Friday, December 17, 2010

မီးမီးသိသမျှ ကိုကိုသိတယ် ဆိုတဲ့အကြောင်း


“မီးမီးသိသမျှ ကိုကိုသိတယ် ဆိုတဲ့အကြောင်း”

စပြောရမယ်ဆိုရင်တော့ ကျွန်တော့် ကောင်မလေး (ရည်းစား ပေါ့ဗျာ။ တချို့တွေ ခေါ်သလို ချစ်သူတို့ ဘာတို့ နုနုရွရွတော့ မခေါ်တတ်ဘူး။ လျှာယားလို့) ရဲ့ အနုပညာ ပါရမီအခံ ရင့်သန်ပုံကနေ စပြောရမှာပါပဲ။ သူနဲ့ မကြိုက်ခင်က သူ့ကိုပိုးပြီး ကဗျာတွေ ဘာတွေရေးရင် သူ့အကြောင်း ရေးထားမှန်း သိလို့ကတော့ ပါးစပ်ကလေး ဖြဲပြီး “တဟီးဟီး” နဲ့ သဘောတွေ ကျနေတာ တစ်နေကုန်ပဲ။ အဲ .. သူ့အကြောင်း ရေးထားတာ မဟုတ်လို့ကတော့ ပြောပါပြီ .. ပါးစပ်နဲ့တစ်လုံး။ ဘယ်နည်းဘယ်ပုံ ဘယ်နားက ဘယ်လို မကောင်းတာ ဆိုတာကစပြီး ကျွန်တော် ရေးတာတွေကို ကဗျာလား စာစီစာကုံးလား သူမခွဲတတ်တာ အဆုံး စီကာပတ်ကုံးပေါ့။ ကဗျာဆရာရဲ့ ရည်းစားက ကဗျာအနုပညာကို အဲဒီလို ခံစားပါတယ် ခင်ဗျ။ ဒါပေမယ့် စာပေရေးရာ ကိစ္စတွေနဲ့ အပြင်သွားလို့ သူပါ အတူတူပါလာရင်တော့ အလိုက်တသိနဲ့ ဘာမှ ဝင်မစွက်ဖက်ပဲ ငြိမ်ငြိမ်လေး လိုက်လာ၊ ကျွန်တော် သူငယ်ချင်းတွေနဲ့ စကားကြီး စကားကျယ် ပြောသမျှကို ပါးစပ်လေး အဟောင်းသားနဲ့ နားထောင် ရှာပါတယ်။ ထားပါတော့ အဲဒါက တစ်ပိုင်း။
            မနေ့က သူကွန်ပျူတာ သုံးနေတာ ကြည့်လိုက်မိတော့ တကုပ်ကုပ်နဲ့ စာတွေရိုက်နေတာ ကျွန်တော် တွေ့တယ်။ အဲဒါနဲ့ ဘာလဲ မသိဘူးဆိုပြီး ကြည့်တော့ ကျွန်တော် မမြင်အောင် ကမန်းကတမ်း ပြန်ပိတ်လိုက်တယ်ဗျ။ အဲဒါနဲ့ ကျွန်တော် မသင်္ကာဖြစ်ပြီး အဲဒီဖိုင်ကို အတင်းကာရော လိုက်ကြည့်တော့ ကျွန်တော် ကြည့်လို့မရအောင် အတင်းကို လိုက်တားတယ်။ လူ့သဘာဝအတိုင်း သူတားလေ ကျွန်တော်က မရရအောင် လိုက်ကြည့်လေပေါ့ဗျာ။ နောက်ဆုံး အဲဒီဖိုင်ကို သူဖျက်ပစ် လိုက်တော့မှ ကျွန်တော်တို့ စိန်ပြေးလိုက်တမ်း ကစားခြင်းက ပြီးပါတော့တယ်။ ခဏနေတော့ ကျွန်တော် ရှိတဲ့နေရာကို သူရောက်လာပြီးတော့ (ကျွန်တော် စိတ်ကောက်သွားတာ မှတ်လို့ထင်တယ်) ဖျက်လိုက်တဲ့ ဖိုင်အကြောင်း ပြောပါတယ်။ အဲဒါ သူစာရေးနေတာတဲ့။ သူစာရေးနေတာကို ကျွန်တော်ဖတ်ပြီးရင် ရယ်မှာစိုးလို့ ကျွန်တော် ဖတ်မယ်လုပ်တော့ လိုက်ဖျက်တာတဲ့ဗျာ။ အမှန်အတိုင်း ပြောရရင် ကျွန်တော် အတော်ကို အံ့သြသွားတယ်။ စာရေးဖို့ မပြောနဲ့ .. ကျွန်တော် ရေးတဲ့စာတွေတောင် ကောင်းကောင်း မဖတ်တဲ့ မိန်းကလေးက စာရေးဖို့ ကြိုးစားနေတယ် ဆိုလို့ပါ။ အဲဒါနဲ့ သူ့ကို ဘာစိတ်ကူး ပေါက်သလဲလို့ အကြောင်းစုံ မေးကြည့်ရတယ်။
            သူစာရေးရခြင်းရဲ့ လက်သည်ကတော့ ကျွန်တော့် သူငယ်ချင်းလည်းဖြစ်၊ အစ်ကိုကြီးလည်းဖြစ်တဲ့ ကဗျာဆရာ ကိုညီဇံလှပါ။ အွန်လိုင်းမှာ စကားပြောကြရင်းနဲ့ ကိုညီဇံလှက သူ့ကို စာရေးဖို့ တိုက်တွန်းတယ်တဲ့။ သူကလည်း စာရေးဖို့ နေနေသာသာ စာစီစာကုံးတောင် ဖြောင့်အောင် ရေးတတ်တာ မဟုတ်ဘူးလို့ ထုံးစံအတိုင်း ပြန်ငြင်းမှာပေါ့။ နောက်ဆုံးမှာ သူရေးချင်တာရေး စာတစ်ပုဒ်ဖြစ်ရင် ပြီးရောဆိုတဲ့ သဘောတူညီမှုကို သူတို့နှစ်ယောက် ရသွားပါတယ်တဲ့။ စာမရေးဘူး ဆိုတဲ့ မယ်မင်းကြီးမ ရေးချလိုက်တာ ကျွန်တော့်အကြောင်းတွေတဲ့ဗျာ။ အဲဒီစာစုလေးကို ကိုညီဇံလှက Facebook မှာ တင်ပြီးတော့ ကျွန်တော့်ကို ဖတ်ဖို့ Tag လုပ်ပါတယ်။ နှိမ်လည်းနှိမ်လိုက်သေးတယ်။ “မင်းကောင်မလေး ရေးတဲ့စာကို မင်းထက်အရင် ငါက ဖတ်ရတာနော်” တဲ့။ ကျွန်တော် ဖတ်ကြည့်တော့ သူရေးထားတာက ကျွန်တော့်အပေါ် သူရဲ့ စိတ်ခံစားမှု တချို့ကို ရေးထားတာပါ။ စာရေးလေ့ရှိသူ မဟုတ်တော့ သူရေးတဲ့စာမှာ အဖွဲ့အနွဲ့တွေ မပါဘဲ ရေးတတ်သလို ခပ်ရှင်းရှင်းလေးပဲ ရေးထားတာကို တွေ့ရပါတယ်။ ရိုးဂုဏ်နဲ့ ဖတ်လို့ကောင်းတယ်လို့ (ကိုယ့်ရည်းစားမို့ ပြောတာမဟုတ်ပါ) ကျွန်တော်က ကောင်မလေးကို ပြောမိပါတယ်။ ထုံးစံအတိုင်းပဲ သူ့ကို ချီးကျူးတော့ “တဟီးဟီး တဟဲဟဲ” နဲ့ သဘောတွေ ကျနေတော့တာပါပဲ။
            သူ့စာစုလေး ဖတ်ပြီးတော့ ကျွန်တော် ကြည်နူးသလို ဝမ်းလည်းသာရပါတယ်။ ကျွန်တော့်အကြောင်းတွေ ရေးထားလို့ မဟုတ်ပါဘူး။ စာရေးချင်စိတ်လေး ပေါ်လာတာကို ဝမ်းသာတာပါ။ သူ့အနေနဲ့ စာမရေးလို့ ကျွန်တော်က စိတ်အနှောင့်အယှက် ဖြစ်စရာမရှိပေမယ့် စာရေးဖို့ စိတ်ဆန္ဒရှိလာတာ ဆိုတော့ ပိုကောင်းတာပေါ့။ သူရေးထားတဲ့ စာစုကို ကျွန်တော် အခု ပြန်တင်လိုက်ပါတယ်။ သူနဲ့ ကျွန်တော့်ကြားက ပုဂ္ဂလ ခံစားမှုကိစ္စဖြစ်တော့ စာဖတ်သူအတွက် အကျိုးအမြတ် တစ်စုံတရာ ရချင်မှရပါလိမ့်မယ်။ ဘာရယ်မဟုတ် … အမှတ်တရသဘော၊ ကျွန်တော့် ဘလော့ဂ်လေးမှာ တင်ထားချင်စိတ် သက်သက်ကြောင့် တင်လိုက်တာပဲ ဖြစ်ပါတယ်။ ဘာမှမပြုမပြင်ချင်လို့ သူရေးထားတဲ့ အတိုင်းပဲ (စာလုံးပေါင်း သတ်ပုံကအစ) ပြန်တင်လိုက်ပါတယ်။ ဖတ်ချင်ရင် ဖတ်ကြည့်ကြပါဦး။

မီးမီးသိသမျှ ကိုကို့ အကြောင်း

ကိုကိုရဲ့ အပြင်ပုံပန်းက အရပ်နဲနဲ ရှည်တယ်။ အသားခပ်ညိုညို၊ ဆံပင်တိုတိုနဲ့ ပြုံးသင့်တဲ့အချိန် ပြုံးပြီး တည်သင့်တဲ့ အချိန်မှာ တည်ငြိမ်နေတတ်သူ။ နောက်ပြီး သူများတွေ မြင်ရင်တော့ ကဗျာဆရာ လူတွေလေးစားတယ်။ နောက်ပီး ရည်းစားများတယ် တစ်ယောက်ပြီးတစ်ယောက် ပြောင်းလဲတတ်တယ်။ မျက်နှာများပီး တော်တော်စွံတဲ့သူလို့ လူတွေကတော့ ထင်တတ်ကြတယ်။ ဒါပေမဲ့ ကိုကို့မှာ ထူးချွှန်တာ တစ်ခုရှိတယ်။ လူတွှေအကြောင်းကို အရမ်းသိပြီး လူကဲခတ် အရမ်းတော်တဲ့အရည်အချင်း တစ်ခုရှိတယ်။ နောက်ပြီး သူမမှားဘူးထင်ရင် လုံးဝအလျှော့မပေးတတ်တဲ့ မာန တစ်ခုရှိတယ်။ နောက်ပြီး အရင်ကောင်မလေးတွေကို ဘယ်လိုမျိုး ဆက်ဆံလဲ ဆိုတာတော့ မသိပေမဲ့ မီးမီးအပေါ်မှာတော့ အကုန်လုံးချုံရင်တော့ ကောင်းပါတယ်။ သူကတစ်ခါတစ်လေ မီးမီးကိုပြုံးပြီး ကြည့်နေတတ်တယ်။ တစ်ခါတစ်လေတော့ ကွန်ပြူတာကို သဲသဲမဲမဲ ကြည့်နေတတ်တယ်။ ယောက်ျားလေး တစ်ယောက်ရဲ့ ကြည့်အကောင်းဆုံး အချိန်က သူအလုပ် လုပ်နေတဲ့ အချိန်တဲ့။ မှန်တယ်လို့တော့ ထင်တယ်။ သူ အလုပ်လုပ်ရင် ကြည့်ကောင်းတယ်။ တစ်ခါတစ်လေ လူကြီး တစ်ယောက်လို ပြုမူပြီး တစ်ခါတစ်လေ ဘာမှမသိတဲ့ ကလေး တစ်ယောက်လို ဖြစ်နေတတ်တယ်။ များသော အားဖြင့်တော့ သူက လူကြီး ဖြစ်နေတတ်တယ်။ ညနေ ပြန်ရင်တော့ ရေမြန်မြန်ချိုးဖို့၊ ထမင်းများများစားဖို့၊ ဂိမ်းအကြာကြီး မဆော့ဖို့၊ ရုပ်ရှင်အကြာကြီး မကြည့်ဖို့၊ ညအိပ်ခါနီး သွားတိုက်ဖို့၊ စောစောအိပ်ဖို့ကို ၀တ္တရားမပျက် မှာတတ်တယ်။ ညနေ ရုံးဆင်းလို့ ပြန်ရင်တော့ နှစ်ယောက်စလုံးရဲ့ ထမင်းချိုင့်ကို လက်တစ်ဖက်ထဲနဲ့ ကိုင်တတ်ပြီး ကျန်လက်တစ်ဖက်က မီးမီးလက်ကို ကိုင်ထားလေ့ ရှိတယ်၊ တစ်ခါတစ်လေ ပုခုံးကို ဖက်ထားလေ့ ရှိတယ်။ နောက်ပြီး အကျင့်ဆိုးတစ်ခု ရှိတယ်။ ဒါကတော့ အမြဲတမ်း တွေ့တယ့် အချိန်တွေကို ပြန်ပြီး အချိုးချရင် နာရီဝက်ဆိုရင် မိနစ်နှစ်ဆယ် လောက်ကတော့ စနောက် နေတတ်တယ်။ တစ်ခါတစ်လေ ပျော်ရတယ်။ တစ်ခါတစ်လေ လိုက်ရိုက်ချင်စိတ် ပေါက်တယ်၊ တစ်ခါတစ်လေ စိတ်တိုတယ်။ သူကို ပြန်ဟောက်တတ်တယ်။ အော်တိုင်းလဲ အပြုံး မပျက်တတ်ဘူး။ တကယ် မအော်ဘူးဆိုတာ သိနေလို့ ထင်တယ်။ နောက်ပြီး ချစ်တယ်လို့ ခဏခဏ ပြောတတ်တယ်။ စိတ်လဲပူတတ်တယ်။ အရွဲ့လဲ နဲနဲတိုက်တတ်တယ်။ သ၀န်လဲ တိုတတ်တေးတယ်။ သူကို တကယ် လက်ထပ်မှာလား ဆိုတာကို စဉ်းစားခိုင်းတယ်။ မီးမီး ပြောနေတာတွေကို မညီးမညူ နားထောင် ပေးတတ်တယ်။ ရုံးက လူတွေနဲ့ မီးမီးနဲ့ ရန်ဖစ်လာရင် မီးမီးဘက်က အသင့်ရှိနေ ပေးတတ်တယ်။ မီးမီးဘက်ကနေပြီး ဒေါသထွက် ပေးတတ်တယ်။ သူ့မှာက အပေါင်းအသင်းလဲ များတယ်။ သူ့သူငယ်ချင်းတွေနဲ့ ခင်မင်အောင် မိတ်ဆက် ပေးတတ်တယ်။ သွားလေရာ ခေါ်သွားတတ်တယ်။ သူ့ကဗျာကို တစ်လုံးမကျန် ဝေဖန်ရှုံ့ချရင်လဲ အပြုံး မပျက်တတ်ဘူး။ တစ်ခါမှ သူ့ကဗျာကို အကောင်းမပြောတတ်တဲ့ မီးမီးကို စိတ်မဆိုးတတ်ဘူး။ အခုထိတော့ မီးမီးဘ၀မှာ အကောင်းဆုံး သူတစ်ယောက်ပေါ့။

မီးမီး


2 comments:

  1. စာလေးဖတ်ပြီး.....ပြုံးမိပါရဲ့ဗျား.....း)

    ခင်မင်ခြင်းအားဖြင့်......
    ဏီလင်းညို

    ReplyDelete
  2. မီးမီးရေးထားတာလေးက ရိုးရိုးရှင်းရှင်းလေးနဲ့ဖတ်လို့ကောင်းတယ်...။

    ReplyDelete