“၂၂ နှစ်ပြည့်၍ ၂၂ နှစ်သားဖြစ်သည်”
အဲဒီကောင်က ခဏခဏဘဝသစ်ပြန်စချင်တဲ့ကောင်
တခါတခါ မာနကြီးတတ်သလို
လောကဟာ လောဘသိပ်ကြီးတာပဲလို့လည်း
မထေမဲ့မြင်တွေးတတ်သေးတယ်
အမြဲတမ်းစကားကြီးစကားကျယ်တွေပြော
ရေရောမီးရောဖြစ်နေတဲ့ကောင်
သူများကို ဒုက္ခတွေလျှောက်ဝေသလောက်
သူကိုယ်တိုင် ဒုက္ခပင်လယ်ဝေတဲ့အခါ
မဏိမေခလာကို လှေလိုလှော်လို့ရမယ်ထင်တတ်တဲ့ကောင်
ညီမလေးတွေဆိုရင် ထမင်းကြော်လို ကော်ဖီလို
သိပ်ကြိုက်တတ်သေးတယ်
ဆံပင်ဖားလျား လွယ်အိတ်ကားယားနဲ့
ကဗျာဆရာဖက်ရှင်ကို အသက်ငင်မလောက်ကြောက်တဲ့ကောင်
၂၂ နှစ်ဆိုတော့ ၂၂ နှစ်သားဖြစ်တယ်ပေါ့
ငါ ……. တယ်တော်တဲ့ကောင်ပဲ
ကဗျာရေးရာ ၊ ဝါသနာဆိုတာစိတ်နဲ့တည်ဆောက်
ငါ ….. တော်တော်သိတဲ့ကောင်ပဲ
သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ၊ ခင်ဗျားတို့ကျနော်တို့
ကျွတ်ကျွတ်အိတ်ယဉ်ကျေးမှုထဲ ရုန်းကန်
အဲဒီလို …… ကိုယ့်ကိုယ်ကို ကြိုးအလွယ်ညှိနေတဲ့ကောင်
သူရဿဝါက ၂၂ နှစ်အရွယ် ငယ်သေးတာပေါ့
မင်း ငါနဲ့ ကဗျာပြိုင်ရေးမလား
မင်း ငါနဲ့ စစ်တုရင်ပြိုင်ထိုးမလား
မင်း ငါ့လောက် လက်ပြင်ကုန်းလို့လား
“ခင်ဗျားကိုယ်ခင်ဗျား ကြိုးတုပ်ထားလိုက်
ဒါဆို ကျုပ်နဲ့ဖိုက်မယ်”
၂၂ နှစ်သားလူငယ်လူရွယ်လေ …… လူလည်လည်းကျကျပဲ
ဘိုဟီးမီးယန်းဂျင်းန်ပန်နဲ့ နားကွင်းနားကပ်နဲ့
ပညာရေးကျတော့ ရပ်ထားတဲ့ကောင်
ကဗျာဆရာတစ်ယောက်က “ဘူဇွာ” လို့ခေါ်တာခံရဖူးတဲ့ကောင်
သိုးမဲ ဇာတိ ရုပ်သေး အေဘေးလေးတွေလို့
ကျိတ်ကျိတ်ဆဲတတ်တဲ့ကောင်
တစ်လုံးသရေ ဆယ်ပြားရှုံး ….. ဒါမှ
ဘောလုံးလို့ထင်တတ်တဲ့ကောင်
သူလုပ်သမျှကုသိုလ်ရဲ့ လမ်းခုလပ်မှာ
အကုသိုလ်ကို ဇရပ်ဆောက်ထားတဲ့ကောင်
ခုမှ ၂၂ နှစ်ဆိုတော့လည်း ၂၂ နှစ်သားဖြစ်တာပေါ့
ခုမှ ၂၂ နှစ်ဆိုတော့ ငယ်သေးရွယ်သေးတာပေါ့
ဒါပေမယ့် အထင်မသေးနဲ့
ယဉ်ကျေးမှုကျောင်းဆင်း ၊ ဂျီတီအိုင်ကျောင်းဆင်း ၊
အောင်မြင်ကျော်ကြားတဲ့အနုပညာရှင် ၊
စပီကင်ဆယ့်နှစ်မျိုးနဲ့ ထိုးထိုးထောင်ထောင်ဖြစ်နေတဲ့ကောင်
ဘန်းစကားကို စွယ်စုံကျမ်းပြုစုဖို့ အကြံကြီးကြံနေတဲ့ကောင်လေ
သူရဿဝါက ၂၂ နှစ်သား
စကားတွေသိပ်များတယ်
၂၂ နှစ်ဆိုတော့လည်း ၂၂ နှစ်သားလူငယ်လူရွယ်ကဗျာဆရာပေါ့
ပြင်ရာဖျက်ရာသိပ်များတဲ့အရွယ် ခဲဖျက်ဖယ်လို့မရသေးဘူး
ဒါတောင် မွေးနေ့လက်ဆောင်ကဗျာ
မကောင်းတတ်လို့ပါလာတာ
၂၂ နှစ်သား သူရဿဝါ ………..
ဘာပဲဖြစ်ဖြစ် အသစ်ကပြန်စချင်နေတယ် ။ ။
သူရဿဝါ
ဇူလိုင် ၃ ရက် ၊ ၂၀၁၀ ခုနှစ်
(မှတ်ချက် ။ ။ လွန်ခဲ့သော အောက်တိုဘာလ၊ ကျွန်တော့် အသက် ၂၂ နှစ်ပြည့် မွေးနေ့တွင် ကိုယ့်ကိုယ်ကို ပြန်ပေးသော မွေးနေ့လက်ဆောင်အဖြစ် ရေးသားထားခဲ့သော ကဗျာဖြစ်ပါသည်။)
ညီမလေးတွေဆိုရင် ထမင်းကြော်လို ကော်ဖီလို သိပ်ကြိုက်တတ်သေးတယ် - ဟဟ ဖြစ်နိုင်ပါတယ် အကြွင်းမဲ့ကိုယုံတယ်း))
ReplyDelete