ဝေဒနာကိုကျော်ပြီး
အလင်းက မျက်လုံးထဲဝင်မလာနိုင်ဘူး။
အသိစိတ်ကအစ
အာရုံငါးပါးစလုံး အမှောင်ကျ
ခက်ခက်ခဲခဲ ရှာယူရတဲ့ဝင်သက်မှာ
နာကျင်ခံစားမှုကပါခန္ဓာကိုယ်ထဲ တစ တစ
အောက်ဆီဂျင်ပိုက်
လွှမ်းထားတဲ့ခြုံစောင်ခပ်ပါးပါး
အနားမှာရှိသမျှ အနိဋ္ဌာရုံတွေချည်း။
အလန့်တကြားထပျံသွားတဲ့ ခိုတစ်အုပ်က
နိမိတ်ပုံသင်္ကေတ
မွေးစတုန်းက အူဝဲ အူဝဲလို့ငိုတယ်။
အခု ဟောဟဲ ဟောဟဲနဲ့ငိုတယ်။
ဘာမှတော့ ထူးမသွားပါဘူး။
နောက်ဆုံးသံဝေဂက
နောက်ဆုံးအချိန်နဲ့တထပ်တည်း။
သူရဿဝါ
၁၂၊
ဖေဖော်ဝါရီ၊ ၂၀၀၈
Image credit: Gettyimages.com

No comments:
Post a Comment