ကျွန်တော်က ကဗျာဆရာ
ကာရန်မရေးဘူး။
ကာရန်မဲ့မရေးဘူး။
ပိုစ့်မော်ဒန်ကိုမှ ထုံးလိုချေရေလိုနှောက်
တဒေါက်ဒေါက်ရေးချတာ
အမြန်ရထားရဲ့ ဥဩဆွဲသံက
ပင်လယ်ဓားပြဦးနှောက်ထဲ
ထိုးဖောက်ဝင်ရောက် ဘာ ညာ ပေါ့။
သရုပ်မှန် ဒဿန ဟုတ်စ
ဘာတွေလာမေးနေတာလဲ။
မြန်မာစာသတ်ပုံကျမ်းရှိရင်
ကျွန်တော့်အတွက်ကဗျာဖြစ်တယ်။
“အနုပညာသည် အနုပညာအတွက်” ဆိုတာ
ခင်ဗျားမကြားဖူးဘူးလား။
နားမလည်ဘူးထင်ရင် စာမျက်နှာကျော်ဖတ်လိမ့်မယ်။
အဲဒါ စာဖတ်ပရိသတ်ပဲ။
ဘာ.. ဂေါ်လီကျတယ်ဟုတ်လား
ဆံပင်စုတ်ဖွားဖွား လွယ်အိတ်တကားတားနေမှ
ကဗျာဆရာဖြစ်လတ္တံ့လို့
ဘယ်သုတ္တံမှာ ဘုရားဟောထားခဲ့လို့လဲ။
ကဗျာဆရာ နားကွင်းမဝတ်ရလို့ရော
ဘယ်တက်ကျမ်းထဲမှာ ခင်ဗျားမြင်ဖူးသလဲ။
တဆက်တည်းပြောလိုက်မယ်။
တိုက်ပိုင်ကားပိုင် ကဗျာဆရာ
အရက်ဖြူမသောက်ဘူး
လမ်းဘေးလက်ဖက်ရည်ဆိုင်မထိုင်ဘူး
ဘဏ်စာအုပ်ထဲသွင်းဖို့ ကဗျာရေးတယ်မထင်နဲ့။
ဆန်၊ ဆီ၊ ဆားအတွက် ကဗျာရေးတယ်မထင်နဲ့။
အနုပညာပိုးကို အရက်ပြန်ဆွတ်မရလို့ ရေးနေတာ
အဟင်း.. ကျွန်တော်က
သူများတွေလိုမဟုတ်ဘူးလေ
ကိုယ်ရည်သွေးတီးလုံးတွေ ခပ်ကျယ်ကျယ်မဖွင့်ဘူး။
ဝေဖန်ရေးကို ကဗျာလုပ်မရေးဘူး။
ဘဝလက်တွဲဖော်လား
စောပါသေးတယ်
ကိုယ့်ကိုယ်ကိုတောင်
ချစ်လို့ဝသေးတာမဟုတ်ဘူး။
ပရိသတ်ကိုမှာချင်တဲ့စကား
အင်း.. ဘယ်လိုပြောရမလဲပေါ့နော်
ကဗျာဆရာက မာနမကြီးတတ်ပါဘူး။
မိတ်ဆက်စာမှန်သမျှ စာပြန်ပါတယ်။
ကျွန်တော့်ပရိသတ်အားလုံးကို ချစ်ပါတယ်။
အဲ... ကျွန်တော့်ပရိသတ်မဟုတ်လည်း
ကျွန်တော့်ကဗျာကိုဖတ်ရင် ချစ်မှာပါလို့
ဟုတ်ကဲ့.. ကျွန်တော်ကလည်း ကျေးဇူးတင်ပါတယ်။
သူရဿဝါ
၂၉ - ဖေဖော်ဝါရီ - ၂၀၀၈
Image source; Images.google.com
No comments:
Post a Comment