“ပွဲတော်ဟာ နွေဦးသင်္ကေတထဲမှာရှိတယ်”
(၁)
“နွေ ဦး ရောက် ပြီ .. ….”
“ပွဲတော်ရနံ့ဟာ တဟုန်းဟုန်း ထပွင့်ပြီ” ဟု .. ….
လူတို့ မြူးတူးပျော်ရွှင်သံကို ကြားရုံနှင့်ပင်
ပိတောက်တို့က ဝမ်းသာအားရ ကိုယ့်ကိုယ်ကို အလျှင်အမြန် တပ်ဆင်လိုက်ကြသည်။
မကြာမီ .. …. “တူးပို့တူးပို့” ကြတော့မည်။
လမ်းမများထက်တွင် .. …. ရပ်ကွက်ငယ်လေးများထဲတွင် .. …. နေရာအနှံ့တွင် တစ်ဦးနှင့်တစ်ဦး ရေစက်ရေပေါက်များ အသုံးပြု၍ မိတ်ဖွဲ့ကြတော့မည်။
ပွဲတော်သည် .. … သက်ရှိသက်မဲ့ အရာအားလုံးကို သူ့ရှေ့မှောက်သို့အရောက် စုပ်ယူပစ်လိုက်၏။
ခင်ဗျားတို့ .. … ကျွန်တော်တို့ .. … ငါတို့ .. … သူတို့ .. … အားလုံး ခါတိုင်းနှစ်များလိုပင် “ရင်ခုန်ပွဲတော်”ထဲ တဝဲလည်လည် .. … လည်၍ .. … လည်၍ .. ..
ထိုသို့ဖြင့်ပင် ထိုကာလအပိုင်းအခြားကို “သင်္ကြန်” ဟု သတ်မှတ်ထားကြပါသည်။

(၂)
“မြန်မာ့ရိုးရာအတာသင်္ကြန်”
“သင်္ကြန်ပွဲတော်”
“မြန်မာသင်္ကြန်”
“ရန်ကုန်သင်္ကြန်” “မန္တလေးသင်္ကြန်”
“မီးသတ်ပိုက်သင်္ကြန်” “နေရဲမာန်သင်္ကြန်”
“သပြေခက်နဲ့ ရေပက်တဲ့သင်္ကြန်”
မည်သို့ပင်ဖြစ်စေ .. … “သင်္ကြန်”ကတော့ “သင်္ကြန်” ဖြစ်နေဆဲပင် ရှိပါသေးသည်။
သင်္ကြန်၏ နာမ်ဝိဥာဉ် .. … အသွေးအသားကတော့ မည်သည့်နေရာဒေသတွင်မဆို မည်သူ့ကိုမဆို ပုံသဏ္ဍာန် တစ်မျိုးတည်းဖြင့်သာ ဆွဲဆောင်ညှို့ငင်ပါသည်။

(၃)
ယခင်က “သင်္ကြန်” ဆိုသည်မှာ .. …
ငွေငန်းမောင်တို့ဖြစ်သည်
“သင်္ကြန်မိုး” သီချင်းဖြစ်သည်
ဦးဇော်ဝမ်းဖြစ်သည်
ယခင်က “သင်္ကြန်” ဆိုသည်မှာ .. …
ငွေငန်းမောင်တို့ဖြစ်သည်
“သင်္ကြန်မိုး” သီချင်းဖြစ်သည်
ဦးဇော်ဝမ်းဖြစ်သည်
ဖလားနှင့်ပက်ခြင်းဖြစ်သည်
ကျွန်တော့် ကလေးဘဝ ဖြစ်သည်
ယခု “သင်္ကြန်” သည် .. …
သားစိုးဖြစ်သလို စိုင်းစိုင်းခမ်းလှိုင်ဖြစ်သည်
“အိုးလေးလှုပ်ပါဟေ့” ဖြစ်သလို DJ Remix ဖြစ်သည်
မီးသတ်ပိုက်ဖြစ်သည်
“တက္ကသိုလ်ရိပ်သာလမ်းတွင် တစ်နေကုန် .. …” ဖြစ်သည်
ဘီယာဖြစ်သည့်နည်းတူ “အသားကပ်ရေစိုမိန်းမပျို” ဖြစ်သည်
ကျွန်တော့် လူပျိုကာလသားအရွယ်ဖြစ်သည်
နောင်တွင် “သင်္ကြန်” ဆိုသည်မှာ .. ……
အီလက်ထရိုပေါ့ ဖြစ်လာလိမ့်မည်
အီမိုပွဲတော် ၊ ဂေါ့သစ်ပွဲတော် ဖြစ်လာလိမ့်မည်
“မီးသတ်ပိုက်နဲ့ ထိုးတာလောက်တော့ .. ….” ဖြစ်လာလိမ့်မည်
ကျွန်တော်သည် “ငါ .. … ငယ်ငယ်တုန်းကပေါ့ကွာ” အရွယ် ဖြစ်နေလိမ့်မည်

(၄)
ထိုသို့ တွေးနေရင်းကပင် .. …
ကျွန်တော်တို့ “သူ့” အနား ရောက်လာပါတော့သည်။
“သူ” ကျွန်တော်တို့အနား ရောက်လာပါတော့သည်။

(၅)
ဒိုင်ယာရီ
ဘယ်နေရာကြည့်ကြည့် .. … ရေတွေ … ရေတွေ … ရေတွေ .. …
လမ်းတွေပေါ် .. … ခန္ဓာကိုယ်တွေပေါ် .. …
အဲဒီမှာ .. … ပျိုး ပြက် ဖိတ် လျှံ ကျ
အဲဒီမှာ .. … “အိပ်မက်စေတမန် .. …. ရေညိုညိုရစ်ကာသန်းတော့ .. …. မြနန္ဒာ” တွေ .. …
သီချင်းသံတွေ .. … ဟိုဟိုဒီဒီ
မုန့်လုံးရေပေါ်နဲ့ ငရုတ်သီးဖက်ရှင် .. …. လမ်းလျှောက်ထွက်နေ
သူ့ကိုမသိဘူး .. … ပြုံးပြလိုက်မိ
ဒီကောင်မလေးကိုလည်း မသိသလိုလိုပဲ .. … ရယ်ပြလိုက်မိပြန် .. …
ရီဝေဝေ .. … ဘာမှလာမပြောနဲ့ ဘာမှမသိဘူး .. … ခပ်တည်တည်
လောကကြီးကို တစ်ချက်ပြုံးပြပြီး ခပ်တည်တည်ပဲ “ပွဲတော်” ထဲ .. … တစ်ကိုယ်လုံး ကျွံဝင်ပစ်လိုက်တယ်
သင်္ကြန်နဲ့ ကိုယ်နဲ့ .. … အတူတူဖြစ်လို့ .. … တစ်သားတည်းဖြစ်လို့
အားလုံးကို သိတယ် .. …. အားလုံးကြားထဲရောက်နေတယ် .. ….
ဧပရယ်လ် လလယ်ဆိုရင် နှစ်တိုင်း ဒီလိုချည်း . ….
ရွေ့မယ် .. … ဒိုးမယ် … …. လစ်မယ် .. … ဆိုပြန်တော့
ဒီလိုချည်း မဟုတ်တော့ပြန်ဘူး
ဒီနှစ် ဒီမှာ ဒါတွေ .. .. .ရှိတယ်
ဟိုနှစ်တုန်းက ဟိုနေရာမှာ .. …. ဟိုဟာတွေ .. …. ဖြစ်ခဲ့သေးတယ်
စည်ကားသက်ဝင် တစ်ရက် .. … နှစ်ရက် .. … နည်းနည်းကဲလာ
သုံးရက် .. …. အလွမ်းစိတ်က နောက်တစ်နှစ်ဆီ ကူးလို့မရသေးဘူး
လေးရက် .. … တဝုန်းဝုန်း လှိုင်းတွေလို .. …. ဘယ်သူက ဘယ်သူ့ဆီမှန်းမသိ
ဘာဖြစ်ပါစေ .. … ညာဖြစ်ပါစေ လို့လည်းမရှိ .. … အရပ်အနားမရှိ တဝေါဝေါ ဖြစ်နေ .. …
လေးနာရီ .. … ပြီး .. .. ငါးနာရီ .. .. ဟင့်အင်း ပျော်နေတုန်း … …. မဝသေးဘူး . … ခြောက်နာရီ
“နောင်နှစ်ခါလည်း ဆီးလို့ကြိုကွယ် .. ….” ဖြစ်လို့ .. …. ပျော်ရင်း ရွှင်ရင်း လွမ်းမောတသရင်း .. ….
သင်္ကြန်မှာ . … ရှိတယ် .. … ရိုမီယိုလည်းရှိ ဂျူးလီးယက်လည်းရှိ
ရာဇာနေဝင်းရှိ .. … နေတိုးရှိ .. …. ဂျိုလီရှိသလို ဘရက်ပစ်ရှိ .. …..
ကိုရီးယားစတားတွေရှိ .. …. ဟိုနားဒီနား ငါးရာကားတွေလည်းရှိ .. ….
ခင်ဗျား ကျွန်တော် သူ သူမ .. ….. ဘဝပေါင်းများစွာလည်းရှိ . ….
ဒီလိုနဲ့ . ….. “ပွဲတော်” ဟာ .. ….. ကျွန်တော်တို့ရဲ့ ပျော်ရွှင်မှုကို သူ့လက်ထဲ ကြဲပက်ပစ်ခဲ့တယ်

(၆)
ကျွန်တော့် ဒိုင်ယာရီ ရေးသားမှု အပြီးတွင် .. …..
မည်သို့ပင် ဆိုစေ .. … သင်္ကြန်သည် နောင် နှစ်ပေါင်းများ .. … စွာတိုင်အောင် .. …
“သင်္ကြန်” ဟူ၍ တည်ရှိနေဦးမည် ဖြစ်ပါသည်။

သူရဿဝါ
ဧပရယ်လ် ၉ ရက်၊ ၂၀၁၀ ခုနှစ်
No comments:
Post a Comment