“ညခုနစ်နာရီမှာ ညီမလေးဆီဖုန်းခေါ်မရဘူး”
“လူကြီးမင်းခေါ်ဆိုသောတယ်လီဖုန်းမှာ ……”
………………………………………………………
ငါ့စိတ်ဟာ ဖန်ခွက်ကလေးတစ်လုံးလို
ဆူးလေလမ်းမတလျောက်ပြန့်ကျဲ
“လူကြီးမင်းခေါ်ဆိုသောတယ်လီဖုန်းမှာ ……”
……………………………………………………..
ခေါင်းငိုက်စိုက်ချ ….. ကြေကွဲ လွင့်လွဲ
“လူကြီးမင်းခေါ်ဆိုသော ……. ”
“လူကြီးမင်းခေါ်ဆိုသော ……. ”
ဒါဟာ …… အဆုံးသတ်သွားတာလား
ဒါ မျှော်လင့်ချက်တွေလန့်နိုးသွားတာလား
မဟုတ်ဘူး … ဒါ သွေးရိုးသားရိုးဖုန်းခေါ်မရတာပါ
မတော်တဆမှုတစ်ခုပါ
ညီမလေးရယ် …… ညီမလေးရယ်
ကိုယ့်ကိုလက်ခံပြောဆိုပါ
လူကြီးမင်းမဟုတ်ဘူး … ဆက်သွယ်မှုဧရိယာပြင်ပ မဟုတ်ဘူး
ခေတ္တခဏစောင့်ဆိုင်းပြီးမှပြန် … လည် … ခေါ် … ဆို …….
ဟင့်အင်း ဒါလည်းမဟုတ်ဘူး
အဲ့ဒီခဏလေးအတွင်းမှာ အရာရာသေဆုံးသွားနိုင်တယ်
အဲ့ဒီခဏလေးအတွင်းမှာ ရာသီဥတုတစ်ခုလုံးပြီးဆုံးသွားနိုင်တယ်
အဲ့ဒီခဏလေးအတွင်းမှာ ကံ စိတ် ဥတု အာဟာရ ချွတ်ခြုံကျသွားနိုင်တယ်
ညီမလေးရယ် ….. တယ်လီဖုန်းမလေးရယ် ………
ဝေးမယ်ဆိုရင်တောင် နည်းနည်းလေးပဲဝေး ကိုယ့်ဘေးမှာနေပါ
ဒီမှာ …. ခြေလှမ်းတွေမှားနေ
ဆူးလေလမ်းမထဲ နစ်မြုပ်ကျွံဝင်နေ
တယ်လီဖုန်းရုံလေးနား ပုံလျက်သားလဲကျနေ
“လူကြီးမင်းခေါ်ဆိုသော ညီမလေးမှာ …….”
မဟုတ်ဘူး …….. မဟုတ်ဘူး …….. မဟုတ်ဘူး
ညီမလေးကြားအောင် အကျယ်ကြီးငြင်းဆန်ပစ်လိုက်ချင်တယ်
ညီမလေးရေ ……. ညခုနစ်နာရီကမှောင်တယ်
ညခုနစ်နာရီမှာ ဖုန်းခေါ်လို့မရဘူး
ကိုယ့်စိတ်နဲ့ကိုယ့်ကိုယ်တောင် ညီမလေးအသံကြားရဖို့ခက်ခဲ
“လူကြီးမင်းခေါ်ဆိုသော ……. ဆက်သွယ်မှုဧရိယာပြင်ပမှာ …
ညီမလေးဆီ …… ရောက်ရှိနေပါသဖြင့် …….”
ညခုနစ်နာရီမှာ ဖုန်းခေါ်လို့မရဘူးညီမလေးရယ်
ဆူးလေလမ်းမဟာ ကြေကွဲနေလိုက်ရတာညီမလေးရယ်
ကိုယ့်စိတ်ဟာ ဦးတည်ရာမဲ့နေလိုက်တာညီမလေးရယ်
သုည ….. ကိုး …. ငါး ….. ညီမလေးရယ်
“ကိုယ်ရောက်ရှိနေသော ဆက်သွယ်မှုဧရိယာပြင်ပကို
ညီမလေးက ခေါ်ဆိုနေပါသဖြင့် …….”
မယုံသင်္ကာနဲ့ဘဲ နိမိတ်ဆိုးကိုခေါ်ယူမိတယ်
ညီမလေးရယ် …… တစ်ယောက်တစ်နေရာမို့
ဝေးကွာခြင်းက ကိုယ့်ကိုညှို့တယ်
ညီမလေးက ကြိုးမဲ့ဖုန်းလေးတစ်လုံးဖြစ်ပြီး
ကိုယ်က လမ်းဘေးဆက်သွယ်ရေးကြိုးဖုန်းတစ်လုံးဖြစ်တယ်
ကိုယ်တို့ကြားကဆက်သွယ်မှုဟာ အတုဖြစ်တယ်
ဝေးတယ် ….. မှောင်တယ် … ပြန့်ကျဲကျနေတယ်
ခေါင်းငိုက်စိုက်ကျနေတယ် …… ကြေ ကြေ ကွဲ ကွဲ
မဟုတ်ဘူး …… ဒါဟာ သွေးရိုးသားရိုးဖြစ်မှာပါ
မတော်တဆတစ်ခုပါ …… ဖုန်းခေါ်မိတယ်
“လူကြီးမင်းခေါ်ဆိုသောတယ်လီဖုန်းမှာ ……………..”
“လူကြီးမင်းခေါ်ဆိုသောတယ်လီဖုန်းမှာ ……………..”
“လူကြီးမင်းခေါ်ဆိုသော …………………..”
……………………………………………………………………
…………………………………………………………………………
………………………………………
သူရဿဝါ
မေလ ၃ ရက် ၊ ၂၀၁၀ ခုနှစ်
No comments:
Post a Comment