ဒီတခါတော့ ကာရန်မဲ့ ကဗျာတွေ၊ မော်ဒန် ကဗျာတွေ ကြားထဲမှာ တဖြည်းဖြည်း အသက်ရှူ ကြပ်လာရှာတဲ့ ရိုးရာကဗျာလေး အကြောင်း ပြောချင်ပါတယ်။ ရတုကဗျာ အမျိုးအစား အကြောင်းပါ။ တကယ်တော့ ရတုကဗျာရဲ့ သက်တမ်းဟာ အတော်ကို ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။ အင်းဝ ခေတ်ကနေ စပြီး ကျော်ကြားလာ ခဲ့တာပါ။ ဒါပေမဲ့ ခုဆိုရင် ရတု ကဗျာဟာ တခြား ရိုးရာ ကဗျာတွေ နည်းတူပဲ တိမ်မြုပ် လာပါပြီ။ ရေးတဲ့သူလည်း ရှားလာပါပြီ။ အဲဒီတော့ ကျွန်တော်က ပြန်ပြီး အဲဒီ ရတုကဗျာ အကြောင်း ဗဟုသုတ ရအောင် ပြန်ပြောချင်ပါတယ်။ ကျွန်တော် ပြောတဲ့ အချက်အလက် ထဲမှာ အမှားပါ သွားရင်လည်း သိတဲ့ သူငယ်ချင်းတွေက ပြန်ပြင်ပေး စေချင်ပါတယ်။
ရတုဆိုတဲ့ စကားဟာ သက္ကတ ဘာသာစကား ဖြစ်တဲ့ “ရိတု” ကနေ ဆင်းသက် လာတာပါ။ “အခါရာသီ” ဆိုတဲ့ အနက် အဓိပ္ပာယ် ရပါတယ်။ အခါရာသီနဲ့ ပတ်သက်တဲ့ အကြောင်းတွေကို ရေးကြတာ ဖြစ်ပါတယ်။ နောက်ပိုင်း မှာတော့ ရေးသားသူ တွေက အလွမ်းအဆွေး တွေကိုပါ ထည့်သွင်း ရေးသားလာ ကြပါတယ်။ အင်းဝခေတ် စာဆို ရှင်မဟာ ရဌသာရတို့၊ ရှင်မဟာ သီလဝံသတို့၊ ရှင်တေဇောသာရ တို့ဟာ ရတုကဗျာနဲ့ ကျော်ကြား လာကြတဲ့ ရဟန်း စာဆိုတွေ ဖြစ်ကြပါတယ်။
ရတု ကဗျာဟာ တကယ်တော့ လေးလုံးစပ် လင်္ကာတစ်မျိုး ဖြစ်ပါတယ်။ ရတု ကဗျာကို အမျိုးအစား သုံးမျိုးခွဲလို့ ရပါတယ်။ တစ်ပိုဒ်တည်း ရေးတဲ့ ရတုကို “ဧကပိုဒ် ရတု” လို့ ခေါ်ပါတယ်။ နှစ်ပိုဒ် ရေးတဲ့ ရတုကိုတော့ “အဖြည့်ခံ ရတု” လို့ ခေါ်ကြပြီး သုံးပိုဒ်ရေးတဲ့ ရတုကတော့ “ပိုဒ်စုံရတု” ဖြစ်ပါတယ်။ များသော အားဖြင့် ပိုဒ်စုံရတု ကိုပဲ ရေးသား ဖွဲ့နွဲ့ကြတာ များပါတယ်။ ရတု ကဗျာဟာ စည်းကမ်း သတ်မှတ်ချက် တွေထဲမှာ ရေးရတဲ့ စနစ်ကျတဲ့ ကဗျာ အမျိုးအစား ဖြစ်ပါတယ်။
စကားလုံး လေးလုံးကို တစ်ပါဒ ရေးရပြီး အများဆုံး ၁၀၈ ပါဒသာ ရေးသား ကြပါတယ်။ ကာရန် စနစ်ကိုလည်း အတိအကျ လိုက်နာ ရေးသား ရပါတယ်။ ၄၃၂၊ ၄၂၊ ၄၁ စတဲ့ ကာရန် ယူနည်း တွေနဲ့ ရေးသားရတာ ဖြစ်ပါတယ်။ ပြီးတော့ အချီညီညီ အချညီညီ ရေးသား ရပါတယ်။ အချီညီ ဆိုတာက တစ်ပိုဒ်ချင်းစီရဲ့ ပထမဆုံး ပါဒတွေ နဘေ ညီရခြင်းပါ။ ဥပမာ - ရှင်မဟာ ရဌသာရရဲ့ နာမည်ကျော် ရတုဖြစ်တဲ့ “နှမလက်လျှော့ နေလေတော့” ရတုမှာ ပုရေနိသင်၊ လူ့မြေတိတွင်၊ ဆုဝေဘိချင် ဆိုပြီး အချီညီညီ ရေးဖွဲ့ ထားတာကို တွေ့ရမှာပါ။ အချညီတယ် ဆိုတာကတော့ အဆုံးသတ် ချတဲ့ ပါဒဟာ ကာရန် ညီရပါတယ်။ အဆုံးသတ် ချတဲ့နေရာ မှာလည်း အမျိုးမျိုး ရှိပါတယ်။ ၇ လုံး၊ ၉ လုံး၊ ၁၁ လုံး၊ ၁၅ လုံး၊ ၁၉ လုံး စသည်ဖြင့် အမျိုးမျိုး အဆုံးသတ် ကြပါတယ်။ အသုံးများတဲ့ အဆုံးချနည်း ကတော့ ၇ လုံးချနည်း ဖြစ်တဲ့ “ခိုင်ညွန့်ခက်ဖြာ” နည်းကို အသုံးများ ပါတယ်။ “နှမလက်လျှော့ နေလေတော့” ရတုရဲ့ အချပိုဒ် တွေကို ရေးပြပါမယ်။ အဘယ်ကြိုးရှာ လေတော့မည်၊ ဘယ်သူနှိုးရှာ လေတော့မည်၊ မျှော်လင့်ခိုးရှာ လေတော့မည် ဆိုပြီး တစ်ပိုဒ်ချင်းစီရဲ့ အချပါဒ တွေကို ကာရန် ချိတ်ဆက် သွားတာ ဖြစ်ပါတယ်။
အထက်ပါ အချက်အလက် တွေက ရတုကဗျာ အကြောင်းကို ကျွန်တော် သိသလောက် မျှဝေ ပေးတာ ဖြစ်ပါတယ်။ ရိုးရာကဗျာ တွေကို ချစ်မြတ်နိုးတဲ့ ကဗျာ ဝါသနာရှင် သူငယ်ချင်းတွေ အတွက် နောက်ထပ် ရိုးရာကဗျာ တွေကို ကျွန်တော် လေ့လာပြီး ထပ်ပြောပြ ပါဦးမယ်။ ခုလောလောဆယ် ကျွန်တော် ရေးထားတဲ့ ပိုဒ်စုံရတု တစ်ပုဒ်ကို ချရေးပြ လိုက်ပါတယ်။ အချစ်ဖွဲ့ ရတုတစ်ပုဒ် ဖြစ်ပါတယ်။ အဲဒီမှာ ရတု ရေးနည်းတွေ ဖြစ်တဲ့ ကာရန် ယူပုံတွေ၊ အချီအချညီညီ ရေးပုံတွေကို လက်တွေ့ လေ့လာလို့ ရမယ် ထင်ပါတယ်။
ရင်၌ထင်မြင်၊ လှလွန်းကြင်၏၊ လင်းလွင်ကော့ရွှန်း၊ မျက်နက်ဝန်းသည်၊ စိုးစွန်းလက်ဖြာ၊ မာယာမြူခင်း၊ ကင်းပရှင်းသန့်၊ ဖြူဝင်းဖန့်စွ၊ ထိုမှတခါ၊ ရယ်ပြန်ပါလည်း၊ ရောင်ဝါလမင်း၊ နေ့တွင်လင်းသို့၊ စင်းစင်းညာညီ၊ ပုလဲသီကုံး၊ ချိုရီပြုံးမှာ၊ သွယ်မျက်နှာနှင့်၊ လွန်စွာစုံဖက်၊ မိုးထက်နတ်မယ်၊ ချစ်ဖွယ်ထူးရှာ လေတော့သည်။
ဘဝင်ခိုက်သွင်ပြင်၊ ကေသာလျှင်လည်း၊ ငွေမျှင်ပိတုန်း၊ နက်မှောင်ရုန်းဖယ်၊ ရှည်လျားသွယ်မြင့်၊ ချိုးဆစ်တင့်၍၊ များနှင့်မတူ၊ မြင်သူငေးစိုက်၊ လှိုက်လှိုက်ဖိုဖို၊ သက်ဝေပျိုငယ်၊ လိုလိုထင်ရှား၊ ကျော်ကာကြားလည်း၊ မာနသည်းထန်၊ ဟန်ပန်မဝင့်၊ ရွှေနှင့်ထပ်ရွယ်၊ အိန္ဒြေတည်သည်၊ ချစ်ကြည်ဖူးစာ ဝေတော့သည်။
မြင်လိုက်စဉ်တွင်၊ လှိုင်းခတ်ရင်၌၊ ချစ်ကြင်မေတ္တာ၊ သက်ဝင်ကာကွယ်၊ စူးနစ်တွယ်သည်၊ အဘယ်လူသား၊ ခံနိုင်အားနှင့်၊ ချိုပျားသကာ၊ ပျို့သံသာကို၊ ရှောင်ခွာဖယ်ရုန်း၊ ဆုံးတိုင်မမြင်၊ ကျွန်ပါလျှင်လည်း၊ စွဲမြဲတွယ်ရစ်၊ ရင်ဝယ်ဖြစ်၍၊ အချစ်စိတ်ထူး၊ တိုး၍မြူးသော်၊ အကျွန်ရူးပါ လေတော့မည်။
ပိုဒ်စုံရတု
(ကျွန်တော် ရေးထားတဲ့ ရတုကို ဖတ်ပြီး တခြား ရတုတွေပါ ဖတ်ချင်စိတ် မရှိအောင် ဖြစ်သွားရင်လည်း ကျွန်တော့် အရေးအသား ညံ့ဖျင်း လို့ပါလို့ ဝန်ခံအပ် ပါတယ်)
၂၉ - ဖေဖော်ဝါရီ - ၂၀၀၈
Image source; Images.google.com
ညီ ဧကပိုဒ်ဆိုတာ တပုဒ်ထဲရှိတဲ့ရတုကိုခေါ်တာ
ReplyDeleteအဖြည့်ခံဆိုတာ နှစ်ပိုဒ်
ပိုဒ်စုံရတုက သုံးပိုဒ်ရှိတယ် ညီ ညီလေးဒီလောက်သိတာ
ဘဲ တော်တော်လေးတော်နေပါပြီ ဆရာလုပ်တာမဟုတ်ပါ
အမှန်သိစေချင်လို့ပါ ကျေးဇူးတင်ပါတယ်........။