“ငါကဗျာဖတ်နေတယ်”
ရှင်းလင်းပြန့်ပြူးနေတဲ့အခါ . . . ငါ့စိတ်
ငါကဗျာဖတ်လို့ရနေတယ်
အဖြူရောင်တောင်မဟုတ်တဲ့ အဖြူထည်သက်သက်
အရာအားလုံးကိုဘေးဖယ်ထားတဲ့အခါ
ငါကဗျာဖတ်လို့ရနေတယ်
အေအေးဆေးဆေးကြီးကို အေးဆေး
ကလေးလေးစကားပြောသံလည်းကြားတယ်
လေးပင်တဲ့ကျောက်တုံးနိမိတ်ပုံတွေလည်းနားလည်တယ်
လက်ဖက်ရည်သောက်တယ် ကဗျာဖတ်တယ်
စီးကရက်ဖွာတယ် ကဗျာဖတ်တယ်
မနက်က အိပ်မှုံစုံမွှားကိစ္စ မစဉ်းစားဘူး
ဟိုနားဒီနားကားခကိစ္စ မစဉ်းစားဘူး
ကဗျာဖတ်နေတဲ့အကြောင်းတောင်မစဉ်းစားတဲ့အခါ . . . ငါ့အတ္တ
ငါကဗျာဖတ်လို့ရနေတယ်
ဒီလိုပြောကြည့်တဲ့အတိုင်း ဒီလိုလုပ်ကြည့်
ကဗျာဖတ်ဖို့စဉ်းစားပါ
ကဗျာဖတ်ပါ စဉ်းစားပါ
ဘယ်အထဲရောက်နေနေ ခုန်ထွက်ပါ
ဘာမှမစဉ်းစားနဲ့တော့ ကဗျာဖတ်ပါ
ဒါဆို ဒီကဗျာကို အခုဖတ်လို့ရနေမယ်။ ။
သူရဿဝါ
No comments:
Post a Comment