“ကဗျာဆရာအောင်ရင်ငြိမ်းနဲ့ စာမျက်နှာပေါ်က အင်တာဗျူး”

ပုံညွှန်း (ဝဲမှယာ) - ယုံမွန်(UFL)၊ ကျေးတော်မျိုး၊ ရွှေယုန်၊ သူရဿဝါ၊ ဥက္ကာကိုကို (သံတွဲ)၊ ရုပ်သေး၊ နေ့သစ်၊ အောင်ရင်ငြိမ်း
ကျွန်တော်နဲ့ ဥက္ကာကိုကိုတို့ တိုင်ပင်ပြီးတော့ နှစ်ပတ်တစ်ခါ ထုတ်ဝေတဲ့ “နံနက်ခင်းကြယ်စင်စု” ကဗျာ ပန်းဖလက်ကို အကြောင်းပြုပြီး ကဗျာဆရာ (ကို)အောင်ရင်ငြိမ်းက အဲဒီပန်းဖလက်မှာ ပါဝင်တဲ့ Online ကဗျာဆရာ/ ဆရာမတွေနဲ့ Teen မဂ္ဂဇင်းအတွက် စကားဝိုင်း (အင်တာဗျူး) တစ်ခုလုပ်ဖို့ ကမ်းလှမ်းခဲ့ပါတယ်။ ကျွန်တော်တို့တွေ အဲဒီ စကားဝိုင်းမှာ “နံနက်ခင်းကြယ်စင်စု” ထုတ်ဝေ ဖြစ်တဲ့အကြောင်း၊ Online Poetry Culture အကြောင်း၊ Online Poetry နဲ့ Printed Poetry ခြားနားကွဲပြားမှုအကြောင်း စတာတွေ ပြောဖြစ်ခဲ့ကြပါတယ်။ အဲဒါကို Teen မဂ္ဂဇင်းက ၂၀၁၀ ခုနှစ် သြဂုတ်လထုတ်မှာ (ပထမပိုင်းကို) ဖော်ပြပေး ခဲ့ပါတယ်။ အဲဒီ စကားဝိုင်းကို Online က စာဖတ်သူတွေပါ ဖတ်လို့ရအောင် ကျွန်တော် ပြန်တင်ပေးလိုက်ပါတယ်။ ဒုတိယပိုင်းကို နောက်လ Teen မဂ္ဂဇင်း ထွက်တဲ့အချိန်မှာ ထပ်တင်ပေး ပါဦးမယ်။
အွန်လိုင်းပေါ်က ကဗျာဆရာများနှင့် စကားစမြည်
အခု နှစ်ပိုင်းတွေမှာ အွန်လိုင်းပေါ်က ဘလော့ဂါ ကဗျာဆရာနဲ့ သူတို့ရေးတဲ့ ကဗျာတွေအကြောင်း ပုံနှိပ်မီဒီယာ ပေါ်ကို လျှံကျလာပါတယ်။
ဆရာ သစ္စာနီ ပုံမှန် ရေးသားနေတဲ့ ဘလော့ဂ်ကဗျာ မိတ်ဆက် ဆောင်းပါးတွေနဲ့ ၂၀၁၀ မတ်လ ၂၁ ရက် ကမ္ဘာ့ ကဗျာနေ့ အခမ်းအနားမှာ ဆရာ မောင်လင်းရိပ် ဖတ်ကြားခဲ့တဲ့ စာတမ်းတွေကြောင့် အွန်လိုင်း ကဗျာတွေ အပေါ် ပုံနှိပ် မီဒီယာ ကဗျာဆရာနဲ့ စာဖတ်ပရိသတ်ရဲ့ စိတ်ဝင်စားမှု မြင့်တက်လာပါတယ်။
အွန်လိုင်းပေါ်က လူငယ် ကဗျာဆရာတွေ အနေနဲ့ ခေတ်ပြိုင် မြန်မာကဗျာ ယဉ်ကျေးမှုကို ဘယ်လို ဖန်တီးတည်ဆောက် နေကြသလဲ။ သူတို့ ဘယ်လို ကဗျာ အမျိုးအစားတွေ ရေးဖွဲ့နေကြသလဲ။ သူတို့မှာ ဘယ်လို ကဗျာ အယူအဆမျိုးတွေ ရှိသလဲ။ သူတို့ရဲ့ ကဗျာအနုပညာအပေါ် သဘောထားက ဘယ်လိုလဲ။
ဒီလို စိတ်ဝင်စားမှု ဖြစ်နေချိန်မှာပဲ Online Poetry Group တစ်ခုရဲ့ “နံနက်ခင်းကြယ်စင်စု” ဆိုတဲ့ ကဗျာ ပန်းဖလက်လေးတစ်စောင် ကျွန်တော့်ဆီ ရောက်လာခဲ့ပါတယ်။ အဲဒီ ပန်းဖလက်လေးကို အကြောင်းပြုပြီး အွန်လိုင်းပေါ်က မျိုးဆက်သစ် လူငယ် ကဗျာဆရာတွေရဲ့ သဘောထား အမြင်တွေကို ပုံနှိပ်မီဒီယာ စာဖတ်ပရိသတ်တွေ အကဲခတ် သိမြင်နိုင်ဖို့ ကဗျာ စကားဝိုင်းလေး တစ်ဝိုင်း စီစဉ်တင်ဆက် ပေးလိုက်ပါတယ်။ စကားဝိုင်း စီစဉ်တင်ဆက် ခွင့်ပြုတဲ့ ဆရာ မျိုးမြင့်ညိမ်းကို ကျေးဇူးအထူး တင်ရှိပါကြောင်း ပြောကြားလိုပါတယ်။ အင်တာဗျူး အမေးအဖြေများရဲ့ အဆုံးမှာ အွန်လိုင်း ကဗျာဆရာတွေရဲ့ ကဗျာတွေအပေါ် ပုံနှိပ်မီဒီယာ ကဗျာဆရာတချို့ရဲ့ အမြင်တွေကိုလည်း ဖော်ပြပေးထားပါတယ်။
အောင်ရင်ငြိမ်း ညီလေးတို့ တစ်ဦးချင်း အနေနဲ့ လတ်တလော ရေးဖြစ်နေတဲ့ Blog တွေအကြောင်း စပြောရင် ကောင်းမယ် ထင်တယ်။ လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါးပေါ့။
အောင်ရင်ငြိမ်း ညီလေးတို့ တစ်ဦးချင်း အနေနဲ့ လတ်တလော ရေးဖြစ်နေတဲ့ Blog တွေအကြောင်း စပြောရင် ကောင်းမယ် ထင်တယ်။ လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါးပေါ့။
သူရဿဝါ ကျွန်တော်က လတ်တလောမှာတော့ ကျွန်တော့်ကိုယ်ပိုင် Blog ဖြစ်တဲ့ “ရသစာပေအနုပညာဘလော့ဂ်” စာမျက်နှာတွေပေါ်မှာပဲ ရေးဖြစ်နေပါတယ်။ ကျွန်တော်က ကဗျာ အရေးအသားပိုင်း အားသန်ပေမယ့် “ရသစာပေ အနုပညာဘလော့ဂ်” ဆိုတဲ့ သတ်မှတ်ချက်နဲ့ ညီအောင် ကျန်တဲ့ ဆောင်းပါး၊ အက်ဆေး၊ ၀တ္ထုတို၊ ဟာသတွေလည်း အလျဉ်းသင့်သလို အဲဒီမှာ တင်ပြထားပါတယ်။ Blogging Trend အရ Blogger အများစုဟာ သူတို့ရဲ့ ကိုယ်ပိုင် ခံစားမှုတွေကို လွတ်လပ်တဲ့ ပုံစံအမျိုးမျိုးနဲ့ ဖော်ပြလေ့ရှိကြလို့ ကျွန်တော်က ရသစာပေကို တစ်နေရာတည်းမှာ စုစည်း ဖတ်ရှုစေချင်တဲ့ ရည်ရွယ်ချက်မျိုးနဲ့ ဒီဘလော့ဂ်လေးကို သီးသန့် ပြုလုပ်ခဲ့တာပါ။ ကျွန်တော့် Blog Link ကတော့ www.thurathawahpt.co.cc ဖြစ်ပါတယ်။
ဥက္ကာကိုကို(သံတွဲ) ကျွန်တော့်blogကိုတော့ “စာပေအနုပညာမီဒီယာ” လို့ ခေါင်းစဉ် ပေးထားပါတယ်။ ကျွန်တော့် ကိုယ်ပိုင်ကဗျာနဲ့ ၀တ္ထု၊ အက်ဆေး တွေ အဓိက တင်ထားတယ်။ တစ်ခါတစ်ခါမှာတော့ လတ်တလော သတင်း တချို့ကို ကြားဖြတ် တင်ပေးတာတော့ ရှိတယ်။ blog သက်တမ်းကတော့ Blog နဲ့စခဲ့တာ သုံးနှစ် ရှိပြီပေါ့။ ဒီနှစ်စမှာမှ blogsport ပြောင်းသုံး နေပါတယ်။ ဆရာ တာရာမင်းဝေရဲ့ကဗျာတွေကိုလည်း သီးသန့် စာမျက်နှာဖွင့် ပေးထားတယ်။ blog လိပ်စာက www.mgoakkarkoko.co.cc ပါ။ နောက်တစ်ခုက http://oakkarkoko.wordpress.com ပါ။ www.mysuboo.com လည်း အမြဲဝင်ရေးဖြစ်ပါတယ်။
ရွှေယုန် လတ်တလော ရေးဖြစ်နေတဲ့ blog တွေအကြောင်း ပြောဆိုရင်တော့ အရင်ဆုံး ကျွန်တော့်မှာ ကိုယ်ပိုင် ဘလော့ဂ် မရှိတဲ့ အကြောင်းက စရမယ် ထင်တယ်။ ကျွန်တော်က စာပဲ ရေးရုံလေး ရေးနေချင်တာ ဆိုတော့ ကိုယ်ပိုင် ဘလော့ဂ် တစ်ခုလောက် လုပ်ထားဖို့ကို စိတ်မပါခဲ့ဘူးဗျာ။ များသောအားဖြင့် www.mysuboo.com မှာရေးတယ်။ နောက် www.facebook.com မှာရေးတယ်။ ဖတ်ကြည့်ပြီး ဝေဖန်မယ့် သူငယ်ချင်း နည်းနည်းရှိ တော်ပြီပေါ့ဗျာ။ မဟုတ်လား။
ယုံမွန်(UFL) ဘာမှ ကြီးကြီးမားမားတော့ သိပ်မရေးဖြစ်ပါဘူး။ အရင် ရေးနေကျ ဆိုရှယ်ဆိုက် တစ်ခုဖြစ်တဲ့ စုဘူးဆိုက်မှာပဲ ကဗျာတွေ ရေးဖြစ်ပါတယ်။ နောက်ပြီး ကိုယ်ပိုင် ဘလော့ဂ်စပေါ့ တစ်ခုဖြစ်တဲ့ http://thicksoupofmyanmar.blogspot.com မှာလည်း ရေးဖြစ်ပါတယ်။ ယုံက စာရေးတာထက် အွန်လိုင်းပေါ် ရောက်ရင် တခြားသူတွေ ရေးထားတာတွေကို အဖတ်များပါတယ်။ များသောအားဖြင့်တော့ www.mysuboo.com ဆိုက်မှာ အမြဲဝင်ရေးဖြစ်ပါတယ်။
နေ့သစ် ဟုတ်ကဲ့၊ ဘလော့ဂ်ကိုတော့ ပုံမှန်လေး ရေးဖြစ်ပါတယ်။ လက်ရှိ အခြေအနေအရ ကျွန်တော်တို့ ဖန်တီးမှုကို ဘလော့ဂ်မှာပဲ ဖော်ပြနိုင်သေးတာကြောင့်လည်း ပါပါတယ်။ ပြီးတော့ လွတ်လပ်စွာ ခံစားရေးဖွဲ့နိုင်မှုကို အင်တာနက် ဘလော့ဂ်မှာ စိတ်ကြိုက် ဖော်ပြနိုင်တာကြောင့်ရယ်ပါ။ ကျွန်တော့် ဘလာ့ဂ်လေးကို “ကျွန်တော်နှင့်ထနောင်းပင်များ” လို့ အမည် ပေးထားပါတယ်။ လက်ရှိလင့်ခ်ကတော့ www.naethit.com ပါ။
ရုပ်သေး blog ဆိုတော့ သိတဲ့အတိုင်း လွတ်လပ်တယ်လေ။ စာမျက်နှာ ပေါ်မှာလို မဟုတ်ဘူး။ ကိုယ်ဖော်ပြချင်တာတွေကို လွတ်လွတ်လပ်လပ် ဖော်ပြခွင့်ရတယ်။ ပြောဆိုခွင့်ရတယ်။ Blogger ဆိုတော့လည်း Blogger စည်းလေးတော့ ရှိတာပေါ့။ ကျန်တာကတော့ blog ဆိုတဲ့အတိုင်း ပေါ့ပါးစွာ တင်ပြနိုင်ခွင့်ရှိတယ်။ ရတယ်။ ကိုယ်လက်အင်္ဂါ အပြည့်အစုံနဲ့ ကိုယ့်ဖန်တီးမှုကိုယ် ကောင်းကောင်းမွန်မွန် မြင်တွေ့နိုင်တယ်။
ကျေးတော်မျိုး လက်ရှိရေးဖြစ်တဲ့ blog ကတော့ http://kyaytawmyo.blogspot.com မှာပဲ ရေးဖြစ်ပါတယ်။ နောက် www.mysuboo.com မှာပေါ့။
အောင်ရင်ငြိမ်း ညီလေးတို့ကို Online Media ပေါ်က Web Page တွေမှာ ကဗျာရေးနေကြတဲ့ IT မျိုးဆက် ကဗျာဆရာတွေလို့ ဆိုရမှာပေါ့။ Online Media ပေါ်က ကဗျာရေးသူနဲ့ ဖတ်သူကြားက ထိတွေ့ဆက်ဆံမှု၊ ကဗျာ တန်ဖိုးထား ခံစားမှု၊ ဝေဖန် အကြံပေးမှုတွေအကြောင်း ပြောပါဦး။
နေ့သစ် အွန်လိုင်းပေါ်က ကဗျာထိတွေ့ ဆက်ဆံမှု၊ ကဗျာရေးသူနဲ့ ဖတ်သူကြား ထိတွေ့မှု၊ အဲဒီ အပိုင်းတွေမှာ အင်တာနက်သုံးသူ များလာတာနဲ့ အမျှ ကဗျာစာပေ အားပေးမှုလည်း များလာပါတယ်။ ကဗျာ ဖတ်သူတွေထဲမှာ ကဗျာကို တကယ့်ကို တန်ဖိုးထား မြတ်နိုးပြီး အားပေးသူတွေ ရှိသလို တစ်ခါတလေ အပြောင်အပြက် လာပြီး ဝေဖန်တာမျိုးတွေ၊ မလိုအပ်တဲ့ ဝေဖန်မှု မျိုးတွေကိုလည်း ကြုံရပါတယ်။ အပြုသဘော ပြောရရင်တော့ အွန်လိုင်းကဗျာ လောကအနေနဲ့ ကဗျာ အားပေးမှုအပိုင်း၊ ဝေဖန် အကြံပေးမှုအပိုင်းတွေမှာ တိုးတက် ကောင်းမွန်တဲ့ အခြေအနေမှာ ရှိနေပါတယ်လို့ ပြောနိုင်ပါတယ်။
သူရဿဝါ ဟုတ်ကဲ့...၊ အဲဒီလို ပြောလို့ရပါတယ်။ ကျွန်တော်တို့ Online Media အနေနဲ့ ကဗျာလှုပ်ရှားမှုကို တစိုက်မတ်မတ် ဦးတည်မိတဲ့ အခါမှာ အချိန် အတိုင်းအတာတစ်ခု ကြာလာတာနဲ့အမျှ ဖတ်သူဘက်က အသံတွေလည်း တဖြည်းဖြည်း လက်ခံရရှိခဲ့ပါတယ်။ ကျွန်တော်တို့ တင်ပြလိုက်တဲ့ ကဗျာတွေရဲ့ ခံစားမှု၊ ပုံသဏ္ဌာန် အပေါ်လိုက်ပြီး ဖတ်သူလည်း သူတို့ရဲ့ကဗျာအပေါ် နားလည် ခံစားနိုင်စွမ်းနဲ့ သူတို့ရဲ့အမြင်ကိုပါ ပွင့်ပွင့်လင်းလင်း တုံ့ပြန် တတ်တာကို တွေ့ရပါတယ်။ ကျွန်တော်တို့ ရေးသား ဖော်ပြထားတဲ့ ကဗျာကို သူတို့ ဖတ်ရှုခြင်းနဲ့ သူတို့ရဲ့အမြင်ကို ကျွန်တော်တို့ ပြန်လည် ဖတ်ရှုသိမြင်ရခြင်းက Online Media ပေါ်က ရေးသူ၊ ဖတ်သူကြား ထိတွေ့ဆက်ဆံမှုပါပဲ။ ကျွန်တော်တို့က ကဗျာတွေ ပုံမှန် ရေးသားသလို ဖတ်သူတွေကလည်း ပုံမှန်ဖတ်ရှု ဝေဖန်မှုကို ပြုလုပ်နေကြတဲ့အတွက် သူတို့ရဲ့ ကဗျာ တန်ဖိုးထား ခံစားမှုကိုတော့ ထွေထွေထူးထူး ပြောစရာ မလိုအပ်တော့ဘူး ထင်ပါတယ်။
အောင်ရင်ငြိမ်း ကဗျာ အနုပညာကို စိတ်တိမ်းညွတ်ဝင်စားတဲ့ Y - Generation လူငယ်တွေ အနေနဲ့ Web Page တွေပေါ်မှာပဲ ကဗျာရေး နေကြတာက ကိုယ့်မျိုးဆက်ရဲ့ Media/ Zone ကို ကန့်သတ် သတ်မှတ်ထားတဲ့ သဘောမျိုးလား။ Print Media က မဂ္ဂဇင်း စာမျက်နှာတွေပေါ်ကို ဘာဖြစ်လို့ မဖြတ်သန်းကြတာလဲ။ အခက်အခဲရှိလို့လား။
ယုံမွန်(UFL) Online Media နဲ့ Print Media နဲ့က သူ့ဟာနဲ့သူတော့ အခက်အခဲတွေ ရှိပါတယ်။ ဒါပေမယ့် ယုံတို့ အနေနဲ့ကတော့ Online Media ပေါ်မှာ Web Page တွေထဲ ကဗျာရေးရတာ ပိုလွယ်ကူပါတယ်။ စာပေ ၀ါသနာပါပြီး စာတွေ စရေးမယ့် လူတစ်ယောက်အနေနဲ့ မဂ္ဂဇင်း စာမျက်နှာပေါ် ချက်ချင်း လှမ်းတက်ဖို့ဆိုတာ မလွယ်ကူပါဘူး။ မြန်မာစာပေ ယဉ်ကျေးမှု အဆင့်အတန်းကလည်း မြင့်မားပြီး အစဉ်အလာ ကြီးမားခဲ့တယ်။ ဒါကြောင့် မဂ္ဂဇင်းတိုက်တွေ အနေနဲ့လည်း တွေ့ရာလူရဲ့စာမူကို တင်ပေးဖို့ဆိုတာ မဖြစ်နိုင်ဘူးလေ။ Online မှာကျတော့ အဲဒီ အခက်အခဲတွေ မရှိပါဘူး။ ယုံတို့ Online မှာ စာရေးရတာ လွတ်လပ်တယ်။ စည်းမျဉ်း၊ ဘောင်တွေနဲ့ ချုပ်ချယ်မှု မရှိဘူး။ ကိုယ်တိုးဝင်ရတဲ့ ပတ်ဝန်းကျင် နယ်ပယ်လည်း ကျယ်ပြန့် နွေးထွေးမှုရှိတယ်။ ဒါကြောင့် Online မှာ စာရေးတာ ကိုယ့်မျိုးဆက်ရဲ့ Media/ Zone ကို ကန့်သတ်တာ မဟုတ်ပေမယ့် ကိုယ့်အတွက် နေရာတစ်နေရာ ရှိတဲ့အတွက် ကျေနပ်နှစ်သိမ့် မိပါတယ်။ Print Media အတွက် မဂ္ဂဇင်း စာမျက်နှာပေါ်ကိုလည်း ရောက်နိုင်ဖို့ ကြိုးစား နေပါတယ်။ မဂ္ဂဇင်းတွေမှာ နေရာတစ်နေရာ ၀င်ရပ်ဖို့ကတော့ လေ့လာသင်ယူမှုတွေ အများကြီး လိုသလို စဉ်ဆက်မပြတ် ကြိုးစား အားထုတ်နိုင်မှသာ ရမယ် ထင်ပါတယ်။ Online Media ထက်တော့ Print Media က ယုံတို့အတွက် အခက်အခဲ ရှိပါတယ်။
ယုံမွန်(UFL) Online Media နဲ့ Print Media နဲ့က သူ့ဟာနဲ့သူတော့ အခက်အခဲတွေ ရှိပါတယ်။ ဒါပေမယ့် ယုံတို့ အနေနဲ့ကတော့ Online Media ပေါ်မှာ Web Page တွေထဲ ကဗျာရေးရတာ ပိုလွယ်ကူပါတယ်။ စာပေ ၀ါသနာပါပြီး စာတွေ စရေးမယ့် လူတစ်ယောက်အနေနဲ့ မဂ္ဂဇင်း စာမျက်နှာပေါ် ချက်ချင်း လှမ်းတက်ဖို့ဆိုတာ မလွယ်ကူပါဘူး။ မြန်မာစာပေ ယဉ်ကျေးမှု အဆင့်အတန်းကလည်း မြင့်မားပြီး အစဉ်အလာ ကြီးမားခဲ့တယ်။ ဒါကြောင့် မဂ္ဂဇင်းတိုက်တွေ အနေနဲ့လည်း တွေ့ရာလူရဲ့စာမူကို တင်ပေးဖို့ဆိုတာ မဖြစ်နိုင်ဘူးလေ။ Online မှာကျတော့ အဲဒီ အခက်အခဲတွေ မရှိပါဘူး။ ယုံတို့ Online မှာ စာရေးရတာ လွတ်လပ်တယ်။ စည်းမျဉ်း၊ ဘောင်တွေနဲ့ ချုပ်ချယ်မှု မရှိဘူး။ ကိုယ်တိုးဝင်ရတဲ့ ပတ်ဝန်းကျင် နယ်ပယ်လည်း ကျယ်ပြန့် နွေးထွေးမှုရှိတယ်။ ဒါကြောင့် Online မှာ စာရေးတာ ကိုယ့်မျိုးဆက်ရဲ့ Media/ Zone ကို ကန့်သတ်တာ မဟုတ်ပေမယ့် ကိုယ့်အတွက် နေရာတစ်နေရာ ရှိတဲ့အတွက် ကျေနပ်နှစ်သိမ့် မိပါတယ်။ Print Media အတွက် မဂ္ဂဇင်း စာမျက်နှာပေါ်ကိုလည်း ရောက်နိုင်ဖို့ ကြိုးစား နေပါတယ်။ မဂ္ဂဇင်းတွေမှာ နေရာတစ်နေရာ ၀င်ရပ်ဖို့ကတော့ လေ့လာသင်ယူမှုတွေ အများကြီး လိုသလို စဉ်ဆက်မပြတ် ကြိုးစား အားထုတ်နိုင်မှသာ ရမယ် ထင်ပါတယ်။ Online Media ထက်တော့ Print Media က ယုံတို့အတွက် အခက်အခဲ ရှိပါတယ်။
ရွှေယုန် ကျွန်တော်တို့ မဂ္ဂဇင်း စာမျက်နှာတွေပေါ် မဖြတ်သန်းဘဲ Web Page တွေပေါ်မှာချည်း ကဗျာရေးနေကြတာ ဘာကြောင့်လဲ ဆိုရင်တော့ အခုနက ကျွန်တော်ပြောသလိုပါပဲ။ ကျွန်တော်က ရေးရုံကလေး ရေးနေရရင်ပဲ ကျေနပ်နေပြီဗျ။ အင်း ... မဂ္ဂဇင်း စာမျက်နှာတွေပေါ် ရောက်ဖို့က အခက်အခဲ နည်းနည်းရှိတာလည်း ပါတာပေါ့လေ။ အစ်ကို ပြောသလို Media/ Zone ကို ကန့်သတ် ထားတာတော့ မဟုတ်ပါဘူး။ ပုံနှိပ်စာမျက်နှာတွေနဲ့ ကွန်ပျူတာစာမျက်နှာတွေ ကူးလူး ဆက်နွှယ်ဖို့ကိုတော့ ကျွန်တော်တို့ အားလုံး တကယ်ပဲ ဆန္ဒရှိပါတယ်ဗျာ။ ဒါကြောင့်လည်း အခု “နံနက်ခင်းကြယ်စင်စု” ကဗျာ ပန်းဖလက်လေးကို စလုပ်ဖြစ်ခဲ့တာပေါ့။
နေ့သစ် ကန့်သတ်တဲ့ သဘောမျိုး မဟုတ်ဘူးလို့တော့ ကျွန်တော် ထင်ပါတယ်။ ဒီဘက်ခေတ် လူငယ်တွေ အနေနဲ့က အွန်လိုင်းမှာ ရေးရတာ၊ ကိုယ်ပိုင် ဘလော့ဂ် ဖန်တီးပြီး ရေးရတာစတဲ့ အကြောင်းရင်းတွေက နည်းပညာရဲ့ လွယ်ကူ သက်သာမှုကြောင့်ပါ။ ဒါ့အပြင် ကျွန်တော်တို့ အနေနဲ့ စာဖတ်သူကို တိုက်ရိုက် ချပြချင်တဲ့ Message ကို အွန်လိုင်း ပေါ်မှာက စိတ်ကြိုက် ချပြနိုင်ပါတယ်။ Print Media ပိုင်းဘက်ကို ကူးပြောင်းဖို့၊ တိုးဝင်ဖို့ အစီအစဉ်လည်း ရှိပါတယ်။ အခက်အခဲ တချို့လည်း ရှိနေတယ်လို့ ပြောလို့ရနိုင်ပါတယ်ခင်ဗျာ။
ကျေးတော်မျိုး မဟုတ်ပါဘူး။ Web Page တွေပေါ်မှာ ရေးရတာက ကျွန်တော်တို့ ဗလာစာအုပ် ပေါ်ကထက် ဒီအွန်လိုင်းပေါ်မှာ တင်ရတာ လူငယ်တွေ ပိုဖတ်ဖြစ်မယ် ထင်တယ်။ အရင်က ကျောက်သင်ပုန်း၊ ကျောက်တံ၊ နောက် ဗလာစာအုပ် ...။ ခုတော့ Web Page ပေါ့။ Print Media ကို သဘောကျပါတယ်။ အားလည်းကျပါတယ်။ ဒါပေမယ့် ကိုယ့်ကိုယ်ကို အားမရသေးဘူး။
အောင်ရင်ငြိမ်း ညီလေးတို့ Online Poetry Group က “နံနက်ခင်းကြယ်စင်စု” ဆိုတဲ့ ကဗျာ ပန်းဖလက်လေးမှာ ကဗျာတွေ ရွေးချယ် စုစည်းဖြစ်ပုံ ပြောပါဦး။ တစ်လက်စတည်း Blogger တွေရဲ့ Online Poetry Culture နဲ့ Print Media က ခေတ်ပြိုင် ကဗျာ ယဉ်ကျေးမှုအပေါ် နှိုင်းယှဉ် သုံးသပ်တဲ့ အမြင်လေးတွေ သိချင်တယ်။ မီဒီယာ နယ်ပယ်ချင်း မတူတဲ့ ကဗျာယဉ်ကျေးမှု နှစ်မျိုးရဲ့ ကွဲပြားခြားနားမှု၊ အားနည်းချက်၊ အားသာချက်၊ အပြန်အလှန် ဆက်စပ်မှု၊ အမှီသဟဲပြုမှု စသဖြင့်ပေါ့။
ဥက္ကာကိုကို “နံနက်ခင်းကြယ်စင်စု” ကဗျာပန်းဖလက်ကို လုပ်ဖြစ်တဲ့ ရည်ရွယ်ချက်က အွန်လိုင်းမှာ ရေးနေကြတဲ့ လူငယ်တွေရဲ့ ကဗျာတချို့ကို Print Media ကဗျာဆရာတွေဆီကို ချပြချင်တာပါ။ လက်ရှိ အခြေအနေက Print Media ကဗျာသမားတွေ ဘာရေးနေကြတယ်ဆိုတာ ကျွန်တော်တို့သိတယ်။ ကျွန်တော်တို့ ဘာတွေ ရေးနေ တင်ပြနေကြတယ် ဆိုတာ စာပေအသိုက်အ၀န်းက သိပ်မသိကြသေးတဲ့ သဘောရှိတယ်။ တံတားလေးတစ်စင်း ထိုးခင်း ကြည့်လိုက်တာပါ။ အဖွဲ့ပုံစံ လုပ်မထားဘူး။ ကဗျာတွေကို ကျွန်တော်နဲ့ သူရဿဝါနဲ့ blog စာမျက်နှာတွေ လိုက်ဖတ်တယ်။ Mysuboo ၀က်ဘ်ဆိုက်ထဲက ကဗျာတွေ သွားဖတ်တယ်။ ကြိုက်တဲ့ ကဗျာတွေ့ရင် ရေးတဲ့သူကို သုံးမယ်ဆိုတာ အကြောင်းကြားပြီး ပန်းဖလက်ထဲ ထည့်လိုက်တယ်။ တချို့က မေးလ်နဲ့ပို့တာရှိတယ်။ အွန်လိုင်း ကဗျာယဉ်ကျေးမှုနဲ့ Print Media က ခေတ်ပြိုင်ကဗျာ ယဉ်ကျေးမှုက ကြားခံမီဒီယာ နယ်ပယ်မတူပေမယ့် ကဗျာယဉ်ကျေးမှု အနေနဲ့ ဘာမှ ကွဲပြားခြားနားမှု မရှိပါဘူး။ ကျွန်တော်တို့ နှစ်ဖက်စလုံးက ကဗျာဆိုတာကို ရေးနေကြတာပဲလေ။ ကျွန်တော်က Print Media ကိုပဲ အဓိက အမှီသဟဲ ပြုခဲ့ရ ပြုနေရတာပါပဲ။
သူရဿဝါ ဟုတ်ကဲ့ဗျ၊ ကျွန်တော်တို့ ကဗျာ ရွေးချယ် စုစည်းတာကတော့ ဥက္ကာ ပြောခဲ့သလိုပါပဲ။ အဓိက ရည်ရွယ်ချက်ကတော့ ကျွန်တော်တို့လည်း ကိုယ့်လျှောက်လမ်းပေါ်မှာ သွားမြဲတိုင်း သွားနေကြတယ် ဆိုတာလေးကို သိစေချင်တာပါ။ အခုဆိုရင် Print Media နဲ့ Online က ကဗျာဆရာတွေကြားက ဆက်ဆံရေးနဲ့ အပြန်အလှန် ကူးသန်း သွားလာမှုက တော်တော်ကြီးကို နီးကပ်လာပါပြီ။ Online ကဗျာ ရေးသားသူတွေထဲက အရည်အချင်းရှိသူအချို့ ပုံနှိပ် စာမျက်နှာတွေပေါ် နေရာရလာကြသလို Print Media က နာမည်ရှိတဲ့ ကဗျာဆရာ အချို့ကလည်း သူတို့ ကဗျာတွေကို မဂ္ဂဇင်း စာမျက်နှာပေါ်မှာသာမကဘဲ Online မှာပါ blog တွေ အနေနဲ့တင်ပြီး သူတို့ရဲ့နေရာကို ချဲ့ထွင်နိုင်အောင် ကြိုးစား လာကြတာ တွေ့ရပါတယ်။ ဒါဟာ ကောင်းမွန်တဲ့လက္ခဏာ တစ်ရပ်လို့ ကျွန်တော်က ယူဆပါတယ်။ Media နယ်ပယ်ချင်း မတူကြပေမယ့် ကဗျာ ရေးကြတာချင်း အတူတူပါပဲ။ ကျီးကန်းနဲ့ စာကလေး အမျိုးအစားချင်း မတူပေမယ့် “ငှက်” ဆိုတဲ့ ခေါင်းစဉ် တစ်ခုတည်းအောက်မှာ ရှိနေကြသလိုပဲပေါ့ဗျာ။ ကျွန်တော် ဖြစ်စေချင်တာလေး တစ်ခုတော့ ရှိပါတယ်။ Online လူငယ် ကဗျာဆရာလေးတွေရဲ့ ကဗျာတွေကို Print Media က ကဗျာဆရာတွေက တန်ဖိုးထား ဖတ်ရှုပေးပြီး ဝေဖန် ဆွေးနွေးမှုတွေ လုပ်ပေးစေချင်သလို Print Media က ကဗျာဆရာတွေရဲ့ကဗျာတွေကို Online ပေါ်တင်နိုင်ဖို့ Online ကဗျာရေးသူ လူငယ်တွေက နည်းပညာပိုင်းအရ ပံ့ပိုးကူညီပေးကြမယ်ဆိုရင် ကျွန်တော်တို့ နှစ်ဦးနှစ်ဖက်ကြားက အပြန်အလှန် ဆက်စပ်မှု၊ အမှီသဟဲ ပြုမှုတွေဟာ ကျန်တဲ့ စာဖတ်သူတွေအပေါ်ကိုပါ ကောင်းမွန်တဲ့ အကျိုးသက်ရောက်မှုမျိုး ဖြစ်ပေါ်လာစေမှာ သေချာပါတယ်။
အောင်ရင်ငြိမ်း ဘုန်းနေသွန်း၊ မင်းစိုးရာ၊ အောင်ပိုင်စိုး၊ မြတ်ဝေ၊ လင်းဆက်နောင်၊ သုမင်းညိုတို့လို လူငယ်တွေ ဆိုရင်လည်း Y - Generation လူငယ်တွေပဲ။ သူတို့က Printed Poet တွေဖြစ်သလို Online ပေါ်မှာလည်း ကဗျာတွေ တင်ထားကြတယ်။ Print Media ကဗျာတွေကို Online မှာ ဖတ်လို့ရနိုင်အောင် လုပ်ထားတဲ့ သဘောပေါ့။ ညီလေးတို့ အနေနဲ့ Online Media က ကဗျာတွေကို Print Media စာဖတ် ပရိသတ်နဲ့ ကဗျာ ဖတ်သူတွေ ဖတ်ခွင့်ရလာအောင် လုပ်ဖို့ ဘယ်လို စိတ်ကူးအစီအစဉ်မျိုးတွေ ရှိကြလဲ။
ဥက္ကာကိုကို အမှန်အတိုင်း ပြောရင် ကျွန်တော်လည်း Printed Poet တစ်ယောက်ပါပဲ။ ၂၀၀၅၊ ဇန်န၀ါရီလထုတ် ရတီမဂ္ဂဇင်းမှာ ဂြိုဟ်သားတချို့နှင့်စကားပြောခြင်း ဆိုတဲ့ ကဗျာလေးနဲ့ စာပေလောကထဲ စရောက်ခဲ့တာပါ။ မဂ္ဂဇင်း စာမျက်နှာတွေ ပေါ်မှာလည်း ကဗျာနဲ့ ၀တ္ထု၊ အက်ဆေးတွေ ရေးသားနေပါတယ်။ Online Media ပေါ်ကိုတော့ ၂၀၀၇ မှ စရောက်တာပါ။ အခုအချိန်မှာ ကျွန်တော်က Print တစ်ဝက် Online တစ်ဝက်ဖြစ်နေတဲ့ ငပေတစ် ကောင်ပေါ့။ Online Media က ကဗျာတွေကို Print Media စာဖတ်ပရိသတ်ဆီ ဘယ်လိုပို့ရမယ် ဆိုတာ မစဉ်းစားမိသေးပါဘူး။ ပန်းဖလက်တွေနဲ့ပဲ လူနည်းစုဆီ ဖြန့်နိုင်ပါသေးတယ်။
ရွှေယုန် Printed Poet တွေရဲ့ကဗျာတွေကို Online ပေါ်မှာ ဖတ်လို့ရအောင် လုပ်ခဲ့တာတော့ ကြာပါပြီ။ Y - Generation က လူငယ်တွေတင် မကပါဘူး။ တခြား နာမည်ကြီးတဲ့ ကဗျာဆရာ အများစုရဲ့ ကဗျာ အတော်များများကိုပါ Online က ကဗျာချစ်တဲ့ သူတွေတိုင်း သူတို့ Web Page တွေ၊ blog တွေမှာ တင်ထားပေးကြပါတယ်။ အဲဒီလိုပဲ Online Media က ကဗျာတွေ Print Media ပေါ်ရောက်လာဖို့ အတွက် Print Media က လူတွေရဲ့ အကူအညီ အများကြီး လိုအပ်လိမ့်မယ်လို့ ကျွန်တော် ထင်တာပါပဲ။ ဥပမာ မဂ္ဂဇင်းတွေမှာ Online က နာမည်ရ ကဗျာဆရာတွေ အတွက် သီးသန့်ကဏ္ဍတစ်ခု ထားပေးတာမျိုးပေါ့။
သူရဿဝါ ဒီအတွက်ကတော့ ကျွန်တော်တို့ ကြိုးစားဆဲ အဆင့်မှာပဲ ရှိပါသေးတယ်။ ဒါကို အကောင်အထည် ပေါ်လာဖို့တော့ စဉ်းစားနေကြပါတယ်။ ဒီ “နံနက်ခင်းကြယ်စင်စု” ဟာ Online Poetry Culture ကို Print Media စာဖတ် ပရိသတ်တွေဆီ စတင်မိတ်ဆက်တဲ့ ကျွန်တော်တို့ရဲ့ ပထမခြေလှမ်းပါပဲ။ စေတနာများရင် အမှားအယွင်းလည်း များတဲ့အတွက် ကျွန်တော်တို့ ဖြည်းဖြည်းချင်းပဲ သွားကြတာ ကောင်းမယ်ထင်ပါတယ်။
ယုံမွန်(UFL) ယုံတို့ ရေးထားတဲ့စာတွေ၊ ကဗျာတွေကို Print Media စာဖတ်ပရိသတ်နဲ့ ကဗျာဖတ်သူတွေ ဖတ်မိစေချင် တာကတော့ ယုံတို့ရင်ထဲက စစ်မှန်တဲ့ဆန္ဒပါပဲ။ ဒါပေမယ့် ခုနပြောသလိုပဲ မဂ္ဂဇင်းထဲ ရောက်ဖို့ကျတော့ ယုံတို့အတွက်က အိပ်မက်တစ်ခုလို ဖြစ်နေတယ်။ တစ်နေ့နေ့မှာတော့ ယုံတို့အတွက် စိတ်ကူးထဲက အိပ်မက်တွေ လက်တွေ့ဘ၀ထဲမှာ ရှင်သန်နိုးကြား လာဦးမှာပါ။ အခုထိတော့ ကြိုးစားနေဆဲပါပဲ။
အောင်ရင်ငြိမ်း။ ။ အခုနောက်ပိုင်း ဆရာသစ္စာနီ၊ ဆရာမောင်လင်းရိပ်တို့ရဲ့ Blogger မိတ်ဆက် ဆောင်းပါးတွေကြောင့် Blogger တွေရဲ့ Online Poetry ကို ပိုစိတ်ဝင်စားကြတယ်။ Online ပေါ်မှာ ဘယ်လို ကဗျာယဉ်ကျေးမှုမျိုး ဖြစ်ထွန်း နေသလဲလို့ သိချင်လာကြတယ်။ ဒါနဲ့ မဂ္ဂဇင်းအယ်ဒီတာတွေက Online Poetry Cluture ကို မီဒီယာချင်း ချိတ်ဆက် ကူးလူးတဲ့ အနေနဲ့ Blog Poem/ Online Poem ဆိုပြီး ကဏ္ဍသစ် ဖွင့်လှစ်ပြီး ပုံနှိပ်ဖော်ပြပေးမယ် ဆိုရင်ရော။ တစ်ခုတော့ ရှိတယ်။ Online ကဗျာဆရာတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုတော့ လိုမယ်။ ဥပမာ teen magazine မှာ Blog Digest ဆိုပြီး ကဏ္ဍတစ်ခု ၂၀၀၅ ခုနှစ်လောက် ကတည်းက ဖွင့်ပေးခဲ့ဖူးတယ်။ ကဗျာ၊ ဆောင်းပါး၊ Essay တွေဖော်ပြပေးတယ်။ ဒါပေမယ့် Online ဆရာတွေရဲ့ ပူးပေါင်းဆောင်ရွက်မှု အားနည်းလို့ စာဖတ်သူ Online ရှိနေပေမယ့် အဲဒီကဏ္ဍ ရပ်ခဲ့ရတယ်။
ကျေးတော်မျိုး ဟုတ်ကဲ့၊ ကျွန်တော်တို့ နှစ်သက်ပါတယ်။ ဒါမျိုးက ဖြစ်သင့်နေတာ ကြာပြီ။ ကျွန်တော်တို့ blog တွေမှာ Print Poet တွေကို နှစ်သက်တာ၊ ကြိုက်တာမျိုးတွေ့ရင် တင်ပေးပါတယ်။ အများစုကတော့ ဆရာ မောင်သိန်းဇော်ရဲ့ ကဗျာလေးတွေပေါ့။ တခြား ကဗျာဆရာတွေရဲ့ ကျွန်တော် ကြိုက်တဲ့ကဗျာတွေဆိုရင် ကျွန်တော့် blog မှာတင်ပါတယ်။
ရွှေယုန် ဟုတ်ကဲ့၊ အဲဒီအစီအစဉ်လည်း ကောင်းပါတယ်။ Online Poetry တွေကို Print Media ပေါ်မှာ မြင်စေချင်တာကတော့ ကျွန်တော်တို့ အားလုံးဆန္ဒဆိုတော့ အားလုံးလည်း သဘောကျကြမယ် ထင်ပါတယ်။
ဥက္ကာကိုကို ဆရာသစ္စာနီတို့ မိတ်ဆက် ပေးတာတွေကို ကျေးဇူးတင်ပါတယ်။ မဂ္ဂဇင်း အယ်ဒီတာတွေက ဆရာပြောသလို Blog Poem (သို့မဟုတ်) Blog Poem ဆိုပြီး ကဏ္ဍသစ် ဖွင့်ပေးမယ် ဆိုရင်လည်း မဆိုးပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ကို သီးခြား ခွဲထုတ် ဆက်ဆံလိုက်သလို ဖြစ်မှာလည်းစိုးတယ်။ ကောင်းတော့ကောင်းပါတယ်။
(ဆက်လက်ဖော်ပြပါမည်)
အောင်ရင်ငြိမ်း
ဖတ်ရှုပေးကြတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဒုတိယပိုင်းကို နောက်လမှာ ထပ်တင်ပေးပါ့မယ်။ စာဖတ်သူတို့ရဲ့ အမြင်များကိုလည်း ပွင့်ပွင့်လင်းလင်း ရေးသွားနိုင်ပါတယ်။
၆ - သြဂတ်စ် - ၂၀၁၀
ဖူးငုံဆယ်ကျော်သက်မဂ္ဂဇင်း
၆ - သြဂတ်စ် - ၂၀၁၀
ဖူးငုံဆယ်ကျော်သက်မဂ္ဂဇင်း
[ အမှတ် (၉၃) ၊ သြဂတ်စ် ၂၀၁၀ ခုနှစ် ]
မိုက်ပါ့
ReplyDeleteဟိုတစ်ခါက ပြောတဲ့ အင်တာဗျူးဆိုတာ ဒါကိုးဘ