“မိမိကိုယ်ကိုရူးကြောင်းကြံစည်ခြင်း”
အခန်းကတစ်ယောက်တည်းနဲ့
ငါက အကျယ်ကြီး . . . .
အခန်းထောင့်တိုင်းမှာ သူလိုငါလို
အရိပ်တွေရှိတယ်
ကြောက် လိုက် တာ
“မနက်ဖြန်” အကြောင်းကိုလည်း
ဘုရားသခင်ကသိပြီးသား
အနာဂတ်မဟုတ်ဘူး
ကြိုတင်ကြံစည်ထားတဲ့ ဘုရားသခင်ပိုင်အတိတ်ဖြစ်တယ်
ငါ . . . . ရည်ရွယ်ချက်ရှိရှိလုပ်ကြံခံနေရတယ်
ငါ . . . . ရည်ရွယ်ချက်ရှိရှိ
လုပ်ကြံခံနေရတယ်
မမေးနဲ့ . . . . မမေးနဲ့
အိပ်ဆေးပုလင်းကဘာလုပ်ဖို့လဲမမေးနဲ့
အသွားနှစ်ဖက်နဲ့ဓါးက ဘာလုပ်ဖို့လဲမမေးနဲ့
ခပ်ပျင်းပျင်းရှိရင် ဆော့ကစားဖို့
“အသက်ဇီဝ” ကို ကိုယ်ဖျောက်သလို
ခဏဖျောက်ကြည့်လို့ရမလား စမ်းသပ်ချင်လို့ . . . .
“ရှင်သန်ခြင်း” နဲ့ ဆန့်ကျင်ဘက်မဟုတ်ဘူး
“သေဆုံးခြင်း” ဆိုတာ ရှင်သန်မှုက ရှေ့တစ်လှမ်းတိုးလိုက်တာပဲဖြစ်တယ်
သိထားဖို့က . . . ငါဟာ
ဘာအတွက်မှ ၀န်မလေးတတ်ခဲ့ဖူးဘူး
“သေသာသေလိုက်ချင်တော့တယ်”
“ရူးသွားမယ်ဆိုရင်လည်းအကောင်းသား”
မလွယ်ဘူးနော် . . . ထင်သလောက်မလွယ်ဘူး
သေဖို့ ရူးဖို့ဆိုတာ
ပထ၀ီ တေဇော အာဘော ၀ါယော
ဓါတ်ကြီးလေးပါးကို အချိုးကျစပ်တတ်မှ
ကိုယ်နဲ့ စိတ်နဲ့ အကြောင်းတရားနဲ့
မိတ်ဖြစ်ဆွေဖြစ်တွေ့ဆုံမှ
အနားမှာ “လူ” တွေအများကြီး
ခြောက် ခြား လိုက် တာ
တစ်လောကလုံးမှာ “ငါ” ဆိုတာ
ငါတစ်ယောက်တည်းပဲရှိတယ်
ဟား . . . . . . .
ရေကိုအဆိပ်ပင်တွေက ၀ိုင်းလောင်းနေသလိုပဲ
ပွဲတော်ကြီးတစ်ခုလုံး
အသံတွေတ၀ုန်းဝုန်းနဲ့
စည်ကားသိုက်မြိုက်စွာ ရူး . . . . . . ကြ
ငါကရော ဘာထူးလို့လဲ
တစုံတယောက်က သစ္စာရှိရှိလုပ်ကြံတာကို
ခံနေရတယ်
“ရူးတယ်” ဆိုတာ
ကောင်းတာထက် နည်းနည်းလေးပဲပိုကောင်းသွားတာပါ
ငါအပါအ၀င် အရူးပေါင်းမြောက်မြားစွာ
ဆိုကြပါစို့ . . . .
သောက်ရူး၊ မှောက်ရူး၊ ကျောက်ရူး၊ အရူးအမူး၊ အမူးအရူး၊
ဝမ်းတွင်းရူး၊ ၀မ်းပြင်ရူး၊ ယဉ်ယဉ်လေးရူး၊ ရိုင်းရိုင်းလေးရူး၊
စာအုပ်ရူး၊ ဥစ္စာရူး၊ အဆိုတော်ရူး၊ မင်းသားရူး၊ ငါ့သမီးရူး၊
ဘာများထူးခြားလို့လဲ . . . . ဖြစ်လာမှတော့
ရူးသမျှအကြောင်းအကောင်းချည်းပဲပေါ့
ဟုတ်ပြီ . . . . တကယ်တော့
အခန်းကလည်း တစ်ယောက်တည်း၊ ငါလည်းတစ်ယောက်တည်း
အခန်းကလည်း အကျယ်ကြီး၊ ငါကလည်း အကျယ်ကြီး
အခန်းထောင့်တိုင်းမှာလည်း သူလိုငါလိုအရူးတွေရှိတယ်
တိတ်တိတ်လေးနေပေးပါ . . . .
တော်တော်ကောင်းတဲ့အထက်ပါအရူးတွေနဲ့ ရုပ်ရှင်တစ်ကားရိုက်မလို့
တွေးရင်း တွေးရင်း ပျော်လာ
ရူးရင်း ရူးရင်းနဲ့လည်း ပျော် . . . . လာ ။ ။
သူရဿဝါ
မေလ ၄ ရက် ၊ ၂၀၁၀ ခုနှစ်
No comments:
Post a Comment