ကောင်မလေးရယ်..
ငါ့ကို ရင်တုန်အောင် နင်လုပ်တယ်။ ငါ့ကို အိပ်လို့ မပျော်အောင် နင်လုပ်တယ်။ ဖြတ်တောက်လို့ မရနိုင်တဲ့ တွယ်ငြိမှုမျိုး တွေလည်း နင်ပေးတယ်။ နင်ဟာ ငါ့အတွက် ကဖင်းန်ဓာတ် တစ်မျိုးပဲ ကောင်မလေးရယ်။ နင့်အကြောင်း တွေးမိတဲ့ ညတိုင်း ငါ့မျက်လုံး တွေဟာ ကြယ်ပွင့် တွေလိုပဲ ဖြာယှက်လင်းရီ နေခဲ့တာပါကွယ်။ ငါလေ.. ဘယ်လို ဖြေရှင်းချက်မျိုးမှ မပေးနိုင်တဲ့ ရာဇဝတ်သား တစ်ယောက်လို ငါ့ကိုယ်ငါတောင် မသိလိုက်တဲ့ အချစ်တွေနဲ့ နင့်ရင်ထဲကို တိတ်တိတ်ကလေး တိုးဝင်နေ ခဲ့မိတာပါ။
ကောင်မလေးရယ်..
နင့်ရဲ့ ဩချိုချို အသံလေး တွေထဲမှာ၊ နင့်ရဲ့ မျက်မှောင်ကုပ် ထားတဲ့ မျက်ခွံ တွန့်တွန့်လေး ထဲမှာ၊ ငါ့ရဲ့ မျှော်လင့်ခြင်း တွေကို ဘယ်အချိန်ကများ ငါသိုလှောင် ထားချင်ခဲ့ မိသလဲ မသိဘူးကွာ။ အဲဒါကို ငါသိလိုက်တဲ့ အချိန်မှာ ငါ့ကိုယ်ငါလည်း ယုံကြည်ပေးလို့ မရဘူး။
ကောင်မလေးရယ်..
နင်ဟာ ငါ့အတွက်တော့ ချမ်းဖြူ အေးမြတဲ့ ဆောင်းဦးပေါက်လေး တစ်ခုပါ။ နင့် ရယ်မြှူသံလေးတွေ ဆိုတာကလည်း ငါ့ဘဝအတွက် မပြီးဆုံးနိုင်တဲ့ နှင်းမှုန်လေး တွေလိုပါပဲ။ တဖွဲဖွဲပေါ့။ နင့်ကို မြင်နေရရင် ငါ့စိတ်တွေ ကအစ ပျော်ရွှင်မြူးထူး နေကြတာလေ။ နင့်နားက ထွက်ခွာပြီး ပြန်ရတော့မယ့် အချိန်တွေမှာ ငါကိုယ်တိုင်လည်း အုံ့မှိုင်းညစ်ညူး မိတာပဲ။
ကောင်မလေးရယ်..
ငါအခု ရေးချနေ မိတာတွေကို နင်ဖတ်မိ ရင်တောင်မှ ငါနင့်ကို ရည်ရွယ်ထားတဲ့ ရင်ဖွင့်သံ တွေဆိုတာ နင်သတိထားမိမှာ မဟုတ်ပါဘူး။ ငါကနင့်ကို တိုးတိုးလေး ချစ်နေရုံနဲ့ ကျေနပ်နေခဲ့ မိတာလေ။ နင့်နာမည် တပ်မထားတဲ့ နင့်အကြောင်း စာသားတွေကို နင်ဖတ်မိရင် ငါ့ကို သနား နေမလား။ သေချာတာ ကတော့ ငါ့အချစ်တွေဟာ ငါ့စိတ်ကူးသက်သက် တွေသာ ဖြစ်နေဦးမယ် ဆိုတာပါပဲ။ တကယ်တော့ ကောင်မလေးရယ်.. နင်ဟာ ငါ့အတွက် လှမ်းကြည့်နေ ဖို့လောက်ပဲ ငါတတ်နိုင်တဲ့ ကောင်းကင် ပြာပြာလေးပါကွယ်။
၁၃၊ ဖေဖော်ဝါရီ၊ ၂၀၀၈
Image source; Images.google.com
No comments:
Post a Comment