ကျနော်နဲ့ ဂွတီးဂွကျများ (၇)
ကျနော်နဲ့ ဂွတီးဂွကျများ စရေးကတည်းက အားပေးမှုတွေ အများကြီးရတဲ့အတွက် ဝမ်းသာပါတယ်။ ဒါကြောင့်ပဲ ဒီတစ်ခေါက် ဂွတီးဂွကျတွေကိုလည်း ခပ်မြန်မြန် ထပ်ရေးဖြစ်ခဲ့ပါတယ်။ ဖတ်ကြည့်ပေးကြပါဦးခင်ဗျာ။
လင်နောက်လိုက်သွားတဲ့မေမေ
ကျနော်ဟာ တစ်ယောက်မဟုတ် တစ်ယောက်ကို တစ်ချိန်မဟုတ် တစ်ချိန်အမြဲတမ်း “ကြပ်” နေတတ်တဲ့ ကောင်ဆိုတာ ကျနော်နဲ့ ပေါင်းနေတဲ့ လက်ရှိသူငယ်ချင်း အတော်များများ သိကြပါတယ် (အသိဆုံး လူက အိဖြူစင်ဆိုတဲ့ သူငယ်ချင်း ကောင်မလေး တစ်ယောက်ပါ :P)။ အထက်တန်း လောက်အထိ ကျနော်နဲ့ ပေါင်းခဲ့တဲ့ ငယ်သူငယ်ချင်း တစ်ယောက်ရှိတယ်။ သူနဲ့ ကျနော်နဲ့က နှစ်ကောင်ပေါင်းပြီး သူများကို “ကြပ်” ရင် “ကြပ်” ၊ မဟုတ်ရင် နှစ်ယောက်တည်း ဦးရာလူက “ကြပ်”နဲ့ … အဲလိုမျိုး နေလာကြတာပါ။ တဖြည်းဖြည်းနဲ့ နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက် အပြန်အလှန် “ကြပ်”ကြတာ ကြာလာတော့ တော်ရုံတန်ရုံ “ကြပ်” လို့မရတော့တဲ့ အဆင့်အထိ ဖြစ်လာပါ လေရော။ အရမ်းကို သရုပ်ဆောင် ကောင်းလွန်းမှ ပိရိလွန်းမှသာ “ကြပ်” လို့ရတော့တယ်။ အခုပြောမှာက ကျနော် “ကြပ်” တာကို မထင်မှတ်ဘဲ သူခံလိုက်ရတဲ့ အကြောင်းလေးပါ။ ကျနော့်ဖက်ကလည်း တော်တော်လေး စွန့်စားရပါတယ်။ ဘယ်လောက်အထိ လဲဆိုရင် သူ့ကို “ကြပ်”နိုင်ဖို့ ကျနော့်မိဘ တွေကိုပါ အသုံးချရတဲ့ အထိပါ။ စောစောက ပြောခဲ့တဲ့အတိုင်း သူနဲ့ကျနော်က ငယ်သူငယ်ချင်းတွေ ဖြစ်တဲ့အပြင် သူကလည်း ကျနော့်အိမ်မှာ အမြဲတမ်း ဝင်ထွက်စားသောက်၊ တစ်ပတ်ကို သုံးရက်လောက် ကျနော့်အိမ်မှာ အိပ်နေကျ ဆိုတော့ ကျနော့် အမေအဖေ တွေနဲ့ပါ အရမ်းရင်းနှီး နေကြတာပါ (မွေးစားသား သဘောမျိုး ဖြစ်နေတာပေါ့လေ)။ သူကလည်း ကျနော့် အမေနဲ့အဖေကို သိပ်သံယောဇဉ် ရှိပါတယ်။ အမေနဲ့ကတော့ ပိုရင်းနှီးတာ ပေါ့လေ။ ဘာလို့လည်း ဆိုတော့ အဖေက နယ်တွေမှာ တာဝန်ကျတော့ အိမ်မှာမရှိ သလောက် ဖြစ်လို့ပါ။
တစ်ခါကျတော့ သူအလုပ်ရှုပ် နေလိုက်တာ သုံးလေးရက်လောက် ကျနော့်ဆီ ရောက်မလာဘူး။ သူမလာတဲ့ သုံးလေးရက် အတွင်းမှာပဲ ကျနော့်အဖေ တာဝန်ကျနေတဲ့ ရှမ်းပြည်ဘက်ကို ကျနော့်အမေက လိုက်သွားပါတယ်။ အဲ .. သူကျနော့်ဆီ ရောက်လာတဲ့ နေ့ကျတော့ အိမ်မှာက ကျနော်တစ်ယောက်တည်း ကျန်ခဲ့ပြီလေ။ ခေါင်းလေး ငိုက်စိုက် ငိုက်စိုက်နဲ့ သူလျှောက်လာတာကို အိမ်ထဲကနေ လှမ်းမြင်လိုက်ရ ကတည်းက သူ့ကိုကျနော်က ဦးအောင် ဘယ်လိုများ “ကြပ်” ရမလဲလို့ အသည်းအသန် စဉ်းစားလိုက်တယ်။ ပြီးတော့ စိတ်ကူးရသွားပြီး သူအိမ်ပေါက်ဝ ရောက်တဲ့အချိန်မှာ ကျနော့်မျက်နှာက အော်တို ခပ်ညှိုးညှိုးလေး ဖြစ်နေပါပြီ (ဒီစာပိုဒ်ကို ဖတ်နေတဲ့ သူတွေအားလုံး ကျနော် “ကြပ်”တော့မယ် ဆိုတာကို သိနေလောက်ပြီပေါ့)။ အိမ်ထဲရောက် လာတာနဲ့ ကျနော့်ခေါင်းကို လှမ်းပုတ်ပြီး မေးပါတယ်။
“ဟေ့ကောင် .. အန်တီရော”
အဲဒီအချိန်မှာ ကျနော်ဖြစ်နေရမယ့် မျက်နှာပေးနဲ့ ကျနော် ပြန်ပြောရမယ့် စကားက အရမ်းကို ရုပ်ပျက် ဆင်းပျက် ဖြစ်နေဖို့ လိုပါတယ်။ ပြောရရင်တော့ အရမ်းသရုပ်ဆောင် ကောင်းမှရမယ်လေ။ ဒင်းက အကြောင်းသိ ဖြစ်နေတာကိုး။ ကျနော် ခပ်လေးလေး ပြန်ပြောလိုက်တယ်။
“ဟင့်အင်း …. ငါ …. ငါ မသိဘူးကွာ”
“ဟမ် … ဘာလဲဟ .. အပြင်ထွက်သွားတာလား အန်တီက”
“ဟေ့ကောင် …. တော်ကွာ ငါ့ကို လာမမေးနဲ့”
ဟဲဟဲ …. ကျနော့်ကိုသူ မသင်္ကာသလို မျက်လုံးနဲ့ ကြည့်ပါတယ်။ ထပ်မေးပါတယ်။
“အချင်းချင်းတွေကွာ လုပ်မနေစမ်းပါနဲ့ … ပြောစမ်းပါ ဘာဖြစ်နေတာလဲ မင်းမျက်နှာကြီးက …”
“ဟာ …. မင်းကရော ဘာလို့ ရောက်ကတည်းက ငါ့အမေကိုပဲ လာမေးနေတာလဲ … ငါ တကယ် ပြောပြမှ မင်းကျေနပ်မှာလားပြော”
“မရဘူးဟေ့ကောင် ….. ပြောကွာ … မရဘူး“
ကျနော်သူ့ကို မီးဝင်းဝင်းတောက်နေတဲ့ မျက်လုံးနဲ့ ကြည့်လိုက်တယ်။ နောက်ပြီး မပြောချင်ပြောချင်နဲ့ ...
“အေး … မင်း ဒီလောက်သိချင်နေရင် ငါပြောပြမယ် … ငါ့အမေ … ငါ့အမေ … ဟာကွာ … မပြောဘူးကွာ …”
သူ စပြီး အငိုက်မိနေပါပြီ။ အရမ်းစိုးရိမ်သွားပုံလည်း ရပါတယ်။ ပျာပျာသလဲပဲ ကျနော့်ကို မေးတယ်။ သူ့ စိတ်ထဲမှာ ထင်သွားတာက ကျနော့်အမေ ရုတ်တရက် ရှော့ခ်ရပြီး ဆေးရုံတက်နေရတာမျိုး၊ အသည်းအသန် နေ မကောင်းဖြစ်နေတာမျိုးများ ဖြစ်နေသလားလို့ပေါ့။
“ဟင် … အန်တီ ဘာဖြစ်လို့လဲ .. ဘာဖြစ်လို့လဲ …. ပြောပါကွာ .. ဟေ့ကောင် … ပြောပါကွာ”
စိတ်ထဲမှာတော့ ရယ်ချင်တာ ကလိကလိဖြစ်နေပါပြီ။ ဒါပေမယ့် ကိုယ်နိုင်တော့မယ် ဆိုတာလည်း သိလာပြီ။ ကျနော် တစ်လုံးချင်း ပြောလိုက်တယ်။
“ငါ့အမေ …. ငါ့အမေ … အား….ငါကွာ … ငါ့အမေ လင် နောက် လိုက် သွား ပြီ”
ဒီကောင် ထပြီး ရယ်ပါတော့တယ်။
“ဟား ဟား … ငဘုန်း … ဒါမျိုးတွေ ရိုးနေပြီ … တော်စမ်းပါကွာ …. တစ်ယောက် အကြောင်း တစ်ယောက် မသိတာလဲ မဟုတ်ဘဲနဲ့ ….”
အဲဒီအချိန်က ရုပ်ရှင်ထဲကလို ပြောရရင် Tempo အမြင့်ဆုံး အချိန်ပဲ။ အဲဒီနေရာမှာ ကျနော် နည်းနည်း လိုသွားတာနဲ့ ကျနော်ဂွမ်းပြီ။ ချက်ခြင်းပဲ မတ်တပ်ရပ်ပြီး ဒီကောင့် အကျီ င်္စကို ဆောင့်ဆွဲလိုက်တယ်။ နောက် … အံကြိတ်ပြီး ….
“ဟေ့ကောင် … မင်းဘာစကား ပြောတာလဲ …. ဒါ နောက်စရာ ကိစ္စလားကွ ….. မင်းကွာ .. တောက် … မင်း ….. ဟား …… ငါ … ငါ … တကယ်ပြောနေတာ သူငယ်ချင်းရာ .. ငါ့အမေ တကယ် လိုက်သွားတာကွ …. ငါ မင်းကို နောက်နေတာ မဟုတ်ပါဘူး သူငယ်ချင်းရာ …”
ဘာမပြော ညာမပြောနဲ့ ကျနော် အရုပ်ကြိုးပြတ် ထိုင်ချလိုက်ပြီး ငိုချလိုက်ပါတယ်။ ထူးဆန်းတာက အဲဒီ အချိန်မှာ တကယ်ပဲ ဖီးလ်ဝင်သွားပြီး တကယ်ကို မျက်ရည်တွေ ကျလာတာပါပဲ။ သူ အရမ်းလန့်သွားတယ် … ယုံရခက် မယုံရခက် မျက်နှာကြီးနဲ့ပေါ့ ….. ကျနော်ကလည်း တကယ်ငိုနေတာဆိုတော့ တကယ်ဖြစ်သွားတာလို့ သူထင်သွားပါတော့တယ်။ ကျနော် မျက်ရည်တွေကျလိုက်၊ တောက်ခေါက်လိုက် လုပ်နေတာကို ခဏထိုင် ကြည့်ပြီး ကျနော့် ပုခုံးကို လာဖက်ပါတယ်။ ပြီးတော့ သူလည်း ငိုသံပါကြီးနဲ့ ကျနော့်ကို ပြောတယ်။
“ဆောရီးကွာ … ဆောရီး ငဘုန်းရာ ….. ငါတကယ် မယုံနိုင်လို့ပါ … ဘယ်လိုဖြစ်သွားတာလဲကွာဟင် … ငါ .. ငါ စိတ်မကောင်းဘူးကွာ …” ဆိုပြီးတော့ သူပါ မျက်ရည်တွေကျပြီး ထိုင်ငိုနေပါတော့တယ်။ အတော်ကြာမှ ကျနော့်ကို မေးပါတယ်။
“အန်တီက ဘယ်သူနဲ့ လိုက်သွားတာလဲ … ဘယ်ကိုလဲ …. မင်းသိလား ဟေ့ကောင် … ငါတို့ ပြန်လိုက် ရှာမယ်ကွာ …. နော် …. အားမငယ်နဲ့ သူငယ်ချင်းရာ … ပြော ဘယ်ကိုလဲ မင်းသိလား ..”
ကျနော် နိုင်သွားတာ သေချာသွားပြီလေ … ဟဲဟဲ …. နောက်ဆုံးပိတ် အနေနဲ့ ကျနော် ပြောလိုက်ပါ တယ်။
“တောင် … ကြီး … ကို … လို့ကြားတာပဲကွာ”
ဒီကောင် ဘယ်လို လုပ်ရင်ကောင်းမလဲ စဉ်းစားသွားပုံရတယ်။ ခဏငြိမ်သွားပါတယ်။ ကျနော့်မျက်နှာက နည်းနည်း ရယ်ချင်သလို ဖြစ်လာတာကို မြင်သွားတော့ သူ ဇဝေဇဝါ ဖြစ်သွားတယ်။ ပြီးတော့ ချက်ခြင်း တစ်ခုခုကို စဉ်းစားမိသွားတဲ့ ပုံနဲ့ ဒေါသတကြီး ကျနော့်ကို လှမ်းမေးတယ်။
“ဟာ … ဟေ့ကောင် … နေဦး .. အခု မင်းအဖေက တောင်ကြီးမှာ မဟုတ်လား”
ကျနော် ဘယ်လိုမှ ဟန်ဆောင်လို့ မရတော့ပါဘူး။ အရမ်းရယ်ချင်နေပြီလေ .. နောက်ပြီး ကျနော် “ကြပ်”တာ အောင်မြင်သွားပြီ။ ကျနော် စပ်ဖြဲဖြဲနဲ့ ပြန်ဖြေလိုက်ပါတယ်။
“ဟီး .. ဟီး … ဟုတ်တယ်လေ …. ငါ့အဖေက တောင်ကြီးမှာ”
“ဘာ ….. ဒါဆို … ဒါဆို … ဟမ် …. မင်းငါ့ကို ကြပ်နေတာပေါ့ … ဟုတ်လား”
“ဟီးဟီး .. မကြပ်ပါဘူး ….. ငါအမှန်ပြောတာပဲဟာကို ငါ့အဖေဆီ ငါ့အမေလိုက်သွားတာ လင်နောက် လိုက်သွားတာ မဟုတ်လို့ ဘာလဲ … ငါမှ မလိမ်တာ …”
ကျနော့်ကို ထပြီး သောင်းကျန်းပါတော့တယ်။ သူလိုက်ပြီး ငိုနေမိတဲ့အတွက် ရှက်လည်းရှက်၊ နောက်ပြီး ခုနက ကိစ္စကြီး တကယ်မဟုတ်ဘူးဆိုတာ ကျိန်းသေသွားလို့ စိတ်လည်းအေးသွားရတဲ့ ခံစားချက်ပေါင်းစုံနဲ့ ကျနော့်ကို ဒေါသတွေ ပြန်ထွက်ပြီး မိုးမွှန်အောင်ဆဲပါတော့တယ်။ အဲဒါနဲ့တင် အားမရဘဲ ကျနော့်ကို လိုက်ထိုးလို့ လမ်းထိပ်ရောက် တဲ့အထိ ပြေးရပါတော့တယ်။ သူကလည်း ကျနော့်ကို နောက်ကနေ “မင်း … မိလို့ကတော့ သေပြီသာမှတ်” လို့အော်ပြီး လိုက်ပါတယ်။ ကျနော်လည်း ပြေးနေရင်းကပဲ နောက်ကိုလှည့်ပြီး အောင်နိုင်သူ အပြုံးကြီးနဲ့ “ဟဲ ဟဲ …. ဘာပဲဖြစ်ဖြစ် ငါအောင်မြင်သွားတယ်လေကွာ” လို့ ရန်ထပ်စ လိုက်ပါသေးတယ်။ နိုင်သာ နိုင်တယ် … မသက်သာပါဘူးဗျာ … ကျနော်လည်း တကယ်ကို ငိုလိုက်ရတာကိုး။ ဒီကောင့်မှာသာ ကျနော်နဲ့ ကြုံတိုင်း သူခံလိုက်ရတာကို တောက်တခေါက်ခေါက် ဖြစ်နေရတော့တာပါပဲ။
► ► ► ► ► ► ► ► ► ► ► ► ► ► ► ► ► ► ► ► ► ► ► ► ► ► ► ► ►
အသားတင်တစ်သောင်းခွဲ
အခုလက်ရှိ ကျနော်ပေါင်းနေတဲ့ သူငယ်ချင်းတွေထဲမှာ အရမ်းကို လက်ပွန်းတတီး ပေါင်းနေတဲ့ သူငယ်ချင်း တစ်ယောက်ရှိပါတယ်။ အခုပြောပြမယ့် ဂွတီးဂွကျ ကိစ္စကလည်း သူ့ကိစ္စပါပဲ။ သူက အင်တာနက် ဆိုင်တစ်ဆိုင်မှာ Staff လုပ်နေပါတယ်။ သူ့အလုပ်ချိန်က ညနေလေးနာရီကနေ ညဆယ့်တစ်နာရီ အထိပေါ့။ တစ်ရက်တော့ သူအလုပ်ဆင်းရမယ့် အချိန်ညနေပိုင်းမှာ ကျနော်တို့ သူငယ်ချင်းတွေ စုပြီးသွားရမယ့် ကိစ္စတစ်ခု ရှိနေပါတယ်။ ကျနော်က သူ့ကိုလည်း ပါစေချင်တော့ ဒီတစ်ရက်လောက် အလုပ်ဖျက်လိုက်ပြီး ကျနော်တို့နဲ့ လိုက်ခဲ့ဖို့ ခေါ်ပါတယ်။ အဲဒီတော့ သူက ဘာပြန်ပြောသလဲဆိုတော့ သူတစ်ရက်အလုပ်ဖျက်ရင် သူ့လစာငွေထဲ က တစ်ထောင်အဖြတ်ခံရကြောင်း ပြောပါတယ်။ ဒီတော့ ကျနော်က သူတစ်လကို လစာဘယ်လောက်ရသလဲ လို့မေးကြည့်တော့ သူက လေးသောင်းခွဲရတဲ့အကြောင်း ပြန်ဖြေပါတယ်။ အဲဒီမှာ ကျနော်က တစ်ခုခုကို တွေးမိ သွားပြီး သူ့ကိုပြောလိုက်တယ်။
‘ဟာ . . . ဒါဆို မင်းက မိုက်တာပေါ့ကွ . . . မင်းရဲ့ လစာက တစ်လကိုလေးသောင်းခွဲလေ . . . မင်း တစ်ရက်အလုပ်ပျက်ရင် တစ်ထောင်ဖြတ်တယ်လေ . . . ဒီတော့ မင်းတစ်လလုံး အလုပ်သွားမဆင်းနဲ့တော့ . . . ဒါဆိုမင်း သုံးသောင်းတိတိ အဖြတ်ခံရမယ် . . . တစ်လပြည့်တဲ့နေ့မှ ကျန်တဲ့ တစ်သောင်းခွဲသွားထုတ်ပေတော့ ဟဲဟဲ အိမ်မှာ အိပ်လိုက်စားလိုက် နေရင်းနဲ့ တစ်လကို အသားတင် တစ်သောင်းခွဲရနေတယ်ဆိုတာ နည်းတဲ့ ကုသိုလ်မှ မဟုတ်တာကွာ ဟီဟိ’ လို့။
အဲ့ဒီလိုပြောလိုက်တော့ ပထမတော့ ဒီကောင်ကြောင်သွားပြီး ဂွကျသွားပုံရပါတယ်။ နောက်မှ သူပါလိုက် တွေးမိပြီး တဟီးဟီးတဟားဟား လိုက်ရယ်ပါတော့တယ်။ အဟဲ . . . တစ်လကို အသားတင် လစာတစ်သောင်းခွဲ ရနေတဲ့ သူကဘယ်သူလဲသိလား။ Mysuboo က နာမည်ကျော် ကဗျာဆရာ ဇာတိပါပဲခင်ဗျား။
► ► ► ► ► ► ► ► ► ► ► ► ► ► ► ► ► ► ► ► ► ► ► ► ► ► ► ► ►
ကျနော်နဲု့ အွန်လိုင်းပေါ်က ဂျပန်ကြီး
ဟိုတလောက ကျနော်သုံးတဲ့ G-Talk Accont ထဲကို လူတစ်ယောက် Invite လုပ်လာပါတယ်။ ကျနော့် ကို လာပြီး Add တာ ဘယ်သူများလဲလို့ နာမည်ကို ကျနော်ဖတ်ကြည့်တော့ သူ့ Account က kokimethar15 ပါ။ ကျနော်စာလုံးပေါင်းကြည့်တော့ Ko= ကို၊ Ki= ကိ၊ Me= မီ၊ Thar= သာ၊ အားလုံးပေါင်းကြည့်လိုက်တော့ ကိုကိမိသာ ပေါ့။ ဟား . . . . ဒါ ဂျပန်ကြီးတစ်ယောက်ရဲ့ နာမည်ပဲဖြစ်ရမယ်။ အဲဒီမှာ ကျနော်စဉ်းစားကြည့်တော့ ကျနော်သုံးတဲ့ Facebook ထဲမှာရှိတဲ့ Friend List ထဲက တစ်ယောက်ယောက်များလားလို့ပေါ့။ ဒါနဲ့ ကျနော်လည်း မေးကြည့်လိုက်တာ ကောင်းပါတယ်လေ ဆိုပြီးတော့ သူ့ကိုစပြီး နှုတ်ဆက်လိုက်ပါတယ်။
‘Hi Fri ! How do u get my account’
အဲဒီလည်းကျရော သူ့ဘက်က စာပြန်တက်လာတယ်။
‘ဟေ့ကောင် ဘုန်းသန့်ကျော် . . . ငါပါကွ’
‘ဟမ်’ ခနဲ ကျနော် ကြောင်သွားတယ်။ ဘာလဲဟ . . . ဒီဂျပန်က မြန်မာလိုတတ်တဲ့ ဂျပန်လားမသိဘူး လို့စဉ်းစားတာပေါ့။ ပြီးတော့ သူက ကျနော့်နာမည်ကိုလည်း သိနေတယ်လေ။ ဒါနဲ့ ကျနော်ထပ်မေးလိုက်တယ်။
‘Who ?’ ဆိုတော့ ချက်ခြင်းပြန်ပြောပါတယ်။
‘အေး . . . ငါ ဇော်မျိုးသက် ပါကွ . . . Account အသစ်လုပ်လိုက်လို့ မင်းကို အက်ဒ်လိုက်တာ’ တဲ့။ ကိုဇော်မျိုးသက်ဆိုတာက ကျနော်နဲ့ အရင်ကတည်းက အတူတူတွဲပြီး စာတွေရေး၊ ကဗျာတွေရေးတဲ့ အစ်ကိုကြီး တစ်ယောက်ပါ။ အဲဒီကျတော့မှ ကျနော်လည်း မရှင်းတာလေး မေးရတယ်။
‘နေပါဦး . . . ကိုဇော်မျိုးသက်က ဘာလို့ ဂျပန်နာမည်ကြီးနဲ့ ဖြစ်နေရတာတုန်း’ ဆိုတော့
‘ဘယ်က ဂျပန်နာမည်ရမှာတုန်း . . .’
‘အာဗျာ . . . ko ki me thar ဆိုတာ ကိုကိမိသာ လေ . . . . အဲဒါ ဂျပန်နာမည်ပေါ့ဗျ’ လည်းဆိုရော တဟားဟား ရယ်ပါတော့တယ်။ ပြီးတော့မှ ကျနော့်ကို သေချာရှင်းပြပါတယ်။
‘ကိုကိမိသာ မဟုတ်ပါဘူးကွာ . . . Kokime ဆိုတာက ကုက္ကိုင်း၊ Thar က သား . . . ပေါင်းကြည့်လိုက် တော့ ကုက္ကိုင်းသားပေါ့ကွ ဟား ဟား’
တောက် . . . သေပါလေရောဗျာ။ အပွဲပွဲနွှဲခဲ့သမျှ ဂျပန်ကြီးနဲ့ကျမှ အဲ . . ကုက္ကိုင်းသားနဲ့တွေ့မှ နှစ်အပစ် ခံရတော့တယ်။ တော်တော်ဂွတီးဂွကျ ဖြစ်ခဲ့ရတဲ့ အဖြစ်ပါပဲဗျာ။
သူရဿဝါ
ရီရတယ်ဗျ အပိုင်း ၁ ကတည်းက အားပေးလာတာပါ။ ဆက်လက်အားပေးနေပါတယ်။
ReplyDeleteI like it.
ReplyDeleteKokime ဆိုတာက ကုက္ကိုင်း၊ Thar က သား . ..
ReplyDeleteဟားဟား..ရယ်ရတယ်ကွာ..
ဆက်လက်အားပေးနေဆဲပါ..
အားပေးတယ်ဗျာ။ ဖတ်ရတာ နှစ်ခြိုက်ဖို့ ကောင်းပါတယ်။ ကျွန်တော်က လေတံခွန် ဆီက ရောက်လာခဲ့တာပါ။ ဆက်လက် အားပေးနေပါမယ်။ အဲ.. ကျွန်တော်လည်း ဘလော့ဂါ တစ်ယောက်ပါပဲ အစ်ကိုရေ။ မိတ်ဆွေ ဖြစ်ချင်ပါတယ်။
ReplyDelete