Thursday, December 02, 2010

စိတ်ရောဂါကု ကဗျာဆရာဟာ အသံတွေနဲ့ပတ်သက်ပြီး


"စိတ်ရောဂါကု ကဗျာဆရာဟာ အသံတွေနဲ့ပတ်သက်ပြီး"


အသံကြားတယ် … တိုးတိုးလေးပဲ၊ အကျယ်ကြီးပဲ
ခြောက်ခြားစရာကောင်းတဲ့စွဲလမ်းစိတ်တစ်မျိုး
ဒါဟာ အသံနဲ့ပတ်သက်ပြီး ။
ကျုပ် တစ်ခုခုကို အတိအလင်းဖော်ထုတ်လိုက်တယ်
ဘယ်စိတ်ပညာရှင်တစ်ဦးတစ်ယောက်မှ မပြောဖူးသေး၊
ကိုယ်ပိုင်အယူအဆသစ်၊ သိပ္ပံနည်းကျစမ်းသပ်တွေ့ရှိမှုမဟုတ်၊
ကမ္ဘာမှာပထမဆုံး ။
"ငယ်ဘဝရဲ့ ရဲရင့်စိတ်အတော်များများဟာ စိတ်ပိုင်းဆိုင်ရာကြောက်လန့်မှုကြောင့်ဖြစ်တဲ့
ရောဂါတစ်မျိုးပဲ"
ဒါဟာ ခင်ဗျားဖတ်ချင်တဲ့ ကဗျာဗေဒဆိုင်ရာ အစိမ်းသက်သက်ဝါကျတစ်ကြောင်း/ ဖွင့်ဆိုမှုအသစ်၊
ကျုပ်ရေးပြတယ် ။
တကယ်တော့ အချစ်အကြောင်းမရေးဘူးဆိုတဲ့ ကဗျာဆရာဟာ
စိတ်ပညာရှင်တစ်ဦးထက်သာလွန်သော အတွေးအခေါ်ရှိတဲ့ စိတ်ဝေဒနာရှင်တစ်ဦးပဲ
ဦးနှောက်ဟာအပြည့်၊ လေးလံနေ၊ လှုပ်ခါချ၍မရသောပိတ်ခဲမှု ။
ကိုယ့်စိတ်ထဲခံစားရတာတွေကို (ဝါဒ/ ဝါကျ) တစ်ခုခုထဲ သွတ်သွင်းပြီး
တခြားသူစိတ်ထဲ ခံစားသွားရအောင်/ မခံစားရတော့အောင် ရေးပြတတ်ရင် ကဗျာဆရာဖြစ်ပြီ ။
(မှန်သည် .. မှားသည် တစ်ခုခုရွေးပါ)
အသံကြားတယ် … ခပ်ကျယ်ကျယ်ပဲ
နားမလည်ဘူး၊ လိုက်လို့မမှီဘူး၊ ဘာတွေရေးထားမှန်းမသိဘူးနဲ့ အခြားဒီထက်ပိုပြောချင်သော
ဒီကဗျာအပေါ် ခင်ဗျားရဲ့ ရဲရဲရင့်ရင့်ဝေဖန်ချက်
စိတ်ပိုင်းဆိုင်ရာ ကြောက်လန့်မှုကြောင့်ဖြစ်တဲ့ရောဂါတစ်မျိုး ခင်ဗျားကို
ငယ်စဉ်ဘဝကတည်းက အမြစ်တွယ်ထားပြီ
သေချာတယ် .. ခြောက်ခြားစရာစွဲလမ်းစိတ်တစ်ခုပဲ
ကျွန်တော် ကဗျာဆရာတစ်ဦးသာဖြစ်၍ ဆရာဝန်တစ်ယောက်မဟုတ်ပါ
ဒါပေမယ့် ရံဖန်ရံခါမှာတော့ ဆေးကုချင်စိတ်တွေ ပေါ်လာတတ်ပါတယ်
အသံတွေ .. ခပ်တိုးတိုး ခပ်ကျယ်ကျယ် အသံတွေနဲ့ပတ်သက်ပြီး ။  ။


သူရဿဝါ
ဒီဇင်ဘာ ၂ ရက် ၊ ၂၀၁၀ ခုနှစ်

1 comment:

  1. တကယ်တော့ အချစ်အကြောင်းမရေးဘူးဆိုတဲ့ ကဗျာဆရာဟာ

    စိတ်ပညာရှင်တစ်ဦးထက်သာလွန်သော အတွေးအခေါ်ရှိတဲ့ စိတ်ဝေဒနာရှင်တစ်ဦးပဲ

    ဦးနှောက်ဟာအပြည့်၊ လေးလံနေ၊ လှုပ်ခါချ၍မရသောပိတ်ခဲမှု ။

    ကိုယ့်စိတ်ထဲခံစားရတာတွေကို (ဝါဒ/ ဝါကျ) တစ်ခုခုထဲ သွတ်သွင်းပြီး

    တခြားသူစိတ်ထဲ ခံစားသွားရအောင်/ မခံစားရတော့အောင် ရေးပြတတ်ရင် ကဗျာဆရာဖြစ်ပြီ ။<--- အမှား = * အမှန်...

    ReplyDelete