Tuesday, July 06, 2010

ငါ့နားထဲမှာအသံတွေ


“ငါ့နားထဲမှာအသံတွေ”


လေဟာနယ်ထဲရောက်နေတယ်
လေဟာ … နယ်(ပယ်) တစ်ခုခုထဲရောက်နေတယ်
ကဗျာရွတ်သံနည်းနည်းလောက်ကျယ်ပေးပါ
မီးခြစ်သံတိုးပေးပါ …. ခင်ဗျား ရင်း(န်)တုန်းက အသံမြည်နေတယ်
တိုးပေးပါ၊ တိုးပေးပါဆိုတာ အဲဒီအသံကိုမဟုတ်ဘူး
တိုးချဲ့ပေးခိုင်းတာမဟုတ်ဘူး
ချဲ့ထားတာကို တိုး(တိတ်) ခိုင်းတာ
ငါ့နားထဲမှာ အသံတွေ …. ဒီလိုမဟုတ်ရင်
အသံထဲမှာ ငါ့နားတွေ
ဖြစ်ချင်တော့ ငါ့နား(အနား)ကို ငါမသွားရဲဘူး
ပရီးမီးယားလိဂ်ရှိတယ်၊ ရော်ဂျာဖက်ဒါးရားရှိတယ်၊
တိုက်ဂါးဝုဒ်ရှိတယ်၊ တကယ်တမ်းက ဟန်ကိုယ့်ဖို့ပဲ
ကျားကိုလည်းကြောက်တယ် ရှင်ကြီးကိုလည်းကြောက်တယ်
ရှင်ကြီးဝမ်းထဲလည်းမဝင်ရဲ ရှင်ငယ်ဝမ်းထဲလည်းမဝင်ရဲနဲ့
ငါ့နားထဲမှာအသံတွေ (သန်တဲ့အသံတွေ)
နှစ်နှစ်ဆယ်နီးပါး …. နားထဲ ကာဗွန်ဒိုင်အောက်ဆိုက်ဒ်တွေ
ညစ်ညမ်းလေထု၊ ကဗျာရွတ်သံမကြားရဘူး
ကဗျာရွတ်သံနည်းနည်းလောက်ကျယ်ပေးပါ
“အဲ ဒီ လို အိပ် မက် တွေ ပျက် စီး သွား တုန်း က . . . .”
“တုပ်ကွေးတဲ့ ….. မဟုတ်ဘူး ရိုးရိုး မမာမကျန်းပါ”
ပါးစပ်နဲ့မီးခြစ်ခြစ်နေတဲ့အသံတိုးပေးပါ
ကဗျာရွတ်သံပြန်ကျယ်ပေးပါ
“ဘ ဝ ဆို တာ နှင်း မ ကျ တဲ့ . . .”
“ငယ်လင်ငယ်မယားပါကွယ်
လင်ငယ်မယားငယ် မဟုတ်ပါဘူး”
သွားပြန်ပြီ ….. ပါးစပ်ထဲက ကျည်ဆန်တွေထုတ်ပေးပါ
အပြောအဆိုရပ်စဲပါ၊ ကဗျာရွတ်သံမကြားရဘူး
ငါ့နားထဲမှာအသံတွေ … ကဗျာရွတ်သံကျယ်ပေးပါ
“ဖွဲ တစ် မှုန် ရဲ့ ရုပ် ကြမ်း ပုံ ရိပ် ကို ရွတ် ချင် . . . .”
“ဒီအတိုင်းဆို မဟုတ်သေးဘူး၊ မဆိုးသေးဘူး၊
မကောင်းသေးဘူး၊ မဖြစ်သေးဘူး၊
လောကဓံရှစ်ပါးက ဘယ်သူ့ကိုမှ …..”
တော်ပါဗျာ … ပါးစပ်ထဲက တစ်လောကလုံးကို ဆွဲထုတ်လိုက်
ကဗျာပြန်ရွတ်ပါ … ကဗျာရွတ်သံကျယ်ပေးပါ
“ကျွန်တော်တို့ ကဗျာရွတ်ပွဲကို အဓိက ကူညီပံ့ပိုးပေးတာကတော့
ရေးထားတဲ့ကဗျာတွေပဲဖြစ်ပါတယ်”
ကြော်ငြာဝင်ပြီ …. “ဝမ်းတီး တူးတီး ရူဘီတစ်ပွဲ
ဘာသောက်မလဲ … ပြောစရာရှိတာအရင် …
ကင်စားတာမဟုတ်ဘူး၊ ကင်ဆာလို့ပြောတာ”
သူတို့ပြောတာနဲ့ ဘာမှမကြားလိုက်ရဘူး
ကဗျာအားလုံးပြန်ရွတ်ပါ ….
မဟုတ်သေးဘူး၊ အားလုံးပြန်မှ ကဗျာရွတ်ပါ
ငါ့နားထဲမှာ အသံတွေအပြည့်ပါလာတယ်
ငါပြန်လာရတယ် … ကဗျာရွတ်သံမကြားရဘူး
ကဗျာရွတ်သံကျယ်လို့မရတော့ဘူး
မီးခြစ်တွေ၊ လောင်စာဆီတွေ၊ ကျည်ဆန်တွေ၊ ကျည်ကာတွေ၊ ဗာဟီရတွေ၊ ကောလဟာလတွေ၊
အဆိုးဆုံးက အလကားမတ်တင်းကြော်ငြာစာသားတွေ
အသံထဲမှာ ငါ့နားတွေပါသွားတယ်
ငါ့နားထဲမှာ အသံတွေနဲ့အပြည့် ။        ။


သူရဿဝါ
ဇူလိုင် ၆ ရက် ၊ ၂၀၁၀ ခုနှစ်

No comments:

Post a Comment