Monday, September 07, 2009

ကြည့်နေရင်း ........ ဝေးသွား


“ကြည့်နေရင်း ..... ဝေးသွား”


- ကြည့်နေရင်းက ဝေးသွားသလိုပဲ
- ကောင်းကင်ဟာ မှိတ်တုပ်မှိတ်တုပ်ဖြစ်နေ
- ရေဘူးရော ဖိနပ်ရော ပါ, ပါတယ်
- ဒါပေမယ့် ....... နွေရာသီ ရောက်မလာဘူး၊ မသိလိုက်ရဘူး
- အနားကို “တိတ်တိတ်လေး တိုး” သွားမိတာဆိုတော့
- ငါ့ကို “တိုးတိတ်” ပစ်လိုက်တယ်
- ငါ “တိုးတိတ်” ခံလိုက်ရတယ်
- “သူမ” လေ ...... ကြည့်နေရင်းက ဝေး ........ သွား
- လောကဓံတရား ရှစ်ပါးတောင်ရှိတာပဲ
- တစ်ခုမဟုတ်တစ်ခုနဲ့ တစ်နေရာမဟုတ် တစ်နေရာမှာတော့
- ဝင်ရောက်တိုးတိုက်ရလိမ့်မယ် ၊ ဒါ ...... လောကဓံပါပဲ
- ငါးစာကိုလည်းမြင်တယ် ၊ ငါးမျှားချိတ်ကိုလည်းမြင်တယ်
- ငါကိုယ်တိုင်က “ငါး” ဖြစ်နေတော့လည်း စိမ်းကားလို့မရဘူး
- ငါးမျှားချိတ်မပါဘဲ ငါးစာချည်းလည်း မလာဘူး
- အသက်ကြိုးပြတ် ...... သိသိနဲ့ ထိုးဟပ်လိုက်ရုံ
- ကြည့်နေရင်းက ဝေးသွားသလိုပဲ
- တစ်နေ့တစ်လံပဲ ရွေ့ပါတယ် ၊ ပုဂံကိုလည်း ရောက်ပါတယ်
- ဒါပေမယ့် ရောက်ချင်တဲ့အချိန်ကာလ မဟုတ်တော့ဘူး
- ငါ့စိတ်ဆန္ဒက အိုမင်းပဲ့ကြွေသွားခဲ့ပြီ
- ကြည့်နေရင်းနဲ့ ဝေး ..... ဝေး သွားသလိုပဲ
- “မပြောဖြစ်ခဲ့တဲ့စကားဆိုတာ ပြောချိန်မတန်သေးတဲ့စကားပါ” တဲ့
- ငါနဲ့ ငါ့ကောင်းကင်ကလေး တိမ်တိုက်တစ်ခုစာ ဝေးတယ်
- ပြောချိန်မတန်ခဲ့ဘူး .... အချိန်မတန်ခဲ့ဘူး ..... အချိန်မတန်ခဲ့ဘူး
- အချိန်လွန်သွားတယ်
- ဝေးသွား ဝေးသွား ကြည့်နေရင်းက ဝေးသွား
- တကယ်တော့ နင်လည်းငါ့အနားတိုးကပ်လာတာ
- ငါလည်း နင့်အနား တိုးလာခဲ့တာ
- “ဝေးကွာခြင်း” ကလည်း အကြည့်တစ်ခုစာ ..... ကြာသွားတာ
- ကံမကုန်ဘူး ၊ ပြန်လည်းမဆုံခဲ့ဘူး ကောင်မလေးရယ်
- ကြည့်နေရင်းက ဝေးသွားသလိုပဲ
- ကြည့်ရင်း ကြည့်ရင်း ဝေးသွား ၊ ဝေးကွာခြင်းဆီ နီးစပ်သွား
- နင်ရယ် ... နင့်ဘေးမှာ “ဝေးကွာခြင်း” ရယ် ၊ “ဝေးကွာခြင်း” ဘေးမှာ ငါရယ်
- လက်ချင်းချိတ်ထားကြတာ .........
- အဲဒီလိုနဲ့ ... လက်ချင်းချိတ်ထားရင်း ဝေးသွား
- ကြည့်ရင်း ကြည့်ရင်းက ဝေး    ကွာ    သွား    တယ်။






1 comment:

  1. အိုမင်းပဲ့ကြွေသွားခဲ့ပြီ - ကြည့်နေရင်းနဲ့ ဝေး ..... ဝေး သွားသလိုပဲ - “မပြောဖြစ်ခဲ့တဲ့စကားဆိုတာ ပြောချိန်မတန်သေးတဲ့စကားပါ” တဲ့ - ငါနဲ့ ငါ့ကောင်းကင်ကလေး တိမ်တိုက်တစ်ခုစာ ဝေးတယ် -<--- တမျိုးလေးပဲ...ဒါပေမယ့် ခံစားသွားတယ်...

    ReplyDelete