Wednesday, February 13, 2008

အတောင်ကျွတ်လာတဲ့ ခိုဖြူလေး


ကိုယ့်လျှာကိုယ်
တမင်သက်သက်ပြန်ကိုက်ကြတဲ့ သွားတွေလား။
ဒါမှမဟုတ်
ကိုယ့်ရွာကိုယ် တမင်သက်သက်ပြန်တိုက်ကြတဲ့ ဓားတွေလား။


လူသားချင်းယိုင်းပင်းကူညီမှုတွေ
အရင်လို မီးအားမပြည့်တော့တာကြာပြီ။
ကျုပ်တို့တွေ ကိုယ့်ကိုယ်ကိုယ်ပဲ လူလို့သတ်မှတ်နေကြ။


လောဘကို ပေါင်ရင်းထိခွဲဝတ်ပြီး
လျှပ်ပေါ်လော်လီ ဟန်ရေးပြနေကြ။
ဒေါသကို ဆံပင်ပေါ်ဆိုးပြီး
ခပ်ရင့်ရင့် လမ်းလျှောက်ထွက်နေကြ။
မောဟကို ဈေးကြီးပေးဝယ်ပြီး
နေကာမျက်မှန်လုပ်ဝတ်နေကြ။


ကမ္ဘာကြီးပူနွေးလာတော့
ယပ်တောင်ရောင်းတဲ့သူတွေ ပျော်သတဲ့။
ဆေးခန်းထဲက ဒေါက်တာက
“နောက်လည်းလာပါ” ပြောလားပြောရဲ့။


အဲဒါတွေက
အတ္တကို နေရာမလပ်စိုက်တာမှမဟုတ်ရင် ဘာလဲ။
နောက်ဆုံး
ယဉ်ကျေးမှုငတ်လာတဲ့ ကမ္ဘာကြီးကတောင်
လူသားတွေအပေါ် ထမင်းတစ်လုပ်အတွက် နှာစေးပြတယ်။


အဲဒီတော့
ကျုပ်တို့ဟာ
ကိုယ့်လျှာကိုယ် ပြန်ကိုက်ကြတဲ့သွားတွေလား။
ဒါမှမဟုတ်..။


သူရဿဝါ
၁၃၊ ဖေဖော်ဝါရီ၊ ၂၀၀၈
Image source; Images.google.com

No comments:

Post a Comment