Thursday, January 07, 2010

ကျနော်နဲ့ဂွတီးဂွကျများ (၅)


ကျနော်ရဲ့ ဂွတီးဂွကျတွေကို မရေးဖြစ်တာကြာပါပြီ။ အခုတော့ နည်းနည်းလေး စိတ်အားလပ်နေလို့ ပြန်ရေးမယ် စိတ်ကူးမိပါတယ်။ ဂွတီးဂွကျတွေလည်း ခဏခဏကြုံနေရပြန်တာကိုး အခုတလော။ ဂွတီးဂွကျ အပိုင်း (၅) ဖြစ်ပါတယ်။ ဖတ်ကြည့်ပေးကြပါဦး။




ကွန်ပျူတာကျင့် ကွန်ပျူတာကြံ
ကျနော်နဲ့ လက်ရှိပေါင်းသင်းဆက်ဆံနေတဲ့ သူငယ်ချင်းအားလုံးလိုလိုက ကွန်ပျူတာလောက၊ အင်တာနက်လောကမှာ ကျင်လည်နေကြတဲ့ အလုပ်လုပ်နေကြတဲ့ သူတွေဖြစ်ပါတယ်။ သိကြတဲ့အတိုင်း ကွန်ပျူတာသမားဆိုတာ ကွန်ပျူတာရှေ့ရောက်ရင် ထမင်းမေ့ဟင်းမေ့။ အင်တာနက်သုံးတတ်တဲ့သူဆို ပိုတောင် ဆိုသေးတာပေါ့။ ထိုင်မိရင် ထလို့မရတော့ဘူး။ အဓိကပြောချင်တာကတော့ ကျနော် အူကြောင်ကြောင်ဖြစ်ရတဲ့ ကိစ္စပါ။


တလောက အချိန်ပြည့်ကွန်ပျူတာပဲ သုံးမိတယ်။ ဘယ်မှလည်း ထွေထွေထူးထူးမရောက်ဖြစ်ဘူး။ ဘာ ကိစ္စပဲ ပေါ်လာပေါ်လာ လွှတ်ထားလိုက်တယ်။ အဲ …. အပြင်ပြန်ထွက်ဖြစ်တဲ့အခါကျတော့ အဲ့ဒီတုန်းက ပေါ်လာ တဲ့ကိစ္စတွေကို ပြန်လုပ်ရပါလေရော။ အဲ့ဒီမှာ မလုပ်မဖြစ်လုပ်ရတာတစ်ခုကတော့ ဖုန်းတွေဆက်ရတာပါပဲ။ မှတ် မှတ်ရရ အဲ့ဒီနေ့က အလုပ်ကိစ္စတစ်ခုနဲ့ သူငယ်ချင်းဆီကို ဖုန်းခေါ်ဖြစ်တယ်။ လမ်းဘေး PCO ဖုန်းဆိုင်ကနေ တဆင့်ပေါ့။ တစ်ယောက်တည်း ပြဿနာတက်ရတာ အဲ့ဒီမှာပါပဲ။ နှစ်ရှည်လများ ကွန်ပျူတာကိုင်လာတဲ့ အကျင့် က ဖုန်းဆက်တဲ့နေရာအထိပါလာပါတယ်။ ဘာလဲဆိုတော့ ဖုန်းခေါ်ဖို့ ဖုန်းနံပါတ်ခြောက်လုံးနှိပ်ပြီးရင် မပြည့်စုံ သေးဘူးလို့ခံစားရပြီး Enter နှိပ်ဖို့ ခလုပ်ကို လိုက်လိုက်ရှာနေမိတာပါ။ တစ်ခါမဟုတ်ပါဘူး။ ဖုန်းတစ်ကောလ် ခေါ်တိုင်း တစ်ခါ အကျင့်ပါနေတာ။ ဒီကိစ္စက တော်တော်လေးကို ဂွကျပါတယ်။ ခင်ဗျားတို့ရော အဲ့ဒီလိုဖြစ်ဖူးလား မသိဘူး။




ပေါ်ရာကိုရှု
ဒီကိစ္စဖြစ်ပုံကတော့ တော်တော်လေးရယ်ရပါတယ်။ ပြန်တွေးတိုင်းလည်း ရယ်ချင်ပါတယ်။ ကိုယ့်ဘာ သာ အူကြောင်ကြောင်ဖြစ်ရတဲ့ကိစ္စပါ။ တစ်ရက်မှာ မြို့ထဲကိုရောက်ပါတယ်။ ဆိပ်ကမ်းသာလမ်းမှတ်တိုင်မှာ ကားစောင့်ရင်း ဘေးနားက VCDတွေ CDတွေရောင်းတဲ့ဆိုင်ကို ဘာရယ်မဟုတ်ဘူး ကြည့်မိတယ်။ အခွေတွေက တော့ တော်တော်စုံပါတယ်။ အခုနောက်ပိုင်းမှာ သီချင်းခွေတွေ၊ 8 IN 1 တို့ 16 IN 1 တို့လို ဗီဒီယိုကားတွဲတွေနဲ့ အပြိုင်ရောင်းအားကောင်းလာတာက တရားခွေတွေဖြစ်မယ်ထင်ပါတယ်။ တရားခွေတွေမှ နည်းတာမဟုတ်ဘူး။ တရားအစုံ၊ ဆရာတော်အစုံပါပဲ။ တရားခွေတွေလျှောက်ကြည့်ရင်းက အခွေတွေရဲ့ထိပ်ဆုံးမှာ ထောင်ထားတဲ့ တရားခွေတစ်ချပ်ကို ဘာရယ်မဟုတ်ကြည့်မိပါတယ်။ ယောဂီဝတ်စုံနဲ့ ဦးလေးကြီးတစ်ယောက် တရားထိုင်နေတဲ့ ပုံနဲ့ အောက်မှာ “ပေါ်ရာကိုရှု” ဆိုပြီးရေးထားတယ်။ ကျနော် စိတ်ဝင်စားသွားပါတယ်။ ဒီတရားခွေက ဆရာတော် တစ်ပါးပါးဟောတာမဟုတ်ဘဲ လူဝတ်ကြောင်ဓမ္မာစရိယတစ်ယောက်ယောက် ဟောတာဖြစ်မယ်ဆိုပြီးတော့ပေါ့။ ဒီထက်စိတ်ဝင်စားစရာကောင်းတာက “ပေါ်ရာကိုရှု” ဆိုတဲ့အမည်ပါ။ သူ့ရုပ်ကိုကြည့်တော့ အရှေ့တိုင်းရုပ်၊ ဗမာ ရုပ်ပဲ။ ဒါပေမယ့် နာမည်က အဲ့ဒီလိုဖြစ်နေတယ်ပေါ့လေ။ ဘာလူမျိုးလဲတောင် စဉ်းစားကြည့်လိုက်သေးတယ်။ ဒီလိုနာမည်မျိုး ဘယ်နိုင်ငံတွေမှဲ့တတ်သလဲပေါ့။ လားလား ….. သေချာကြည့်မှ တစ်ယောက်တည်းအရှက်ကွဲ တော့တာဗျာ။ ဘယ်ဟုတ်မလဲ …… ပေါ်ရာကိုရှုဆိုတာ လူနာမည်မှမဟုတ်ဘဲကိုး။ တရားထိုင်ရင် စိတ်ထဲမှာ ပေါ်လာတာကို ရှုမှတ်ခိုင်းတာလေ။ တရားခွေနာမည်က “ပေါ်ရာကိုရှု” ဖြစ်နေတာထင်တာပဲ။ ဟဲဟဲ… အခုထိ ပြန်တွေးမိတိုင်း အဲ့လောက်တောင် အသုံးမကျတဲ့ ကိုယ့်ကိုယ်ကို ပြန်ရယ်နေမိတယ်။ တကယ့်ကို ဂွတီးဂွကျပါပဲ ပေါ်ရာကိုရှုရယ်။




အစ်ကို ……. ဖုန်းခေါ်ချင်လို့
ကျနော် အင်တာနက်ဆိုင်တစ်ဆိုင်မှာ Staff လုပ်တုန်းကပါ။ အချိန်က ဆိုင်ပိတ်ခါနီးဖြစ်နေပြီ။ ည ဆယ်နာရီလောက်ပေါ့။ ဆိုင်မှာကလည်း လူရှင်းတော့ အေးအေးဆေးဆေး အင်တာနက်ထိုင်သုံးနေမိတယ်။ အဲ့ဒီ အချိန်မှာ ကောင်လေးနှစ်ယောက် ရောက်လာပါတယ်။ “အစ်ကို … ကျွန်တော်တို့ ဖုန်းခေါ်ချင်လို့ပါ” တဲ့။ ဒါနဲ့ ကျနော်လည်း Server ကိုထသွားလိုက်တယ်။ ကျနော်တို့ဆိုင်မှာက Pfingo ဖုန်းကို Server ကနေပဲ ခေါ်ပေးတာ များပါတယ်။ ကောင်လေးနှစ်ကောင်ကလည်း ယောင်တောင်ပေါင်တောင်နဲ့ အနားလာထိုင်တယ်။ ကျနော်က ဘယ်ကိုဖုန်းခေါ်မှာလဲလို့ မေးရတာပေါ့။ ကောင်လေးတွေကြည့်ရတာလည်း ဖုန်းဆက်လို့ရမယ့်နေရာကို မနည်း ရှာထားရပုံပဲ။ ဟုတ်တယ်…. ကျနော်တို့ဆိုင်က လမ်းကျဉ်းလေးထဲမှာဆိုတော့ ဒီအချိန်ဆို လူအရမ်းပြတ်တယ်။ အင်တာနက်ဆိုင်ကလည်း ကျနော်တို့တစ်ဆိုင်ပဲရှိတာလေ။
“ညီလေးတို့ ဘယ်ကိုခေါ်မှာလဲ ဖုန်းနံပါတ်ပြော” ဆိုတော့ …..
“5 ………” ဆိုပြီး ဂဏန်းခြောက်လုံးရွတ်ပြပါတယ်။ ကျနော်ကြောင်သွားတာပေါ့။ သတိလက်လွတ်ပြော လိုက်မိတယ်။
“ဟမ် …… ဘာဖုန်းကြီးလဲ”
“Handphone မဟုတ်ဘူးလေ အစ်ကို … ရိုးရိုးဖုန်း ကြည့်မြင်တိုင်ကိုခေါ်မှာ”
“အင်…… သေရော” ဆိုပြီး သူတို့ကို ရှင်းပြရပါတော့တယ်။ Pfingo ကနိုင်ငံတကာခေါ်တာဖြစ်တဲ့ အကြောင်းသေချာပြောပြရတယ်။ ကောင်လေးတွေလည်း မကျေမနပ်ဖြစ်သွားပုံရပါတယ်။ စူပွစူပွနဲ့ ကျနော့်ကို ပြောတယ်။ “အစ်ကိုကလည်း တခြားနိုင်ငံတွေတောင် ခေါ်လို့ရသေးတာ ကြည့်မြင်တိုင်လောက်တော့ မိုင်နာ နေမှာပါဗျာ လုပ်ပါ ခေါ်ပေးပါ”
စိတ်ကိုညစ်ရောပဲဗျာ။ ကျနော်လည်း ဘယ်လိုပြောပြောမရတဲ့အဆုံး ကောင်လေးနှစ်ကောင်ကို ပြန်ပြီး ဘုတောပြောရပါတော့တယ်။
“အစ်ကို ကဒုံကနိကို အရင်ခေါ်ကြည့်လိုက်ဦးမယ် ညီတို့ရေ ….. အဲ့ဒီကိုရမှသာ ပြန်လာခဲ့တော့” လို့။







သူရဿဝါ

5 comments:

  1. ဖတ်ရင်းပြုံးနေမိတယ်...။ ဟုတ်တယ်...ဒါမျိုးတွေလည်းဖြစ်တတ်တယ်လေ...း))
    ခင်မင်တတ်တဲ့
    ဏီလင်းညို

    ReplyDelete
  2. ရယ်မောသွားတယ်
    နောက်ဆိုသတိတော့ထားပေါ့

    ReplyDelete
  3. ဟားဟား ဂွတ်၏။
    ဖုန်းနံပါတ်နှိပ်ပြီး enter ခေါက်တာကို သဘောကျတယ်။ :D

    ReplyDelete
  4. ဟားဟားဟား...... ကွန်ပျူတာသမားတွေ အကုန်လုံးပါဘဲ
    အဲဒီလိုတွေ ကြောင်တတ်ကြတယ်။ ဟဲဟဲ ကျနော်လဲပါတယ် အကိုရေ....
    ကွန်ပျူတာရဲ့ ဖမ်းစားခြင်းခံရသူတွေထဲမှာ.........

    ReplyDelete