Wednesday, February 13, 2008

နတ်သမီးအရိပ်ထဲ တိုးဝင်မရတဲ့ ကြယ်


ကြယ်တွေလို လင်းတဲ့ စိတ်ကူးအစုံနဲ့ နင့်ရင်ခွင်ထဲ ငါ ဖြာဆင်းကြည့်တယ်။ အေးမြ လိုက်တာကွယ်။ ငါက နင့်လက်ကလေးကို မြဲမြဲဝင့်ဝင့် တွဲပြီး ဘယ်တော့မှ မဆုံးတဲ့ လမ်းတွေထဲမှာ လှမ်းလျှောက် နေချင်တာ။ ချစ်တဲ့စိတ်နဲ့ ပေးထားမိတဲ့ နာမည်လေး တစ်ခုဟာ ငါ့ရင်ထဲလည်း အကြိမ်ကြိမ် မြည်ဟည်း နေလေရဲ့။

 

“အဖြူရောင်နတ်သမီးလေး”

“ငါ့ရဲ့အဖြူရောင်နတ်သမီးလေး”

နင်မသိနိုင်တဲ့၊ ငါလည်း ထုတ်ပြောဖြစ်မှာ မဟုတ်တဲ့ ငါ့ချစ်ခြင်းတွေ အကုန်လုံးကို အဲဒီ နာမည် ဖြူဖြူလေးထဲမှာ ငါတယုတယ သိမ်းထား ခဲ့တာပါ။ ဖြစ်နိုင်ရင် အဲဒီ နာမည်လေးကို တစ်ဘဝလုံးစာ အပြည့်အမောက် ရေးချချင် မိတာလေ။ ငါ့ရဲ့ အဖြူရောင် နတ်သမီး ကဗျာတွေ ဆိုတာကလည်း ငါ့အတွက် ဘယ်တော့မှ မကုန်ဆုံးနိုင်တဲ့ စကားလုံးမျှော်စင် တွေပါပဲ။ အဲဒီ မျှော်စင် ပေါ်ကနေ နင့်ကို လှမ်း, လှမ်းကြည့်နေ မိတာကလည်း ငါ့အတွက် ချိုမြရှတတဲ့ မိုက်မဲမှုတစ်ခု ဖြစ်တယ်။

 ချစ်တယ်။

ချစ်မိတယ်။

ချစ်နေခဲ့မိပါတယ် နှင်းပွင့် အိပ်မက်ပျိုလေးရယ်။

ငါ့သွေးသားတွေထဲ လှည့်ပတ် ကခုန်နေတဲ့ နင့်ပုံရိပ် တွေကိုလည်း ငါ ယူဆောင်သွားလို့ မရဘူးဆိုတာ ကြေကွဲ ရူးရင့်စွာပဲ ငါလက်ခံ ထားခဲ့ရတာပါ။ ယောက်ျားလေး တစ်ယောက်မှာရော ဆိတ်သုဉ်းနေတဲ့ မျှော်လင့်ချက် အပဲ့အကျိုး တွေအတွက် မျက်ရည် တစ်ပေါက်လောက် ကျခွင့် မရှိနိုင်ဘူးတဲ့လား။ ငါ ကဗျာလေး တစ်ပုဒ် ရေးထားမိတယ်။

 

ခရီးပြင်းနှင်ခဲ့တာပဲလေ
ဒါပေမဲ့
မြို့ရိုးတံခါးကိုက မှုန်ပျပျသာမြင်နေရ..။

တိုတောင်းတဲ့ ကဗျာလေးပေမယ့် ငါ့အတွက်တော့ ရှည်နွယ်လွန်းတဲ့ ကန္တာရ တစ်ခုလိုပါပဲ။ မောတယ်၊ ရင်တွေပူတယ်၊ အဆုံးမရှိတဲ့ ခြောက်အက်အက် မြင်ကွင်း အားလုံးဟာ ငါ့အရှုံးတွေချည်း။ ငါ ဘယ်ကိုများ အကူအညီ တောင်းရ ပါ့မလဲကွယ်။ ငါ့ဒိုင်ယာရီ ထဲမှာလည်း မြင်မကောင်းတဲ့ စာကြောင်းတွေ အပြည့်။ အတိတ်က ဆုတောင်းတွေ ဘယ်လောက်ထိများ မကောင်း ခဲ့လို့လဲ။

ငါက နင်ခရီးတစ်ထောက် နားရာ ဇရပ်ကလေးတစ်ခု ဖြစ်ချင်တယ်။ နင်အမောပြေ ခပ်သောက်ဖို့ ကြည်စိမ့်တဲ့ ရေစက်လေး တစ်ပေါက် ဖြစ်ချင်တယ်။ တကယ်တမ်း ကျတော့ ငါက နင့်အတွက် လွဲမှားနေတဲ့ နံရိုးတစ်ချောင်း၊ နင်ခုတ်မောင်း လာလို့မရတဲ့ ဘူတာရုံဟောင်း၊ ငါ့အတွက် ဘာကိုများ တောက်ပတဲ့ မျက်လုံးတွေနဲ့ တစ်ခါလောက် ကြည့်ခွင့် ရနိုင်မလဲ။ ဖြစ်နိုင်မယ်ဆိုရင် နင့်အနားမှာ ခဏလောက် ထိုင်ပြီး နင့်မျက်နှာလေးကို ဆွေးဆွေးမြမြ ကြည့်နေချင်တာပါ နတ်သမီးရယ်။ ဒီထက် ဘာမှ ပိုမလိုချင်တာ သေချာပါတယ်။

 

“ကောင်မလေး”

“အဖြူရောင်နတ်သမီး”

“နှင်းပွင့်နတ်သမီးလေး”

အဲဒီလို ချစ်မြတ် လင်းပွင့်စွာ ခေါ်လိုက်တိုင်း ငါ့ကို ပြုံးကြည့် နေတတ်တဲ့ နင့် နှုတ်ခမ်းလွှာလေး တွေကိုလည်း ငါ့အိပ်မက်တွေ ထဲမှာပဲ တမ်းတခွင့် ရခဲ့တယ်။ ငါလေ မိုက်ရူး လိုက်တာ။ နင့်ကို ပေးထားတဲ့ နာမည်လေးတွေ အားလုံး နင့်ရှေ့ရောက်ရင် ငါဘာလို့ ခေါ်ခွင့် မရှိခဲ့တာလဲ။ တစ်ခေါက်လောက်ပဲ ဖြစ်ဖြစ် နားထောင်ကြည့် ပါလားကွယ်။ နင်ကြိုက်တဲ့ ဘယ်လို သံစဉ် စာသားတွေ ထက်မဆို ငါ့ခေါ်ညည်းသံဟာ နင့်အတွက် နားဝင်ချိုနေမယ် ဆိုတာ ယုံပါ။

ငါဘယ်လောက်ပဲ နင့်ချစ်ခြင်းကို မျှော်ငေးမိ နေပါစေဦး။ နင့်မသိစိတ် ကတောင် ငါ့ကို သတိပြုမိမှာ မဟုတ်ပါဘူး။ မဖြစ်နိုင် ပေမယ့်လည်း ငါ့ဆုတောင်း တွေကိုတော့ နင်ကြားစေချင် သေးတယ်။ နင့်မျက်နက်ဝန်း တွေထဲမှာ ငါ့ကို ခဏလောက် ဧည့်ဝတ် ပြုပေးပါ၊ နင့်စိတ်ကူး ချိုချိုလေး ထဲမှာ ငါ့ပုံရိပ်ကို မြှုပ်နှံကြည့်ပါ၊ နောက်ဆုံး.. နင့်နားကို ရစ်ဝဲလာတဲ့ ဒုက္ခကို မောင်းထုတ်တဲ့ အခါ ငါ့နာမည်ကို မယုံမရဲလေး ခပ်ဖွဖွ ရွတ်ကြည့်ပေးပါ။

တစ်နေ့နေ့ပေါ့ ကောင်မလေးရယ်။

“နင့်ကိုငါ ချစ်တယ်” လို့ ငါပြောလိုက်တဲ့ အခါ ရှက်ဝါးနီ မြန်းသွားမယ့် နင့်ပါးပြင်လေးကို ငါ ငေးကြည့်ခွင့် ရချင်ပါသေးတယ်။ ခုချိန်ထိတော့ ငါပေးထားတဲ့ နာမည်ဝှက်ကလေး တွေကိုပဲ နင်အမှတ်နဲ့ ငါ ဖွင့်, ဖွင့်ကြည့် နေရဦးမယ်။ နင့်ကို လွမ်းမက် ဝဲလည်မိတဲ့ ညတွေ ထဲမှာပေါ့။

နင့်နာမည်ကိုပဲ တိုးဖွဖွလေး ရွတ်ဆိုနေပါရစေ။

ချစ်နေမိတယ်။

နတ်သမီးရယ်။

 

သူရဿဝါ
၁၃၊ ဖေဖော်ဝါရီ၊ ၂၀၀၈
Image source; Images.google.com

No comments:

Post a Comment