ကျွန်တော်က “မမ” ဆီရောက်ဖို့နောက်ကျ
“မမ” ကလည်း ကျွန်တော့်ဆီရောက်ဖို့နောက်ကျ
ပြီးတော့ ရထားကလည်း ကျွန်တော်တို့နှစ်ယောက်ဆီ
တည့်တည့်မတ်မတ် နောက်ကျခဲ့ပြီ
ကံစီမံရာအတိုင်း . . . “မမ” စီမံရာအတိုင်း
ကျန်ခဲ့ပါတယ်
ကျွန်တော်နဲ့ ဘူတာရုံနဲ့ တိတ်ဆိတ်ကြေကွဲမှုဟာ ဒီအတိုင်း
ကျွန်တော်ဘာလို့ စိတ်ကူးယဉ်ခဲ့မိပါသလဲ
ကျွန်တော်ဘာလို့ “မမ” အပေါ်မယဉ်ကျေးခဲ့မိပါသလဲ
နောင်တက ကျွန်တော့်ကို လွှဲဖြတ်ရိုက်ချတယ်
အကြောင်းပြချက်တွေပါ “မမ” ရယ်
“မမ” ဖုန်းနံပါတ်ကိုမေ့ပစ်ပါ့မယ်
ပြောခဲ့ဖူးသမျှစကားတွေမေ့ပစ်ပါ့မယ်
“မမ” ရယ်လိုက်ပုံလေး . . . “မမ” ဆီခဏလေး . . .
အားလုံးမေ့ပစ်ပါ့မယ်
ခဏလေး . . . ခဏလေး . . . ခဏလေးပဲ “မမ” ရယ်
“မမ” ပြောသလို အကြောင်းပြချက်တွေပါ
ကျွန်တော် . . . အရာရာမေ့ပစ်ပါ့မယ်
ခဏလေးပြန်တွေးပြီးရင်
ကျွန်တော် . . . တကယ်မေ့ပစ်လိုက်ပါ့မယ် . . .

“ကျွန်တော်တို့ တစ်ယောက်ကိုတစ်ယောက်
လုံအောင်လည်းမပုန်းနိုင်ကြပါဘဲနဲ့
တစ်ယောက်ကိုတစ်ယောက်
တွေ့အောင်လဲမရှာမိကြဘူး”
အဲဒီစကားကို ကျွန်တော် . . .
အဆိပ်လို သောက်ပစ်လိုက်တယ်။
ရထားကိုမြင်ခွင့်ရရင်တော့
(ဘူတာရုံလေးလဲကျသေဆုံးခဲ့တဲ့အကြောင်း)
သိချင်သိခွင့်ရခဲ့မယ်
အကျိုးကျိုးအပဲ့ပဲ့ မှတ်တိုင်များ
(ကျွန်တော်) ပြဒါးတစ်လမ်း (မမ) သံတစ်လမ်း
“မမ” ဟာ ကောင်းကင်ဆွဲအား တည့်တည့်က ပန်းတစ်ပွင့်
ကျွန်တော်ကြားလိုက်ရတဲ့အသံက
တိုးသဲ့လွန်းတယ် “မမ” ရယ်
လွန်ခဲ့တဲ့သုံးနှစ်ဟာ အခုကျနော့်ရှေ့ကိုပြုတ်ကျ
“မမ” မရှိတော့သလို အော်လ်တာရှပ်အဖြူလေးမရှိတော့ဘူး
ငွေလက်စွပ်လေးမရှိတော့ဘူး၊ စက္ကူငှက်ရုပ်လေးမရှိတော့ဘူး
တနင်္ဂနွေနေ့မရှိတော့ဘူး နောက်ပြီး . . .
မိုးစက်တွေကို မက်မက်မောမောခံယူတတ်တဲ့ကောင်လေးမရှိတော့ဘူး
ကျွန်တော်ဟာ လွန်ခဲ့တဲ့သုံးနှစ်ထဲ ပြုတ် ကျ ကျန်ခဲ့တယ်
သည်းသည်းမဲမဲ ညမိုးစက်တွေအောက်
လူငယ်လေးတစ်ယောက် ချိချိနဲ့နဲ့လမ်းလျှောက်ဖူးတယ်
အမူအယာခပ်ရိုင်းရိုင်း အရူးတစ်ပိုင်းဖြစ်ဖူးတယ်
“မမ” ရယ် . . . ကျွန်တော်လေ . . .
အဲဒီလို . . . သောကတွေ တစ်ခန်းလုံးအပြည့်
ဖြန့်ချထားခဲ့ဖူးတယ်
ကြယ်ပွင့်လေးတစ်ပွင့်ကိုမြင်ဖို့
ကောင်းကင်ကို ကျွန်တော်က အမှောင်ချခဲ့မိတယ်
နားထောင်ကောင်းအောင်လို့တော့
(တကယ်) မရည်ရွယ်ပါဘူး
ကျွန်တော့်တကိုယ်လုံး မျက်ရည်တွေဖြစ်သွားစေလောက်တဲ့အထိ
ကျွန်တော် ငိုမိတယ်
အခု
“မမ” အကြောင်း ဒိုင်ယာရီကိုကြည့်ရင်း
ကျွန်တော် သိလာပြီ . . .
“မမ” ရော “ကျွန်တော်” ရော
တစ်ယောက်ဆီတစ်ယောက် တည့်တည့်မတ်မတ် နောက်ကျခဲ့ပြီဆိုတာ . . . .

ယခုကဗျာ၏ ခေါင်းစဉ်နှင့် စာသားအချို့ကို ကဗျာဆရာဇာတိမှ ကျေးဇူးပြုပါသည်
No comments:
Post a Comment