နှင်းဆီဖြူစာတမ်း

(၁း ၁)
နှင်းဆီပန်းဖြူဖြူလေးတစ်ပွင့် ပွင့်လာသည်။ “ကိုယ့် …. နောက်ဆုံးအချိန်ရောက်ပြီ” ဟု ကိုယ်သိလိုက်ရ၏။ ကိုယ့်အနီးတစ်ဝိုက်တွင် ဘယ်လိုရနံ့များ လွင့်ပျံ့နေပြီလဲ။ ကိုယ်မသိပါ ….. ကိုယ့်အနား နှင်းဆီဖြူလေးမရှိပါ။ ထို့ကြောင့် ကိုယ့်အနားမှာ ကိုယ်မရှိပါ။ သေချာသည် ….. ရနံ့ကလည်း နှင်းဆီဖြူလေးနား ဝေ့ဝဲမနေနိုင်ပါ။
(၂း ၁)
အိမ်ယာမဲ့တစ်ဦး၏ အိမ်လွမ်းနာမျိုးဖြင့် နှင်းဆီဖြူကိုတမ်းတမိသည်။ နှင်းဆီဖြူက သင်းပျံ့ထုံဝေ ပန်းကလေးတစ်ပွင့် ဖြစ်သည်ဆိုလျှင် ကိုယ်က ပန်းပင်ကလေးအား စိုက်ပျိုးရာမြေသားဖြစ်ချင်ပါသည်။ လွမ်းသည် …. လွမ်းသည် …. နှင်းဆီမျက်ဝန်းလေးကိုလွမ်းသည်။ ဝတ်မှုန်နှုတ်ခမ်းလေးတွေကိုလွမ်းသည်။ နှင်းဆီဖြူ၏ ဝင့်ဝါရှင်သန်ခြင်းအတွက် ကိုယ့်ကိုယ်ကိုပင် ပြန်လည်စိုက်ပျိုးပေးလိုက်ချင်ပါသည်။
(၂း ၂)
ကောင်းကင်နှင့်မြေပြင်ကြား နှင်းဆီဖြူလေးနားမှာပင် နေလိုက်ချင်သည်။ ကိုယ့်အား “ပန်းဖြစ်ရုပ်ကြွင်း” ဖြစ်ခွင့်ပေးပါ။ ကိုယ် …. အရောင်မစုံသောသက်တန့်ဖြစ်နေ၏။ ကိုယ် လေပြေလေညှင်းဖြစ်နေ၏။ ကိုယ် ပင်လယ်တစ်စင်းဖြစ်နေ၏။ ကိုယ် …. နှင်းဆီဖြူဖြူတစ်ပွင့်ဖြစ်နေပြန်သည်။
(၃း ၁)
မာယာစိုလူးသည့် ဆောင်းနံနက်ခင်းမဟုတ်သော်လည်း နှင်းဆီဖြူ၏မျက်ဝန်းများတွင် မာနဆူးဝတ်ရုံ ခြုံထားသည်ကိုသိရသောအခါ …. ကိုယ် တိတ်တဆိတ်ကြေကွဲမိ၏။ ယခုတော့ …. ကိုယ်သိပြီ။ ကိုယ် ဘယ်တော့မှ နှင်းဆီဖြူဖြူတစ်ပွင့်ဖြစ်မလာနိုင်ပါ။ ကိုယ်ဘယ်တော့မှ ပင်လယ်တစ်စင်းဖြစ်မလာနိုင်ပါ။ ကိုယ်ဘယ်တော့မှ လေပြေလေညှင်းဖြစ်မလာနိုင်တော့ပါ။ ကိုယ်သည် ကိုယ့်ကိုယ်ကို ကိုက်ခဲထားရသော “ကျောက်ဖြစ်ရုပ်ကြွင်း” ပြန်ဖြစ်သွား၏။
(၃း ၂)
ကိုယ်သည် အဆိပ်လူးခံထားရသော မြှားတစ်စင်းသာဖြစ်သည်။ ကိုယ်သည် ပန်းစောင့်ဘီလူးဖြစ်သည်။ ကိုယ်သည် ပိုးပိုးပေါက်ပေါက်ကြွေနေသော ကြယ်မွှားတစ်စင်းဖြစ်သည်။ လူငယ်တစ်ဦး၏ချစ်ခြင်းတရားသည် လိပ်ပြာတစ်ကောင်၏ပျံဝဲမှုလောက်တောင် မလှပနိုင်ခဲ့။ ချစ်သူ၏အပြုံးတစ်ပွင့်အတွက် ငရဲမီးတောက်ကိုပင် ဆွဲလှန်မှောက်ပစ်ပေးချင်သော်လည်း ကိုယ့်အား ထိုသို့စေခိုင်းမည့် ခပ်ချွဲချွဲအမိန့်သံလေးမရှိပါ။ နှင်းဆီဖြူ၏ ငယ်ဘဝကစားဖော်တစ်ဦးမဖြစ်ခဲ့ရခြင်းအတွက် နောင်တမရသော်လည်း သူနားထောင်ချင်သောသီချင်းတစ်ပုဒ် မဖြစ်နိုင်သည့်အတွက်တော့ ဝမ်းနည်းမိ၏။ မည်သူနှင့်မျှမတိုက်ခိုက်ရပါဘဲ ကျရှုံးသွားသည့်စစ်သည်တစ်ဦး၏ သိက္ခာမာနအား ကိုယ်ချင်းစာတတ်လာသည်။
(၄း ၁)
လေရူးတို့ မှုန်မှုန်မှိုင်းမှိုင်းတိုက်ခတ်ကြပြီ။ ဘယ်လိုရနံ့ရိုင်းရိုင်းတွေထဲ ကိုယ်မျောသွားခဲ့ရပြီလဲ။ ချစ်ခြင်းတရားက ကိုယ့်အား ဓါးတစ်လက်လိုခုတ်ပိုင်းပစ်သည်။ မနာကျင်ပါ …. ကိုယ် …. လွမ်းမိ၏။ နာကျင်ကိုက်ခဲချင်လှပါသည်။ ထို့ကြောင့် ….. ကိုယ့်အား တစ်ချက်မျှကြည့်ပြီး ဥပေက္ခာပြုပါ နှင်းဆီဖြူ။ နှင်းဆီဆူးဖြင့် ကိုယ်ရူးချင်ပါသည်။ နောင်တွင် … “နှင်းဆီဆိပ်ကြောင့် အိပ်ပျော်သွားသောလူငယ်တစ်ဦး” အဖြစ် နှစ်ပေါင်းများစွာ ကျိန်စာသင့်ချင်ပါသည်။ သစ်ရွက်ကြွေများ ကိုယ့်အနား စုပြုံလွင့်ဝဲလာကြ၏။ ကိုယ်၏အခြားတစ်ပါးသော်အရပ်သို့ မျက်နှာမူခြင်းဖြင့် ကိုယ့်အားလွမ်းခွင့်ပြုပါ။ နှင်းဆီပွင့်ဖတ်များ ကိုယ့်အနားကြဲသီခြင်းဖြင့် ကိုယ့်အားစီရင်ပါ။ နှင်းဆီပွင့်များကြားထဲတွင် ကိုယ်သေဆုံးချင်ပါသည်။ “နှင်း ဆီ ဖြူ ကို ချစ် တယ်” ဟုပြောခွင့်မရခဲ့သော နောက်ဆုံးစကားအား ကိုယ့်အနားထားပေးပါ။ နှင်းဆီဖြူ ….. ကိုယ် … တတ်နိုင်သမျှ ဖြူစင်ရဲရင့်ခဲ့ပါသည်။
(၅း ၁)
“ကိုယ့် …. နောက်ဆုံးအချိန်ရောက်ပြီ” ဟုသိလိုက်ရသောအချိန်တွင် ကိုယ့်အနား … နှင်းဆီဖြူဖြူလေးတစ်ပွင့် .. တဖြည်းဖြည်း ပွင့်လာလေသည် ။ ။
သူ ရ ဿ ဝါ
ရ သ စ ာ ေ ပ အ ႏ ု ပ ည ာ ဘ ေ လ ာ ့ ဂ ္
H t t p : / / T h u R a T h a W a h . M y a n m a r b l o g g e r s . I n f o

No comments:
Post a Comment