတဲ့ စိုးမိုးတို့၊ ငှက်ပျောတုံးဝိုင် တို့နဲ့ပဲ သွားပြီး အချိန်ဖြုန်းရင် ကောင်းမယ် ထင်တယ်။

 ဟာ၊ မဖြစ်သေးပါဘူးလေ။ သူတို့ဆီသွားရင် သူရဿဝါ Roll ကျသွားလိမ့်မယ်။ ကိုယ်က ရည်းစား မထားချင်လို့ မထားတာ။ သူတို့တွေက အဲဒီလိုမဟုတ်ဘူး။ ခိုးချင်လိုက်တာလည်း ပြာလို့၊ လက်နှေးလိုက်တာလည်း ချာလို့ဆိုတဲ့ အကောင်တွေ။ ရည်းစား ထားချင်တာလည်း သူတို့အပြင် မရှိ။ ဘဝပေး ကုသိုလ်ကံ မကောင်းလို့ ရုပ်ဆိုးတာကိုတော့ မပြောလိုပါဘူး။ အဲ၊ ရူပါလေး မကောင်းလို့ ဗျူဟာလေး လန်းမလားလည်း မျှော်လင့်လို့ကမရ။ သူတို့ကြိုက်တဲ့ ကောင်မလေးကို မြင်လို့ကတော့ ဗို့အား ၁၆၀၀၀ ကို မျက်လုံးထဲ ထည့်ပြီး ပြူးတူးပြဲတဲ ကြည့်ကြတာ။ အကြည့်ခံရတဲ့ ကောင်မလေးက သူ့ကိုကြိုက်လို့ ကြည့်တယ်မထင်ဘူး။ ဧည့်စာရင်းစစ်မယ့် ရပ်ကွက်လူကြီး ထင်ပြီး တချိုးတည်း လစ်တာ။ ကိုယ့်ဘော်ဒါတွေက အဲဒီလိုပါဆို။ ဘယ်လိုမှ သင်ပေးလို့လည်း မရဘူး။

 သူရဿဝါက သူတို့ကို ပြောပါတယ်။ မိန်းကလေး တစ်ယောက်ကို ရူပါ ကျွေးချင်ရင် အရင်ဆုံး ကိုယ့်မျက်လုံးကို အရောင်တွေ လဲ့နေအောင် ကျင့်လို့။ အဲဒါကို ဂေါ်မစွံ ပင်ဂွင်းက ဘယ်လို ပြန်မေးတယ် အောက်မေ့လဲ။ “အွန်.. အရောင်တွေ လဲ့နေအောင် ကိုယ့် မျက်လုံးကိုယ် ဓာတ်မီးနဲ့ ထိုးထား ရမှာလား” တဲ့။ ကဲ၊ ဘယ်လောက်များ အခြေခံ မဆန်လိုက်တဲ့ ကောင်လဲ။ မိန်းကလေး မြင်ရင် ငမ်းချင်တာကျတော့ သူကအဆိုးဆုံး။ ကောင်မလေး တစ်ယောက်ကိုများ မြင်တာနဲ့ မျက်နှာကြီးကို ပြုံးဖြဲဖြဲလုပ် လက်နှစ်ဖက်ကို ဆန့်ပြီး တကယ့် ပင်ဂွင်း တစ်ကောင်လို ခုန်ဆွခုန်ဆွ လုပ်တာ။ နန့်နန့်ကို တက်နေတာပဲ။

 ခေါစာစိုးမိုး ကျတော့တမျိုး။ သူရဿဝါကို လာ, လာမေးတယ်။ မိန်းကလေး တစ်ယောက်က ဘာတွေ ကြိုက်လဲတဲ့။ သူရဿဝါ သင်ပေးပါတယ်။ ကိုယ်ကြိုက်နေတဲ့ ကောင်မလေးကို ဂရုစိုက်ပြရင် သူတို့က သဘောကျတယ်။ ဥပမာ၊ ကောင်မလေးနဲ့အတူ ထမင်းဆိုင်မှာ ထမင်း စားကြမယ် ဆိုပါတော့၊ သူစားမယ့် ဇွန်းတွေ၊ ခက်ရင်းတွေကို ကိုယ်က တစ်ရှူးလေးနဲ့ တယုတယ သုတ်ပေးတာမျိုးဆို သိပ်သဘောကျတာ၊ အဲဒီ အချိန်မှာလည်း ကိုယ်က ကောင်မလေးကို အကြင်နာ ပြည့်တဲ့ မျက်နှာပေးမျိုးနဲ့ ကယုကယင် ကြည့်ပေါ့လို့။ အမယ်လေး၊ ခေါစာစိုးမိုးတို့ သူရဿဝါကို လေးစား သွားတာများ အာဘွား မပေးရုံတမယ်ပါပဲ။ တကယ် လုပ်တော့တလွဲ။ သူကြိုက်တဲ့ ကောင်မလေး နဲ့အတူ ပလာဇာ သွားတယ်လေ။ ပြီးတော့ ဂျေဒိုးနပ်မှာ ဝင်ထိုင်တယ်။ ကောင်မလေးက အအေး သောက်မယ် ဆိုတော့ စိုးမိုးအတွက် ဖော်မြူလာ ပျောက်တာပေါ့။ ဇွန်းတွေ၊ ခက်ရင်းတွေ၊ တစ်ရှူးနဲ့ သုတ်ပေးလို့ မရတော့ဘူး။ ဘာလုပ်တယ် ထင်လဲ။ ကောင်မလေး မှာထားတဲ့ နို့အေးခွက်ကို ဆွဲယူပြီး နှာခေါင်းနားကပ် အနံ့ခံတယ်။ ပါးစပ်ကလည်း ပြောလိုက်သေး။

 

“နို့.. နို့လေ.. မွှေးတယ်နော်.. အဟီး”

သူကတော့ ဂရုစိုက်တာပါ။ သူရဿဝါ ဖော်မြူလာကို တသဝေမတိမ်း လိုက်နာတာပါ။ သူ ဂရုစိုက် ပြတယ်လေ။ အကြင်နာပြည့်တဲ့ မျက်နှာပေးကြီးနဲ့လည်း ပြုံးပြုံးကြီး ပြောတာပါ။ ဒါပေမဲ့ အခြေအနေနဲ့ အချိန်အခါကိုမှ မသိတာ။ ကောင်မလေးက ပေါက်ကွဲ သွားတာပေါ့။ အဲဒါလည်း ခေါစာစိုးမိုးတို့က မသိဘူး။ သူဂရုစိုက်ကြောင်းကို ထပ်ပြီး သက်သေပြလိုက်သေး။ အဲဒီ နို့အေးခွက်ကို တစ်ရှူးနဲ့ ပယ်ပယ်နယ်နယ် သုတ်ပေးတာ။ မျက်နှာကလည်း ပြုံးဖြီးဖြီးကြီးလေ.. အကြင်နာ အပြည့်နဲ့ပေါ့။

 

“နို့လေ.. သုတ်ပေးမယ်နော် ဟီး”

သူ့စကားလည်းအဆုံး သူ့ပါးလည်း ချက်ချင်းကို ငရဲကျ တော့တာပဲ။ ပထမ ကတည်းက သောက်မြင်ကပ်နေတဲ့ ကောင်မလေးက သူ့ကို မဖွယ်မရာတွေ ပြောတယ်ထင်ပြီး ပါးချသွားတာများ။ အသံ အောင်လွန်းလို့ ဂျေဒိုးနပ်ထဲမှာ ကြေးစည်ဝင် ထုလိုက်သလိုပဲ။ ခေါစာစိုးမိုးတို့က အဲဒီလို လူရည် မလည်တာလေ။ အဲ၊ ငှက်ပျောတုံး ဝိုင်ကလည်း သူ့ “ဇ” လေးနဲ့သူ ခင်ဗျ။ ဒီကောင်ကျတော့ အသေအလဲ ရည်းစားလိုချင်တာ။ ဒါပေမဲ့၊ သူရဿဝါကိုလည်း သူက အောက်ကျခံပြီး နည်းလမ်း မတောင်းချင်ဘူး။ သူအရည်အချင်း မရှိဘူး ဖြစ်မှာစိုးလို့။ ဝိုင် နည်းလမ်းရှာပုံက မိုက်တယ်ခင်ဗျ။ သူရဿဝါကို ဘယ်လို ရည်းစားစကား ပြောရမလဲဆိုတာ တဲ့တိုး မမေးဘူး။ ဟိုလိုလုပ်ရင် ကောင်းတယ် ထင်တယ်ကွ၊ ဒီလိုလုပ်ရင် အဆင်ပြေ နိုင်တယ်ကွ ဆိုပြီး သူ့အထင်ကိုသူ ပြန်ပြောပြတဲ့ ပုံစံမျိုးနဲ့။ မျက်နှာကိုလည်း ချီနေတာပဲ။ သူရဿဝါလည်း သောက်မြင်က ကပ်ပါလေရော။ အဲဒါနဲ့ ငှက်ပျောတုံးကောင်ကို အရောက်ပို့လိုက်တယ်။

 

“ဒီလို.. သူငယ်ချင်းရ၊ မိန်းကလေး တစ်ယောက်ကို ရည်းစားစကား ပြောချင်ရင် ချက်ချင်း ပြောလို့ မရဘူးကွ၊ မင်းကို သူက လိုလားတဲ့ပုံစံ ရှိ-မရှိ အရင် ကြည့်ရတယ်”

“ဟ ဟ.. ဒီလောက်တော့ မင်းမပြောလည်းသိပါတယ်ကွာ”

မြင်ပြင်းကပ် လိုက်တာလေ ပြောမနေနဲ့။ အဲဒါနဲ့ ပြန်ပြီး ဘုတော ပစ်လိုက်တယ်။

 

“သိလည်း ပြီးတာပဲပေါ့ကွာ၊ ငါပြောစရာ မလိုတော့ဘူးပေါ့”

အဲဒီလိုကျတော့လည်း မဟုတ်ပြန်ဘူး။ သောက်မြင်ကပ်အောင် ထပ်ပြောပြန်ရော။

 

“ဒါပေမဲ့ ပြောချင်ရင်တော့ ပြောကြည့်လေ၊ ငါ့အမြင်နဲ့ တူ-မတူ သိရတာပေါ့”

“အေး၊ လိုလားတဲ့ ပုံစံကို ရောက်အောင် မင်းက ဖန်တီးယူရမယ်၊ သူတို့ ကြိုက်တတ်တဲ့ အရာတွေ အကြောင်း ပြောပြီး ကိုယ့်ကို လိုလိုလားလား စကား ပြန်ပြောအောင် လုပ်ရမယ်၊ ဒီခေတ် မိန်းကလေးတွေ ဆိုကွာ၊ ကိုရီးယားကား ပရိသတ်တွေ ဆိုတော့ သူတို့ကို ကိုရီးယား မင်းသမီးလေးနဲ့ တူတယ်လို့ ပြောရင် သိပ်သဘောကျတာ၊ ပြီးတော့ သူ့ကို ကိုယ့်စိတ်ထဲမှာ ဘယ်လို သဘောထားတယ် ဆိုတာ ပြောပြရမယ်၊ ပြောတဲ့ နေရာမှာလည်း ကဗျာဆန်ဆန်လေး ပြောတတ်ရတယ်”

“အာ၊ ငါ ကိုရီးယားကား မကြည့်တော့ မင်းသမီး နာမည်တွေ မသိဘူးလေကွာ.. ပြီးတော့ ကဗျာဆန်ဆန်လည်း ငါမပြောတတ်ဘူးကွ”

“အဲဒါများ ငါသင်ပေး မှာပေါ့ကွာ၊ ဒီလိုလုပ် မင်းကောင်မလေးကို တွေ့ရင် သူ့ကို ကိုရီးယား မင်းသမီးလေး ဆိုစအင်နဲ့ တူတယ်လို့ပြော၊ သူသဘောကျမှာ ကျိန်းသေပဲ၊ ပြီးရင် ကဗျာဆန်ဆန်လေး မထိခလုပ် ထိခလုပ်ပြော၊ မင်းကို ကိုယ့်နှလုံးသားက လူရင်းလို့ သတ်မှတ် ထားတာပါ ကောင်မလေးရယ်လို့၊ အဲဒါဆို အဆင်ပြေပြီကွာ ဟဲဟဲ”

ငှက်ပျောတုံး ဝိုင်လည်း သဘောတွေ အကျကြီး ကျသွားတာပေါ့။ သူရဿဝါ ကတော့ သိနေပြီလေ။ ဘာတွေ ဆက်ဖြစ်မလဲ ဆိုတာကို။ နောက်နေ့ ကျတော့ ဒီကောင် ဒဂုံတက္ကသိုလ် ထဲမှာ သူ့ကောင်မလေးကို သွားရှာတယ်။ ကောင်မလေးကလည်း ပရက်တီကယ်လ် အချိန်ပြီးလို့ အဆောင်ပြင် ထွက်လာတာ။ ဝိုင်တို့ ဘာပြောကောင်းမလဲ။ ကော့ကော့မော့မော့ လိုက်သွားတာပေါ့။ ပြီးတော့ ကောင်မလေးနား ကပ်ပြီး စကားတွေ စပြောတာ။

 

“ညီမလေး.. နင့်ကိုငါ ဘယ်သူနဲ့ တူပါလိမ့်လို့ ကြည့်နေတာ၊ လက်စသတ်တော့ ကိုရီးယား မင်းသမီးလေး ဆိုစအင်နဲ့ တူတာပဲဟ”

“ဟယ်၊ တကယ်လား အိုပရဲ့ အဟိ၊ ဒါနဲ့ အဲဒီ မင်းသမီးက အသစ်လား၊ တစ်ခါမှ မကြားဖူးဘူး”

“ဟုတ်တယ်လေ၊ မင်းသမီး အသစ်ကလေး.. အဟဲ”

ငှက်ပျောတုံးကောင် သဘောတွေ ကျသွားတယ်။ ကောင်မလေး ကလည်း သူ့ကို လိုလိုလားလား လက်ခံ စကားပြောတာကိုး။ ဒါနဲ့ ဒုတိယ ခြေလှမ်းကို စပြီး ပြင်လိုက်တယ်။

 

“ညီမလေးကို အစ်ကို ပြောချင်တာလေး တစ်ခုရှိတယ်၊ နားထောင်မလားဟင်”

“အင်း.. ပြောလေ”

ဟား၊ ဒီကောင် သိပ်ပျော်သွားတာပေါ့။ သူ့ရဲ့ အဆီပြန်နေတဲ့ နှာခေါင်းကြီးကို ရွှတ်ခနဲ တစ်ချက် ပွတ်လိုက်တယ်။ ပြီးတော့မှ

 

“ညီမလေးကိုလေ.. အစ်ကို့ နှလုံးသားထဲမှာ လူရင်းလို့ သတ်မှတ်ချင်တယ် ရမလားဟင်”

“အော်.. ရပါတယ် အိုကြီးအိုမရဲ့၊ အဲလေ.. ကိုကြီးအိုပရဲ့ အဟိ”

“ဒါဆို တကယ် သတ်မှတ် လိုက်ပြီနော်.. လူရင်းမလေး”

“ဟုတ်.. သမီးကို လူရင်းလို သတ်မှတ်တာ၊ လူရင်းလို၊ အန်.. လူရင်းဆိုတော့ လင်ရူး၊ ဟာ.. မသာကြီး ငါ့ကို ဆဲတယ်ပေါ့၊ ဒါဆို ဒါဆို ဆိုစအင်က ဆင်.. ဆင်၊ ဟာ.. မိုက်ရိုင်းလိုက်တဲ့ အကောင်ကြီး”

ကောင်မလေး ကလည်း စနေသမီးနဲ့တူပ။ စကား မဆုံးသေးဘူး သူ့လက်က ဝိုင့်ပါးပေါ်ကို ဝဲခနဲ။ အဟိ.. နောက်နေ့တွေ့တော့ ငှက်ပျောဝိုင်ရဲ့ပါးပြင်မှာ ဆိုစအင်လေးရဲ့ ချစ်သက်လက်ဆောင် လက်ဝါးရာက အထင်းသား။ ဒီကောင်ကတော့ သူရဿဝါကို ဘုကြည့်, ကြည့်တော့တာလေ။ ကိုယ်ကတော့ ဘာမှ မပြောပါဘူး။ သူ့ကို ထိုင်ကြည့်ပြီး သီချင်းညည်း နေလိုက်တယ်။

 

“ပါးပြင်ကို လက်ငါးချောင်းနဲ့ ဖြောင်းဆို တီးလိုက်တယ်ကွာ.. ဒါ့ဒါဒါ”

Black Hole ရဲ့ သနပ်ခါးပေါ့။ သူရဿဝါ ကတော့ အေးဆေးပါပဲ။ သီချင်းခေါင်းစဉ် ကိုတောင် “သနပ်ခါး” ကနေ “လက်ဝါး” လို့ ပြောင်းလိုက်သေးတယ်။ ပို့ရင် အဲဒီလို အရောက်ပို့တာ။ မယုံရင် ဝိုင်နဲ့တွေ့ရင် မေးကြည့်ကြပါလား။ လက်ဝါး သီချင်းလေးဆိုပြီး ယောယုဝကို အလည်သွားတယ် ဆိုလို့။

 အဲဒါပါပဲ။ သူရဿဝါ ဗယ်လင်တိုင်းဒေးမှာ ဒီသုံးကောင်ဆီ သွားလို့ မဖြစ်ဘူးဆိုတာ။ ဒီတော့ ၁၄ ရက်နေ့ ဗယ်လင်တိုင်းဒေးမှာ သူရဿဝါ တစ်ယောက်တည်းပဲ အိမ်မှာ Home Alone ထိုင်ကြည့်ပြီး အေးအေးဆေးဆေး နေလိုက်တာက ပိုကောင်းမယ် ထင်တယ်။ သူတို့က ဗယ်လင်တိုင်းရင် ကိုယ်က ညာလင်တိုင်း ပစ်မှာပေါ့။ ဟုတ်တယ် မဟုတ်လား။ ဒါမှမဟုတ် ကောင်မလေးတွေ ဗယ်လင်တိုင်းဆို ကိုယ်က ဗယ်မယားကို တိုင်းပေါ့နော်။ ဗယ်လင်တိုင်းဒေး မရောက်ခင် နောက်ထပ် ဉာဏ်နီဉာဏ်နက်တွေ ထပ်ထွက် လာရင်လည်း ကျန်တဲ့ ဆီဗူးတွေ၊ အဲ.. စုဘူးတွေ အကြောင်းကို ပေါက်ကရ ရေးပြပါဦးမယ်။ ဒီနှစ် ဗယ်လင်တိုင်း ကတော့ သူရဿဝါ လက်ထဲမှာ ပြောင်စပ်စပ် ချော်တော်တော် ဖြစ်သွား စေရမယ်လို့ ရဲရဲဝင့်ဝင့် ကတိပေး လိုက်ပါတယ်။

သူရဿဝါ
၁၁၊ ဖေဖော်ဝါရီ၊ ၂၀၀၈

No comments:

Post a Comment