“လွပ်လပ်ပွင့်လင်းစွာ .. … မေး၍ ဖြေပါသည်”
နည်းနည်းတော့ကြာခဲ့ပါပြီ။ ကျွန်တော်နဲ့ ရိုးရာတို့ အပြန်အလှန် စကားစမြည် ပြောခဲ့ဖူးပါတယ်။ အင်တာဗျူးလို့ပဲ ဆိုကြပါစို့။ သူမေးတာတွေကို ကျွန်တော့်ရဲ့ အသိဥာဏ် လင်းပွင့်မှုရှိသလောက် ကျွန်တော် ဖြေကြည့်ခဲ့ပါတယ်။ သာမာန်မေးရိုးမေးစဉ် မေးခွန်းမျိုးတွေ မဟုတ်တဲ့အတွက် ကျွန်တော့် အဖြေတွေကလည်း ဖြေရိုးဖြေစဉ် မဟုတ်ပါဘူး။ သူ့ရဲ့မေးခွန်းတွေက ကျွန်တော့်ကို မေးနေတာဖြစ်ပေမယ့် ကျွန်တော် တစ်ယောက်တည်းကို ရည်ရွယ်တဲ့ မေးခွန်းမျိုးမဟုတ်ဘဲ လောကဓမ္မ ယေဘုယျဆန်တဲ့ မေးခွန်းမျိုးတွေ ဖြစ်လို့ ကျွန်တော်တင် မဟုတ်ဘဲ .. … အခု ဒီအင်တာဗျူးကို ဖတ်နေကြသူတွေပါ ကိုယ့်စိတ်ထဲမှာ ရှိတဲ့အဖြေကို ဖြေဆိုသွားနိုင်ပါတယ်။ ဒီပိုစ့်လေးဟာ အနည်းငယ် ကြာပြီဖြစ်ပြီး အဲဒီတုန်းက ချက်ခြင်းမတင်ဖြစ်ခဲ့ဘဲ အခုမှ File အဟောင်းတွေ ရှင်းရင်းနဲ့ ပြန်တွေ့လို့ တင်ပေးလိုက်ရတာ ဖြစ်ပါတယ်။ ဖတ်ကြည့်ကြပါဦး။
မေး ။ ကောင်းကင်ကို သွန်ချလို့ရမယ်ဆိုရင် ဘယ်ရေတွင်းမှာ လသာစေချင်သလဲ။
ဖြေ ။ ကောင်းကင်က ဘာကိုဆိုလိုတာလဲ။
ရေတွင်းထဲမှာ သာစေချင်တဲ့လက ဘာကိုဆိုလိုတာလဲ။
ကျနော့်စိတ်ထဲမှာကတော့ “ကောင်းကင်” ကိုသွန်ချရမယ်ဆိုတဲ့အတွေးနဲ့တင် ခြောက်ခြားမှိုင်း
ညှို့နေခဲ့ပါပြီ။
“လမင်း” ကို ဘယ်နေရာထားရမလဲလို့ တွေးပူရဦးမယ်ဆိုရင်တော့ ကျနော် ရူးသွပ်ကိုက်ခဲမှုကိုပဲ လက်ခံရတော့မယ်ထင်ပါတယ်။
ဒီတော့ ကျနော်သေဆုံးတဲ့တိုင် ခွန်အားရှိ သလောက်တော့ ကောင်းကင်ကို မြေပြင်ဆီ သွန်ချခွင့် ပြုလိမ့်မယ်မဟုတ်ပါဘူး။
ကျနော် ရှင် သန် နေ သ ရွေ့ ပေါ့ .. …….
မေး ။ ဆုတ်ဖြဲပစ်လိုက်တဲ့ရက်စွဲတွေထဲမှာ ဘယ်ရာသီကို ပြာချထည့်လိုက်သလဲ။
ဖြေ ။ ငြင်းခွင့်ရှိရင် ငြင်းပါရစေ။
ဆုတ်ဖြဲပစ်လိုက်တဲ့ရက်စွဲတွေမဟုတ်ပါဘူး။
ကျနော့်ရဲ့ ရက်စွဲတွေက ဆုတ်ဖြဲခံခဲ့ရတာ .. ……
ဘယ်ရာသီကိုမှ ပြာမချပါဘူး။
ကဗျာဆရာတစ်ဦးရဲ့ နှလုံးသားက မမာကျောနိုင်ခဲ့ဘူး။
ပြာချခံခဲ့ရတာပါ။
တစ်ခုတော့ရှိတယ် ၊ ကျနော် . . . မိုး ရာ သီ ကို မုန်း တယ်။
မေး ။ မှားသည်/ မှန်သည် လေချွန်နေလိုက်ပါ ဘယ်သီချင်းကိုဆိုမလဲ။
ဖြေ ။ ဒီနေရာမှာတော့ ကျနော်က ခင်ဗျားမေးခွန်းထက်ပိုပြီး ပြတ်သားမာကျောသူတစ်ဦးဖြစ်နေပါတယ်။ မှားတယ်ဖြစ်ဖြစ် မှန်တယ်ဖြစ်ဖြစ် ပေါ့လေ .. …
ကျနော်ကတော့ လေချွန်ရုံမက ရင်ကော့ပြီးပါ လမ်းလျှောက်ပြလိုက်မိမှာပါ။
ဒီတော့ မှားသည်/ မှန်သည် ဘယ်လိုပဲဖြစ်ဖြစ် ကျနော့်တုန့်ပြန်မှုက တစ်မျိုးတည်းပါ။ ကြည်ကြည်လင်လင်ပြုံးရင်း “ဟုတ်ကဲ့ ဒီအတွက် ကျေးဇူးပါ” လို့. . .
မေး ။ ကိုယ့်ကိုကိုယ် ခေါင်းစဉ်ပြန်တပ်ရင်. . .
ဖြေ ။ ဘယ်တုန်းကမှ ဒီလိုမစဉ်းစားမိပါဘူး။
ကိုယ့်ကိုကိုယ် ခေါင်းစဉ်ပြန်တပ်ရလောက်အောင် မိုက်မဲတဲ့လူတစ်ယောက် မဖြစ်ချင်တာအမှန်ပါ။ (အထူးသဖြင့်) အနုပညာနဲ့ပတ်သက်ရင်ပေါ့။
အနုပညာသမားဟာ မျက်နှာများတယ် ၊ အတွေးအမြင်ကို ဖြန့်ကျက်ထားနိုင်တယ်။
အနုပညာသမားရဲ့ ဈာန်ဝင်စားမှုနောက်ကို ကိုယ့်ကိုကိုယ်တပ်တဲ့ ခေါင်းစဉ်တွေက မှီအောင် လိုက်နိုင်မယ် မထင်ဘူး။
မေး ။ မိုးခါးရေတစ်ခွက် ဖျော်ပေးထားရင်. . .
ဖြေ ။ ခပ်ရှင်းရှင်းပဲ။
“လုံးဝ” မသောက်ဘူး။
သောက်ရမယ်ဆိုလည်း တစ်ခွက်ဆိုတာ နည်းလွန်းတယ်။
မေး ။ မာရ်နတ်မင်းနဲ့လက်ဆွဲနှုတ်ဆက်ခွင့်ရခဲ့ရင် ဘာပြောချင်ပါသလဲ။
ဖြေ ။ ဟင့်အင်း . . . အလေးပဲပြုလိုက်မယ်။
လက်ဆွဲနှုတ်ဆက်ရရင် ကျနော်သေရချည်ရဲ့ဗျာ။
သူ့မှာက လက်ရုံးပေါင်းတစ်ထောင်ရှိတာဗျ။
လက်ဆွဲနှုတ်ဆက်ပြီးလို့ သူပြန်နှိပ်ပေးရင်တော့ တစ်မျိုးပေါ့ဗျာ :D
မေး ။ ရသအမြောက်ဆုံးပုံပြင်တစ်ပုဒ်အတွက် နှုတ်ခမ်းတွေ အဖွင့်အပိတ်လုပ်ခဲ့ဖူးပါလား။
ဖြေ ။ အရမ်းဝှက်ထားတော့ မနည်းစဉ်းစားရတယ်။
“ချစ်တယ်. . .ချစ်တယ်. . .ချစ်တယ်”
သူ့ကို ပုံပြင်တစ်ပုဒ်ပြောပြသလို စိတ်ရှည်လက်ရှည်လည်း ပြောပြဖူးပါတယ်။
ကြေကွဲဖို့ကောင်းတာက သူပြန်ပြောခဲ့တဲ့ ပုံပြင်တွေကိုလည်း နားထောင်ပေးခဲ့ရတာပါပဲ။
မေး ။ သာဓကတွေသာ အမြဲမှားသွားကြမယ်ဆိုရင် လက်နှစ်ဘက်ကို ဖြန့်ချထားဖို့ အစီအစဉ်ရှိပါသလား။
ဖြေ ။ မရှိပါဘူး ........ ဒါဟာ လူ့ဘဝရဲ့ မှားယွင်းမှုပေါင်းများစွာထဲက မှားယွင်းမှုတစ်ခုပဲ ဖြစ်တယ်။
မှားယွင်းခဲ့ကြတိုင်းသာ လက်လျှော့ကြကြေးဆိုရင် .. …..
မှားယွင်းခဲ့ကြတိုင်းသာ လက်လျှော့ကြကြေးဆိုရင် .. …..
ကျနော်တို့လက်တွေ ချည့်နဲ့နေခဲ့တာ ကြာပြီဖြစ်သွားလိမ့်မယ်။
သူရဿဝါ
ဧပရယ်လ် ၁၀ ရက် ၊ ၂၀၁၀ ခုနှစ်
No comments:
Post a Comment