ကျနော်နဲ့ ဂွတီးဂွကျများ (၈)
လူနောက်သီချင်း
ကျနော့်ရဲ့ ဂွတီးဂွကျတွေကို ပုံမှန်ဖတ်လာတဲ့ သူငယ်ချင်း အတော်များများကတော့ ကျနော်ဟာ နောက်တီးနောက်တောက်နိုင်တဲ့ ကောင်လေးတစ်ယောက်ဆိုတာ တဖြည်းဖြည်း သိနေကြလောက်ပါပြီ။ တကယ်လည်း ကျနော်ဟာ နောက်ရပြောင်ရမယ်ဆိုရင် သူငယ်ချင်းတွေ မပြောနဲ့၊ အမေအဖေကိုတောင် ချမ်းသာမပေးပါဘူး။ အခုရေးမယ့် အကြောင်းကလည်း ကျနော် အားနေတဲ့ တစ်နေ့မှာ ပျင်းပျင်းရှိတာနဲ့ အမေ့ကို ထိုင်နောက်ခဲ့တဲ့အကြောင်း ရေးမလို့ပါ။
အဲ့ဒီနေ့က ထူးထူးဆန်းဆန်း ကျနော် အိမ်မှာနေတဲ့ တစ်နေ့ပေါ့။ ပျင်းနေတာနဲ့ အိမ်မှာ တွေ့ကရာ သီချင်းခွေတစ်ခွေ ကောက်ထိုးကြည့်နေလိုက်တယ်။ ခဏနေတော့ အမေကလည်း အိမ်အလုပ်တွေ ပြီးသွားတယ် ထင်ပါတယ်။ ကျနော့်နားလာထိုင်ပြီး ကျနော်နဲ့အတူတူ သီချင်းခွေ ထိုင်ကြည့်နေတယ်။ သားအမိနှစ်ယောက် စကားလေး ပြောလိုက်၊ သီချင်းခွေလေး ကြည့်လိုက်နဲ့ပေါ့။ ဖြစ်ချင်တော့ ကျနော် ကြည့်နေတာက Live Show အခွေ အဟောင်းတစ်ခုပါ။ အဲဒီမှာ ရဲလေးရဲ့ “ထိပ်ဆုံးမှာအမေ” သီချင်း လာပါလေရော။ အဲဒီအချိန်မှာ ရဲလေး ကလည်း နာမည်ကြီးဆိုတော့ အမေကသိတယ်။ သူ့သီချင်း စလာတာနဲ့ ကျနော့်ကို ….
“ဟဲ့သား ….. အဲဒါ အမေကိုတစ်လှည့်၊ အဖေကိုတစ်လှည့် သီချင်းဆိုတဲ့ ကောင်လေးမဟုတ်လား”
“ဟုတ်တယ်လေ အမေရဲ့ ….. ရဲလေးလေ ….. မိဘဘွဲ့တွေကို ရက်ပ်နဲ့ဆိုတာ သူပေါ့” ဆိုတော့ အမေလည်း “အေး … အေး” ဆိုပြီး ဆက်ကြည့်နေပါတယ်။
ကြည့်နေရင်းနဲ့ ရဲလေးသီချင်းထဲမှာ စာသားတစ်ခု ပါလာတယ်။ ဘာလဲဆိုတော့ “ဆွဲကြိုးလေး သွားပေါင်ပြီးတော့ စတူဒီယိုဖိုးတွေ ရှင်းပေးခဲ့တာ ….. ငပိရည်နဲ့ အရိုးဟင်း တွေက အမေ့အတွက် ဟင်းလား … ဒါတွေက အမေ့အတွက် တရားလား” တဲ့။ အဲဒီစာသားကို နားထောင်ပြီး အမေက ကျနော့်ကို စကားနာထိုးပါတယ်။
“အော် …. ရဲလေး အမေလည်း ငါ့လိုပါပဲလား …… အင်းလေ … ဘယ်အမေဖြစ်ဖြစ် အတူတူပါပဲ ….. အသားကို သားတွေကို ကျွေးပြီး အရိုးတွေ၊ ငပိရည်တွေပဲ ကျန်ရင် အဲဒါနဲ့ပဲ ဖြစ်သလိုစားကြတာ ….” တဲ့။ ကျနော်လည်း အမေ့ကို နောက်ချင်စိတ်က ပေါ်လာပါတယ်။ အဲဒါနဲ့ပဲ အမေ့ကို ပြန်ပြောလိုက်တယ်။
“အမေကလည်းဗျာ …. ရဲလေး အမေက အမေတွေ ထုံးစံအတိုင်း ဝတ္တရားအတိုင်း လုပ်တာ … အမေကျတော့ ဘယ်အမေနဲ့မှ မတူဘူး …. ပိုထူးဆန်းတယ် …. သားလည်း ရဲလေးလိုမျိုး အမေ့အကြောင်း သီချင်းစပ်ထားပါတယ် အမေရ”
“ဟေ …. ငါ့သားက တယ်ဟုတ်ပါလား ….. ငဘုန်း နင်ငါ့ကို လာတော့ မရွှီးနဲ့နော် ဟင်း ဟင်း”
“အာ … အမေကလည်း တကယ်ပါဆို … မယုံရင် သားဆိုပြရမလား”
“အေး …. ဆိုပြ”
ဟဲ ဟဲ ….. မဆိုပြခင် ပုဆိုးပြင်ဝတ်သလိုလို၊ ခါးထဆန့်သလိုလိုနဲ့ မတ်တပ်ရပ်ပြီး ပြေးပေါက်အရင် ရှာထားရပါတယ်။ အမေ့လက်သံကို ကျနော်က အသိဆုံးလေ။ “ငါ လုပ်ထည့်လိုက်ရ” ဆိုရင် စကားမဆုံးသေးဘူး အနားမှာ ရှိတဲ့ပစ္စည်း လေထဲပျံလာပြီးသားပဲ။ အမေကလည်း ကျနော့်ကို သိပ်ယုံပုံတော့ မရပါဘူး။ ဘာလို့လည်း ဆိုတော့ ကျနော့်မျက်နှာက စပ်ဖြဲဖြဲ ဖြစ်နေတာကိုး။ အသေအချာ ပြင်ဆင်ပြီးမှ ကျနော်စဆိုပြလိုက်တယ်။
“အမေ … သေချာနားထောင်နော် … ရဲလေး သီချင်းစာသား အလိုက်ပဲ …… ဟဲဟဲ”
“အေးပါ … ဆိုမှာဖြင့် ဆိုစမ်းပါ”
“ကျနော့်ပုဆိုးလေး သွားပေါင်ပြီးတော့ နှစ်လုံးထီဖိုးတွေ ရှင်းပေးခဲ့တာ … ငပိရည်နဲ့ အရိုးဟင်းတွေက သားတို့အတွက်လား……………….”
အဲလို ဆိုပြီးတာနဲ့ တဟီးဟီးရယ်ပြီး ကျနော် လစ်ပါတော့တယ်။ ထင်တဲ့အတိုင်းပဲ နောက်ကလည်း “မ သာ လေး” ဆိုတဲ့ အသံမဆုံးခင် တီဗီရီမုတ်က လေထဲ ဝဲခနဲ ပါလာပါတော့တယ်။
ဂွတ္တလစ်ပါသေးတယ်ဟေ့
ဒီတစ်ခုကျတော့ အဖြစ်ကတင် ဂွတီးဂွကျ မဟုတ်ဘူး။ ပြောရမယ့် ကျနော့်မှာလည်း မပြောခင်ကတည်းကကို ပြောရမှာ တော်တော်ဂွကျတဲ့ ကိစ္စပါ။ အပြောမတတ်ရင် ဖတ်နေတဲ့သူတွေကတောင် ဒီကောင် ဘာတွေရေးလဲ မသိဘူးဆိုပြီး ကျနော့်ကို မေတ္တာတုံးနိုင်တဲ့ ကိစ္စ။ ဒါပေမယ့်လည်း အဲဒါကို ကြုံတုန်းက ကျနော်ကိုယ်တိုင်လည်း တော်တော်ကို အူတက်အောင် ရယ်ရတာဆိုတော့ ပြောပြပါ့မယ်။ ဒါပေမယ့် ကျနော့်ကို မိုက်ရိုင်းလိုက်တာလို့ မထင်ကြပါနဲ့၊ ဖတ်တဲ့သူတွေကို ရယ်စေချင်စိတ် တစ်ခုတည်းနဲ့ ရေးလိုက်တာလို့ပဲ နားလည် ခွင့်လွှတ်ပေးတော်မူကြပါခင်ဗျာ။ ဒီလိုပါ … တလောက ဆူးလေကနေ မြောက်ဒဂုံကို ပြေးဆွဲတဲ့ (ဃ)ကားကို စီးမိပါတယ်။ အဲ … ရန်ကင်း ဈေးကွေ့မှတ်တိုင်ရောက်လို့ ရပ်ခါနီးတဲ့အချိန်ကျမှ ဦးလေးကြီး တစ်ယောက် အူယားဖားယား ထလာပါတယ်။ ကားသမားကလည်း ကားကွက် သိပ်မကောင်းတဲ့ အချိန်ဆိုတော့ ခါတိုင်းလို ဈေးကွေ့မှာ လူစောင့်ပြီး တင်မယ့်ပုံ မရှိဘဲ ဆင်းမယ့်သူ မရှိရင် ဆက်ပြီးတောင် မောင်းသွားမယ့် အခြေအနေမျိုး ရှိနေလို့ပါ။ ပြေးထလာတဲ့ ဦးလေးကြီးကလည်း မှတ်တိုင်ရောက်လို့ ရပ်ခါနီးမှ ဆင်းဖို့ကို သတိရတယ်ထင်ပါရဲ့။ သူမဆင်းရမှာစိုးလို့ အူယားဖားယားကို ထိုင်နေရာက ပြေးထလာပြီး စပယ်ယာကို ကမန်းကတမ်း အော်ပြောပါတယ်။ အထိတ်တလန့်နဲ့ အော်ပြောတာ ဆိုတော့လည်း အကျယ်ကြီးပေါ့။ ဘယ်လို အော်ပြောလဲဆိုတော့ …
“ဇွတ်တလစ်ဂွေးစေ့ပါတယ်ဟေ့” တဲ့။ ပထမတော့ စပယ်ယာရော အဲဒီအသံကြီးကို ကြားလိုက်တဲ့ သူတွေရော သူ့ကို ကြောင်ပြီး ကြည့်မိကြပါတယ်။ ပထမဆုံး စပယ်ယာက သတိဝင်လာပြီးတော့ ….
“အာ … ဦးလေးရာ … ဆင်းမယ်ဆိုလည်း ရပ်ပေးမှာပေါ့ဗျာ … အဲလိုကြီး ပြောတာတော့ ဘယ်ကောင်းမလဲ” လို့ ခပ်တည်တည် ပြန်နောက်တော့မှ အားလုံးထရယ်ကြပါတော့တယ်။ ဦးလေးကြီးလည်း အတော်ရှက်သွားပုံပါပဲ။ သွားလေးဖြဲပြီး ကားပေါ်ကနေ ဆင်းပြေးပါတော့တယ်။ ဟုတ်တယ်လေ …. သူ့အပြစ်လို့လည်း မဆိုသာပါဘူး။ “ဂွတ္တလစ်ဈေးကွေ့” ဆိုတာ အမြန်ပြောရင် အဆင်မပြေတဲ့အပြင် သူက ဆင်းချင်ဇောနဲ့ ပြောလိုက်တော့ လျှာခလုပ်တိုက်ပြီး “ဂွတ္တလစ်ဈေးကွေ့”ကနေ “ဇွတ်တလစ်ဂွေးစေ့” ဖြစ်သွား ပါလေရော။ စပယ်ယာရော၊ သူရော၊ ကြားကြားသမျှ အကုန်လုံးရော ဂွကျလိုက်တာ ပြောမနေပါနဲ့တော့။ မိတ်ဆွေလည်း ကြုံလို့များ အဲဒီမှတ်တိုင်မှာ ဆင်းဖို့ကြုံလာရင် ဖြည်းဖြည်းပြောပါ၊ တစ်လုံးချင်းပြောပါ၊ မှတ်တိုင် မရောက်ခင် အပေါက်ဝကို ကြိုထွက်ပါလို့ အကြံပေးလိုက်ပါတယ်ဗျာ။
ကဲ … ဒီတစ်ခေါက်တော့ ဒီလောက်ပဲ တင်ပေးလိုက်ပါတယ်။ နည်းလည်းနည်းမယ်၊ သိပ်လည်း ရယ်ရမှာ မဟုတ်ဘူးဆိုတာ သိပါတယ်။ ဒါပေမယ့်လည်း ဂွတီးဂွကျ ဖတ်ချင်တဲ့သူတွေလည်း မြန်မြန်ဖတ်လို့ ရအောင် တင်ပေးချင်၊ အလုပ်ကလည်း များနေတဲ့အတွက် ဒီတစ်ခေါက်တော့ ဒီလောက်လေးနဲ့ပဲ ကျေနပ်ပေးကြ ပါဦးခင်ဗျာ …. ။
သူရဿဝါ
No comments:
Post a Comment