မနက်ဖြန်ကိုကြိုကြိုမတွေးနဲ့
လက်ဖျစ်တတွက်အတွင်း
ဖြစ်ချင်ရာဖြစ်သွားနိုင်တဲ့ လောကဓံ
မင်းရဲ့ ပျော်ရွှင်သောအပြုံးကိုလည်း
သူက ထည့်တွက်မှာမဟုတ်
မင်းရဲ့ ဝမ်းနည်းသောမျက်လုံးကိုလည်း
သူက ငဲ့ကွက်မှာမဟုတ်ပေဘူး။
မနက်ဖြန်ကို ကြိုကြိုမတွေးနဲ့
ကံကြမ္မာဆိုတဲ့ဓားက အသွားထက်ထက်
မနက်ဖြန်မှာ
မင်း ထီလည်းပေါက်နိုင်တယ်
အမှီလည်းပျောက်နိုင်တယ်
စူပါမားကတ်က အသုံးအဆောင်တစ်ခုလို
အဲဒီမနက်ဖြန်ကို လက်ညှိုးထိုးပြီး ဝယ်လို့မရဘူး။
မနက်ဖြန်ကို ကြိုကြိုမတွေးနဲ့
ငါပြောနေကျ ကံကြမ္မာဆိုတာ
မင်းရဲ့မျှော်လင့်ခြင်းစင်မြင့်ကို
အချိန်မရွေးဖုံးအုပ်သွားနိုင်တဲ့ ကန့်လန့်ကာ
မနက်ဖြန်မနက်နေရာင်ခြည်က
မင်းအခန်းထဲကိုမှ
သာသာထိုးထိုးကျမယ်လို့ မျှော်လင့်မထားနဲ့
မနက်ဖြန်ကို ကြိုကြိုမတွေးနဲ့
မနက်ဖြန်ကို.. ကြိုကြိုမတွေးနဲ့..
မနက်ဖြန်ကို.. ကြိုတွေးမထားပါနဲ့..
အဲဒီ.. မနက်ဖြန်မှာကြုံတွေ့မယ့်
မင်းရဲ့ မနက်စာစားပွဲထက်
ချစ်သူနဲ့ ရုပ်ရှင်သွားကြည့်ဖို့ထက်
ညနေခင်းပါတီပွဲထက်
မင်းရဲ့ လုပ်ရေးဆောင်တာတွေထက်
မင်း ဒီည နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နိုင်ဖို့
အရင်ကြိုးစားသင့်တယ်။
သူရဿဝါ
၂၉ - ဖေဖော်ဝါရီ - ၂၀၀၈
Image source; Images.google.com
No comments:
Post a Comment