Friday, May 08, 2009

တယ်လီဖုန်း



- ၁ -
“တူ.. တူ.. တူ..” အသံထဲမှာ
ငါက သူမအရိပ်နဲ့ တစ္ဆေအခြောက်ခံရ

- ၂ -
ကြိုးမဲ့ဖုန်းတစ်လုံးဆီ
လမ်းဘေးဆက်သွယ်ရေး ကြိုးဖုန်းလေးတစ်လုံးက
ဘယ်တော့များမှ ခေါ်ဆိုခွင့်ရပါ့မလဲကွယ်။

- ၃ -
ဟောဒီမှာ ကျိန်စာတွေပါလာတယ်
“.. .. .. .. .. .. .. ..”
ဘာအသံမှ မကြားရတော့ဘူး။

- ၄ -
ဝေးကွာခြင်းကို လေလှိုင်းထဲကလှမ်းခေါ်ဖို့
ဖုန်းနံပါတ်တွေဆီ လက်မတို့ရဲ
အချစ်ရယ်
ငါက ဆင်ခြင်ဉာဏ်ခပ်များများနဲ့ ငတုံးတစ်ကောင်ပါ

- ၅ -
“မင်းမရှိတဲ့နောက်”
“ငါ့ရင်ခွင်ကို”
“25 Minutes”
ပြန်လည်ဖြေဆိုသံဟာ
ဘာလို့ အလွမ်းသီချင်းတွေဖြစ်နေခဲ့ပါသလဲ

- ၆ -
ဖုန်းခေါ်သံကသာ တနံတလျား
ပျော်ရွှင်မှုက ရှားတယ်
ဖုန်းခေါ်သံတွေ ဆို့နင့်
ငါ အဆိပ်သင့်တယ်

- ၇ -
နှုတ်မဆက်ချင်တော့ဘူး
ဧရိယာပြင်ပ
သူမရဲ့ ဧရိယာပြင်ပကိုပဲ
ခဏခဏ ငါရောက်သွားလိုက်ချင်ပါတယ်။

- ၈ -
“တူ.. တူ.. တူ..” အသံရှည်ဆွဲလို့
ငါအလွတ်ရနေသော ဖုန်းနံပါတ်က
ငါ့ကိုအလွတ်မရသလို ပြန်အော်နေ

- ၉ -
ဖုန်းခေါ်ကြည့်တယ်
မရဘူး
မရပါဘူး
ငါ့ကိုယ်ငါပဲ ပြန်လွှတ်ချလိုက်တော့တယ်။

 

သူရဿဝါ
၀၈ - မေ - ၂၀၀၉
Image credit: Images.google.com

No comments:

Post a Comment