သူတို့က
ပျားတွေလို သိုင်းဝိုင်းမှုမျိုးနဲ့
ဗျိုင်းတွေလိုပဲ အုပ်စုဖွဲ့ပျံသန်းကြတယ်။
သူတို့ရဲ့
နုနယ်ရှည်သွယ်သော
လက်ချောင်းတွေက
ခေတ်ရေစီးကို
ဇက်ကြိုးလှမ်း,လှမ်းဆွဲတယ်။
တစ်ယောက်ရဲ့ဝမ်းစာကို
တစ်ယောက်ကူ,ကူဖြည့်တယ်။
သူတို့ရဲ့လင်းပျိုစူးဝင့်သောမျက်လုံးတွေက
ကိုယ့်ကိုယ်ကိုယ်
သတိနဲ့ယှဉ်ကြည့်တယ်။
သူများတွေကို
အကြင်နာနဲ့ကြည့်တယ်။
သူတို့အချင်းချင်းကျတော့
ယိုင်းပင်းမှုနဲ့ကြည့်တယ်။
သူတို့ရဲ့
ပျိုရွယ်သောအသိတရားက
တစ်ခါတစ်ခါ
လူငယ်ဆန်သောလတ်ဆတ်မှုမျိုးနဲ့
တစ်ခါတစ်ခါ
လူကြီးစိတ်ဝင်နေသောစကားအသုံးအနှုန်းမျိုးနဲ့
တစ်ခါတစ်ခါကျပြန်တော့
မြင်ရခဲသောတည်ကြည်ရင့်ကျက်မှုမျိုးတွေနဲ့။
သူတို့က
ကိုယ့်ကဗျာကိုယ်ဖတ်ရင်
ဝေဖန်နှိမ့်ချမှုနဲ့
သူများကဗျာဖတ်ရင်
အားကျခိုကိုးစိတ်နဲ့
သူတို့အချင်းချင်းကဗျာတွေကျတော့
တစ်ယောက်စိတ်ကူးအပေါ်တစ်ယောက်
နယ်နိမိတ်ချင်းထိစပ်ပြီးဖတ်ကြတယ်။
သူတို့ရဲ့
စာအုပ်စင်လေးထဲမှာ
သူတို့ရဲ့
အရိပ်တွေရှိတယ်။
သူတို့ရဲ့
ကြီးစဉ်ငယ်လိုက်အခေါ်အဝေါ်တွေရှိတယ်။
သူတို့ရဲ့
ကွင်းပြင်ကျယ်ကျယ်မျှော်လင့်ချက်တွေရှိတယ်။
သူတို့အချင်းချင်းသိတဲ့
တနင်္ဂနွေစိတ်ကူးမှာ
ရိုးရာဆန်သော
လက်ဖက်ရည်ဆိုင်တွေပါမယ်။
အရောင်အဆင်းတူနေသော
ကော်ဖီခွက်တွေပါမယ်။
အတောမသတ်နိုင်သော
နောက်ပြောင်မှုတွေပါမယ်။
နောက်ဆုံးပေါ်စက်ရပ်သတင်းတွေပါမယ်။
အဲဒီတနင်္ဂနွေတွေကိုက
သူတို့ရဲ့ယဉ်ကျေးမှုတွေပဲဖြစ်တယ်။
သူတို့ရဲ့
ကိုယ်ပိုင်ဝိသေသထဲမှာ
နေမင်းလို
အလင်းလွင်လွင်တွေရှိတယ်။
နွေးထွေးသော
ဖြာဆင်းနိုင်မှုတွေရှိတယ်။
ပျိုမြစ်သော
အရုဏ်အခင်းအကျင်းတွေရှိတယ်။
သူတို့ကိုယ်တိုင်က
နေမင်းရဲ့ ရင်သွေးတော်တွေဖြစ်ကြတယ်။
တနေ့နေ့တော့
သူတို့နေထိုင်ချင်သော
ကောင်းကင်မှာ
သူတို့
ပိုင်ဆိုင်ချင်သော ကိုယ်ပိုင်အဆင်းအချင်းနဲ့
တစ်စင်းပြီးတစ်စင်း
လင်းချင်တိုင်းလင်းနေကြလိမ့်မယ်။
(နေမင်းအားမာန် လူငယ်စာပေဝိုင်းမှ ညီအစ်ကိုမောင်နှမများသို့ အမှတ်တရ)
သူရဿဝါ
၁၃၊ ဖေဖော်ဝါရီ၊ ၂၀၀၈
Image source; Images.google.com
No comments:
Post a Comment