သားလုပ်သူက
သူဆောက်ခဲ့တဲ့တံတားတွေလောက်မှ
ခိုင်ခိုင်မတ်မတ်မရှိခဲ့တာကိုတွေးရင်း
အဖေ့ရဲ့စိတ်ဓာတ်တွေ ယိုင်နဲ့နေခဲ့တာ
သားသိပါတယ်အဖေ။
အဖေ့ဒိုင်ယာရီထဲက
“သား” ဆိုတဲ့ စာလုံးပေါင်းတွေ
တစ်ရက်မှ မကောင်းခဲ့တာကိုလည်း
သားသိပါတယ်အဖေ။
ပုံပြင်ထဲက
“ပုရွတ်ဆိတ်” လို
အဖေက သားကိုဖြစ်စေချင်ခဲ့ပေမယ့်
အသည်းကွဲနေတဲ့နှံကောင်
ဂစ်တာတဒေါင်ဒေါင်နှံကောင်ပုံစံမျိုးနဲ့ပဲ
အဖေ့ရှေ့က ဖြတ်ဖြတ်လျှောက်နေခဲ့မိတယ်။
အဖေငြှိမ်းသတ်နေတဲ့ကြားကပဲ
ပူပူလောင်လောင်မီးလျှံတွေထဲ
အတင်းတိုးဝင်နေခဲ့မိတာ
သားက “ဖလံကောင်” ပါအဖေ။
“မီးပြတိုက်”
ဖြစ်ဖို့ အဖေမျှော်လင့်ခဲ့တဲ့သားက
“မီးတောင်” အဖြစ်နဲ့
ချော်ရည်ပူပူတွေပဲ အဖေ့ရင်ထဲထည့်ပေးနေခဲ့မိတာ
သားက “ပလိုင်းပေါက်” ပါ အဖေ။
သားဖွင့်နေမိခဲ့တဲ့
အလင်းမဲ့ပြတင်းတွေကို
ကိုယ်ထူကိုယ်ထပြန်ပိတ်နိုင်အောင်
အဖေ့အင်အားတွေ လှမ်းကူပေးခဲ့တာကိုလည်း
သားသိပါတယ်အဖေ။
ဒီကဗျာထဲကနေ
သားပြန်ဖို့နေတဲ့ မြေဆိုးမြေရိုင်းအတိတ်တွေ
သားဖာထေးနေတဲ့ ပလိုင်းပေါက်စိတ်ကူးတွေကို
အဖေမြင်တဲ့အခါ
သားကို ကျေကျေနပ်နပ် ပြုံးကြည့်နေလိမ့်မယ်ဆိုတာကိုလည်း
သား သိနေပါတယ်အဖေ။
သူရဿဝါ
၁၃၊ ဖေဖော်ဝါရီ၊ ၂၀၀၈
Image source; Images.google.com
No comments:
Post a Comment