“အမ်” အကြောင်း အက်ဆေး
အချိန်တစ်ချိန်ချိန်၏ နေရာတစ်ခုခုတွင် ဖြစ်သည် (အချိန်နှင့် နေရာကို ဝေဝါးထားသဖြင့် ဤအက်ဆေးကို မော်ဒန်အက်ဆေးဟု သတ်မှတ်ရန် မလိုအပ်ပါ)။ အချိန်အတန်ကြာ ရပ်တန့်နေရာမှ ဘေးနားသို့ ထိုးဆိုက်လာသော လိုင်းကားတစ်စီးပေါ် တက်လိုက်သည်။ ကံကောင်း ထောက်မသဖြင့် ဘေးတန်းတွင် နေရာ ရလိုက်၏။ ဟိုကြည့်ဒီကြည့်ဖြင့် အလယ်ခုံတန်းတွင် ထိုင်နေသော ကောင်ချောမလေး တစ်ယောက်ကို မြင်လိုက်သည်။ ထိုကောင်မလေးမှာ လှပချောမောသည်ဟု ဆိုနိုင်သော အနေအထားရှိသဖြင့် တစ်လမ်းလုံး ပျင်းနေမည့်အတူ ထိုကောင်မလေးကိုပင် ထိုင်ကြည့်နေလိုက်သည်။ သို့သော် ထိုကောင်မလေးမှာ ကျွန်တော် ခေါင်းစဉ်တပ်ထားသည့် “အမ်” ဆိုသော ကောင်မလေး မဖြစ်လိုက်ရပါ။
အဘယ်ကြောင့်ဆိုသော် ထိုကောင်မလေးကို ကြည့်နေရာမှ အမှတ်မထင် သူ့အရှေ့တွင် ထိုင်နေသော ကောင်မလေးကို ကြည့်မိလိုက်သောကြောင့်ပင် ဖြစ်ပါသည်။ အမှန်တော့ ပထမတွေ့သော ကောင်မလေးမှာ ဒုတိယ ကောင်မလေးထက် ပိုမို၍ ချောမောလှပပါသည်။ သို့သော် ဒုတိယ ကောင်မလေး၏ ချစ်စရာကောင်းသော မျက်နှာပေးက ကျွန်တော့်အား ဆွဲဆောင်ထားလိုက်ပြီ ဖြစ်သည်။ ထို့ကြောင့် ပထမ ကောင်မလေးအား မျက်လုံးတောင် ဝေ့မကြည့်တော့ဘဲ ချစ်စဖွယ် ကောင်မလေးကိုသာ စူးစိုက်ကြည့်နေမိ ပါတော့သည်။ စာရေးဆရာတစ်ယောက် ဖြစ်သည့်အားလျော်စွာ မျက်စိကျမိသော ကောင်မလေးအား စိတ်ကူးထဲတွင် နာမည်တစ်ခုပေး၍ စိတ်ကူးထဲတွင်ပင် ဝတ္ထုတစ်ပုဒ် ရေးသားရန် ကြံစည်နေမိပါသည်။ ၄င်းအား မည်သို့ နာမည်ပေးရမည်ကို စဉ်းစားသော်လည်း စဉ်းစား၍မရ ဖြစ်နေချိန်တွင် “ဖျတ်”ခနဲ သူမ၏ လည်တိုင်မှ ဆွဲကြိုးလေးအား မြင်လိုက်ရ၏။ ထိုဆွဲကြိုးလေးတွင် အင်္ဂလိပ်အက္ခရာ M စာလုံးလေး တွဲလျက်မြင်ရသဖြင့် သူမအား လွယ်လွယ်ကူကူ “အမ်”ဟုပင် နာမည်ပေးလိုက်ပါသည်။
သူမ အနည်းငယ် ဝပါသည်။ အတော်အတန် အသားဖြူပါသည်။ သူမ၏ ဆံပင်ပုံစံမှာ မင်းသမီး သက်မွန်မြင့် နာမည်ကြီးခါစက ဆံပင်ပုံစံမျိုးလေးဖြစ်ပါသည်။ သူမသည် အေသင်ချိုဆွေ နှင့်လည်းတူ၏။ မိုးဟေကို နှင့်လည်းတူ၏။ အေးမြတ်သူနှင့်လည်း တူ၏။ ဂျူလီယာရောဘတ် နှင့်လည်းတူ၏။ ရှာရာပိုဗာ နှင့်လည်းတူ၏။ ဂျနီဖာလိုပက်ဇ် နှင့်လည်းတူ၏။ ဆလီနာဂိုးမက်ဇ် နှင့်လည်းတူ၏။ သူမသည် ကျွန်တော် သဘောကျသော Celebrities အတော်များများနှင့် တူလေသည်။ သူမ ဘေးတစောင်း လှည့်နေခိုက်တွင် ဖြစ်စေ၊ ရှေ့တည့်တည့် ကြည့်နေခိုက်တွင် ဖြစ်စေ၊ သူမသည် အလွန်တရာ ချစ်စရာ ကောင်းနေသည်ချည်းပင် ဖြစ်၏။ အံ့သြရပါပေသည်။ “အမ်” ၏ မျက်နှာသွင်ပြင်ကို ခဲသားဖြင့် ပုံကြမ်းကောက်ကြောင်း ချကြည့်လျှင် အောက်ပါအတိုင်း ဖြစ်မည်ထင်၏။

“မြင်မြင်ချင်း ချစ်သည်” ဆိုသောစကားကို ပြောကြသည့် ယောင်္ကျား၊ မိန်းမ များအား “နှာဘူး”များ ဖြစ်သည်ဟု ကျွန်တော် ယူဆသတ်မှတ်ပါသည်။ ယခုချက်ခြင်းပင် ကျွန်တော် “နှာဘူး” ဘဝသို့ အရှင်လတ်လတ် ပြောင်းသွား၏။ ကျေနပ်ပါသည်။ ကျွန်တော် သူမကို မြင်မြင်ချင်း ချစ်မိပါသည်။ ထို့ကြောင့် ကျွန်တော်သည် ကျွန်တော့်သတ်မှတ်ချက်အရ “နှာဘူး” ဖြစ်ပါသည်။ တကယ်တော့ “နှာဘူး” များသည် အလွန်တရာ မြင့်မြတ်သော၊ “အချစ်” ကို တန်ဖိုးထားသော၊ စိတ်ခံစားမှု လွယ်ကူသော လူတန်းစားများ ဖြစ်ပေသည် ဟု ချက်ခြင်းပင် ကျွန်တော့်အယူအဆကို ပြင်ဆင်သတ်မှတ်လိုက်၏။
“အမ်” ကို ကြည့်နေရာမှ အခြားတစ်ဖက်သို့ မျက်နှာလွှဲမိသောအခါတွင် ကျွန်တော့်လက်ထဲမှ ထမင်းချိုင့်လေးသည် “အမ်”ဖြစ်သည်။ ကားကိုတွယ်စီးနေသော စပယ်ယာသည် “အမ်”ဖြစ်သည်။ လမ်းမပေါ်မှ ဂျာနယ်လက်ပွေ့သည်လေးသည် “အမ်”ဖြစ်သည်။ ကားပေါ်ရှိ CNG ဓါတ်ငွေ့အိုးသည် “အမ်”ဖြစ်သည်။ ကျွန်တော် မွေးဖွားစဉ် အချိန်မှစ၍ ယခုအချိန်အထိ “အမ်”ဆိုသည့် တစ်လုံးတည်းသော စကားကိုသာ ကျွန်တော် ရွတ်ဆိုလာခဲ့သည်။ ကျွန်တော် ဝတ်ဆင်ခဲ့သော အဝတ်အထည်အားလုံး၏ အမှတ်တံဆိပ်မှာ “အမ်”ဖြစ်သည်။ ယခုလောက်ဆိုလျှင် ကျွန်တော် ကိုယ့်ကိုယ်ကို မည်မျှ ဒုက္ခပေးနေမိပြီဆိုသည်ကို သိလောက်မည်ထင်၏။
ကြည်စင်လှပသော ကောင်းကင်ပြာပြာကြီး၏ အောက်တည့်တည့်တွင် ကျွန်တော်နှင့် “အမ်” နှစ်ဦးတည်းသာ ရှိသည်။ စိတ်ကူးယဉ်နေခြင်း ဖြစ်ပါသည်။ သူမ၏ လက်ဖဝါးလေးထဲတွင် ကျွန်တော့် အမည်နာမကို တံဆိပ်တုံး ခတ်နှိပ်ပေးထားလိုက်၏။ စိတ်ကူးယဉ်နေခြင်း ဖြစ်ပါသည်။ ကျွန်တော်က “အမ် . . . နင့်ကိုငါ ချစ်တယ်လို့ ပြောချင်ပေမယ့် မပြောတတ်ဘူးဟာ . . . ဒီတော့ ငါ့အစား နင်ပဲ ငါ့ကိုပြောလိုက်တော့” ဟု ပြောသောအခါ မျက်နှာကလေး မဲ့သွားပြီး “သေ . . .လိုက်” ဟု ပြန်ပြောသူမှာလည်း “အမ်”ပင်ဖြစ်သည်။ စိတ်ကူးယဉ်နေခြင်း ဖြစ်ပါသည်။ “အမ်”နှင့် ကျွန်တော်၏ မင်္ဂလာလက်ထပ်ပွဲတွင် သက်ရှိလူသား တစ်ဦးတစ်လေမျှ မရှိဘဲ “အမ်”ချစ်သော ရောင်စုံဖဲပြားကလေးများနှင့် ခွေးစုတ်ဖွားလေးများသာ ရှိပါသည်။ စိတ်ကူးယဉ်ခြင်းသာ ဖြစ်ပါသည်။
ကားပေါ်မှ “အမ်”ဆင်းသွားသော အချိန်တွင် ကျွန်တော်လိုက်ဆင်းပြီး သူမသွားရာနောက်သို့ လိုက်၍ ကျွန်တော့်အား သတိပြုမိအောင်လုပ်မည်။ နောက်ရက်များတွင် သူမ၏ အချိန်မှန် အကြိုအပို့ယာဉ်မှာ ကျွန်တော် ဖြစ်ရမည်။ ကျွန်တော် နောက်ကလိုက်သည်ကို မနှစ်မြို့ဟန်ဖြင့် သူမခြေလှမ်းဆောင့်နင်းမည်၊ နှုတ်ခမ်းဆူမည်။ ထိုအဆင့်များ ကျော်လွန်သောအခါ သူမနှင့် ကျွန်တော် ရင်းနှီးလာမည်။ ထိုမှတဆင့် သံယောဇဉ်များ တိုးပွားကာ သူမနှင့်ကျွန်တော် ချစ်သူများဖြစ်သွားကြမည်။ ထိုသို့ သမာရိုးကျ စိတ်ကူးယဉ်မိသော်လည်း ကျွန်တော် ဆင်းရမည့် မှတ်တိုင်ရောက်သည့်တိုင် “အမ်” မဆင်းသေးပါ။ မဆင်းလျှင် မဖြစ်သော ကိစ္စဝိစ္စများကြောင့် စိတ်မဖြောင့်တန်းသော်လည်း ကျွန်တော် ဆင်းခဲ့ရပါသည်။ “အမ်” ကို နှုတ်ဆက်အကြည့်လေးနှင့် ကြည့်ချင်သော်လည်း သူမက ကျွန်တော့်အား ကြည့်မနေသောကြောင့် မအောင်မြင်လိုက်ပါ။
ထိုအဖြစ်အပျက်၏ နောက်ပိုင်းတွင်လည်း ကျွန်တော် “အမ်”အား လိုက်မရှာခဲ့မိပါ။ “အမ်”ကလည်း ကျွန်တော့်အား လိုက်ရှာမည် မဟုတ်မှာ သေချာပါသည် (အစကတည်းက ကျွန်တော်ကသာ သူ့ကိုကြည့်ပြီး စိတ်ကူးယဉ်နေသော်လည်း သူမကမူ ကျွန်တော့်အား သတိပင် ထားမိမည်မဟုတ်သောကြောင့်ဖြစ်သည်)။ ကျွန်တော်ကလည်း “အမ်”အား လိုက်မရှာမိသောကြောင့် နောက်ထပ်မတွေ့တော့ပါ။ ကြည့်နေကျ ရုပ်ရှင် ဗီဒီယို ဇာတ်ကားများထဲကလိုလည်း မထင်မှတ်သည့် တစ်နေရာတွင် ပြန်မတွေ့ပါ။ ကျွန်တော့်သူငယ်ချင်း၏ ရည်းစား၏ သူငယ်ချင်းတစ်ယောက် အဖြစ်လည်း ပြန်မဆုံတွေ့ပါ။ ထိုနေ့၏ နောက်ပိုင်းတွင် “အမ်”နှင့် တစ်ကြိမ်တစ်ခါမှ ပြန်မတွေ့တော့တာ တော်တော်ကြီးကို သေချာပါသည်။
အခုဆို . . . . နှစ်ပေါင်း အတော်ကြာခဲ့ပြီဖြစ်ပါသည်။ သူမက “ဒေါ်အမ်” ဖြစ်နေလောက်ပြီ ဖြစ်သလို ကျွန်တော်သည်လည်း “ဦးကျွန်တော်” ဖြစ်နေပါပြီ။ ထိုအချစ် ဇာတ်လမ်းလေးအား ကျွန်တော်ကလွဲ၍ မည်သူ တစ်ဦးတစ်ယောက်မှ မသိသလို “အမ်”လည်းမသိပါ။ ကျွန်တော်လည်း (တခါတရံ သတိရမိသည်မှလွဲ၍) အသည်းမကွဲခဲ့ပါ။ “အမ်”လည်း အသည်းမကွဲပါ။ သို့သော် ကျွန်တော် “အမ်”ကို ချစ်ခဲ့ဖူး၏။ နှစ်ပေါင်း အတော် ကြာခဲ့ပြီဖြစ်ပါသည်။
သူရဿဝါ
ချစ်ခဲ့ဘူး၏ဆိုတော့ ခုမချစ်တော့ဘူးလား?
ReplyDeleteအော်...ဖြစ်ရလေ...အမ်...ရယ်..ဟိ..:P
ReplyDeleteStream of conciousness သဘော ဆန်တယ်နော်
ReplyDeleteဟာသဓါတ်ခံနဲ့ ဖတ်လို့ ကောင်းပါတယ် ဗျာ