“သေကြောင်းကြံစည်”
မနက်ဖြန်သီချင်း၊ မနက်ဖြန်ပြတင်း ငါနဲ့ မရင်းနှီးနိုင်တော့ဘူး
လေထဲ ပျံ့ကြဲသွားတဲ့ ၀တ်မှုန်ပွင့်လေးလို …
ငါနဲ့ ငါ့စိတ္တဇတွေနဲ့ လုံးထွေးရစ်ပတ်ခဲ့ပြီးနောက်
ပြန်ဆင်းလို့မရတော့မယ့် လှေကားထစ်တွေဆီ ငါမော့ကြည့်လိုက်တယ်
အဲဒီနောက် … တစ်လှမ်းချင်း ငါ …
………………….. ………………..
(၁)
ငါဟာ ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်ရှိတဲ့ လူငယ်လေးတစ်ယောက်
ဖြစ်ခဲ့ဖူးတယ်
(၂)
ငါနဲ့ ငါ့အနုပညာကြားမှာ ဘာစကားမှမလိုအပ်ဘူးလို့ ငါထင်ခဲ့ဖူးတယ်
(၃)
ကောင်းကင်ပေါ်မျောနေတဲ့ မိုးတိမ်တစိတ်တပိုင်းဟာ ငါဖြစ်တယ်လို့
ထင်ခဲ့ဖူးတယ်
(၄)
ငါ့ဆီတည့်တည့်ရောက်လာတဲ့ မျက်လုံးတချို့ကို အဓိပ္ပါယ်ဖွင့်ဆိုဖို့
ကြိုးစားခဲ့ဖူးတယ်
(၅)
ငါ …. အရာအားလုံးအတွက် အောင်မြင်လုနီးနီးဖြစ်ခဲ့ဖူးတယ်
(၆)
ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်ရှိတဲ့ လူငယ်လေးတစ်ယောက် လောကထဲမှာ
ခက်ခက်ခဲခဲ ရှင် သန် ခဲ့ ဖူး တယ်
ငါ ကဗျာတချို့ရေးခဲ့တယ်၊ စိတ်အခန့်မသင့်တဲ့အခါ ငါနဲ့အခန့်မသင့်သူတွေနဲ့ ရန်ဖြစ်တယ်၊
အိုင်တီနည်းပညာတချို့နဲ့ လက်ထပ်ပေါင်းသင်းတယ်၊ မိန်းမလှလေးအနည်းငယ်နဲ့ ဇာတ်လမ်းအများကြီးရှိခဲ့တယ်၊
လူသားဆန်ဆန်နေထိုင်ဖို့ အတ္တကြီးအောင် လေ့ကျင့်ယူတယ်၊ မိန်းမပျိုလေးတစ်ယောက်ရယ် .. သူ့အတ္တတွေရယ်ကို
နှစ်နှစ်ကာကာ ချစ်ခဲ့တယ်၊ ရွာလွန်ရွက်တိုက် မိုက်ရူးရဲဆန်ဖူးတယ်၊ အိမ်ထမင်းအိမ်ဟင်း တခါတလေ
စားဖူးတယ်ရှိအောင်ပြန်စားတယ်၊ ဒါပါပဲ … ငါ့အပြုအမူတွေ သိပ်များခဲ့ပေမယ့် ငါလုပ်ခဲ့သမျှ ဒါလောက်ပါပဲ၊ သူလိုငါလို
ဒီကဗျာရေးတဲ့အချိန်မှာ ငါမျက်ရည်ကျတယ်၊ စိတ်ဓါတ်ကျတယ်၊ မှတ်မှတ်ရရ စေ့စပ်လက်စွပ်လေးလည်း
ချောက်နက်ကြီးထဲ ပြုတ်ကျသွားတယ်၊ အထွေအထူးမဟုတ်ဘူး၊ ဘာကြောင့်မှမဟုတ်ဘူး၊ တစ်ခု … ငါတွေးမိတယ်
မနက်ဖြန်ပေါင်းများစွာဆီ ငါရောက်ခဲ့ဖူးတယ်၊ မျှော်လင့်ချက်တွေ၊ ရူးသွပ်မှုတွေ၊ အကိုက်အခဲပျောက်ဆေးတွေ၊ ပျော်ရွှင်ရတာတွေ၊ ၀မ်းနည်းရတာတွေ … အဲဒါတွေနဲ့ ခဏခဏ ခလုပ်တိုက်ဖူးတယ်၊ ငါ မနက်ဖြန်ပေါင်းများစွာဆီ
အသေအချာကို ရောက်ခဲ့ဖူးတယ်၊ မနက်ဖြန်တွေဟာ ငြီးငွေ့စရာ ကောင်းလာပြီ၊ မနက်ဖြန်အသစ်တွေဆီကို ဒီနေ့အဟောင်းတွေ စုပြုံထည့်သွားတတ်တဲ့သူတွေနဲ့ မဆက်ဆံချင်တော့ဘူး၊ မနက်ဖြန်တွေမှာ ငါမနေချင်တော့ဘူး၊ မနက်ဖြန်တွေဆီ ငါမရောက်ချင်တော့ဘူး၊ ဒီလို … ငါတွေးတယ်၊ ငါတွေးလို့ မဆုံးခင်မှာပဲ ….
ငါ့မနက်ဖြန်တွေကို ငါသေကြောင်းမကြံခင်
ငါ့မနက်ဖြန်တွေက ငါ့ကိုသေကြောင်းကြံလိုက်ကြတယ် ။ ။
သူရဿဝါ
သြဂုတ် ၄ ရက်၊ ၂၀၁၀ ခုနှစ်
No comments:
Post a Comment