Friday, September 11, 2009
ညီမလေး
“ညီမလေး”
   ကျနော့် ရဲ့ ညီမလေး
   ကျနော်တို့ရဲ့ ညီမလေး
   ဖွေးဖွေးလွလွ  ရယ်နေ .......
   ပန်းကလေးတစ်ပွင့်ပါပဲ
   ပကတိ မွှေးပျံ့ဖြူစင်စွာ
   အသက်သေးသေးသွယ်သွယ်နဲ့  ကလေးငယ်လို .....
   ညီမလေးဖြစ်တယ်
  လူငယ်ခေတ်ပြိုင် မိုးတိမ်စိုင်တွေကြားထဲ
  ကျနော့် စကားဝဲ၀ဲ ညီမလေးက
  ရှေ့နေဖြစ်ချင်ပြန်တယ်
  ဆက်လျှောက်ပါ ညီမလေးရေ …….
  `မျှော်လင့်ချက်’ ဆိုတာ သံမဏိကိုတောင်ခြေဖျက်
  မမြင်ရတဲ့ လက်နက်တစ်ခုပဲကွဲ့
  “ အကိုတို့ရေ .....အကိုတို့ရေ”
  ညီမလေးက ခေါ်လိုက်တိုင်း
  ကျနော့်တို့စိတ်တွေ အုံ့ဆိုင်းရပါတယ်
  အဝေးကြီးက အော်  အော်နေရတာ
  ......... မောမှာစိုးလို့ ..............
  ကျနော်က ကဗျာ ရေးပေးမယ်ပြောတော့
  ညီမလေးက ...... ပျော်တယ် ရယ်တယ်
  မရေးဖြစ်ပဲ မေ့ပျောက်နေတဲ့အခါ
  ခေါင်းခါလည်ခါ စိတ်ကောက်တယ်
  ငှက်ဆိုးမလေး တစ်ကောင်လို အသံဆိုးဆိုး
  အကိုတွေကို   စကားနာထိုးတယ်
  ကျနော့် ညီမလေးက တကယ်ကို
  ပန်းကလေးတစ်ပွင့်ပါ
  တကယ့်ကို လုံးလုံးကစ်ကစ် ပန်းကလေးပါ
  သူ့ကိုသနားတယ်လို့ ပြောရင်မကြိုက် တဲ့
  မာနတစ်ခွဲသား ပန်းလုံးလုံးလေးတစ်ပွင့်ပါ
  “ညီမလေးရေ ...... နင့်ကိုငါ .......
  မသနားလိုက်တာဟယ်” အဲ့ဒီလို
  ကျနော် ခပ်ရွဲ့ရွဲ့ပြောတော့
  ရယ်မော နေမယ့် ပန်းလုံးလုံး လေးတစ်ပွင့် ဖြစ်လာမလား
  ဘာပဲဖြစ်ဖြစ် ..... သူက
  အဲ့ဒီမော်လမြိုင် သူလေးက ...... ပန်းပွင့်လုံးလေးက
  ကျနော့်ရဲ့ ညီမလေး
  ကျနော်တို့ရဲ့ ညီမလေး
  အမြဲ ..... ဖွေးဖွေးလွလွ
  မွှေးမွှေးမြမြ  .... ရယ် ....... နေ      ။           ။
 (ကဗျာရေးပေးဖို့ ပူဆာထားတဲ့ ညီမလေးတစ်ယောက်အတွက်ပါ )  :D
No comments:
Post a Comment