- ၁ -
မိုးလိုမြေလို ကျယ်ကျယ်လျားလျား ရူးသွပ်ခဲ့မှုတွေအတွက်
ငါ့ကို ချစ်တယ်လို့ပြောပေးပါ ဟယ်လင်။
ငါက နင်မျှော်လင့်ရမယ့်
ကမ္ဘာဦးအလင်းဖြစ်ချင်တယ်
ငါက နင်ကြည့်နေရမယ့် မှန်တစ်ချပ်ဖြစ်ချင်တယ်
ငါက နင်စကားစမြည်ပြောမယ့် အိမ်နီးနားချင်းဖြစ်ချင်တယ်
ဟယ်လင်ရေ
ငါ့ရဲ့နတ်ဖုရားမရေ
ငါ့တစ်ယောက်တည်းညတွေဆီ ပျံသန်း
ငါ့အလွမ်းကို နှုတ်သိမ်းပေးပါ။
ဒီမှာ နင့်ပါးချိုင့်လေးကိုသတိရလိုက်
နင့်မျက်ခုံးမည်းမည်းလေးကိုသတိရလိုက်
နင့်ရယ်သံလေးကိုသတိရလိုက်နဲ့ ငါဆိုတဲ့အရူးက
တစ်ယောက်တည်း နေမြင့်နေခဲ့တာပေါ့ ဟယ်လင်
တဆိတ်လေး ငါ့ကိုချစ်တယ်လို့ပြောပေးပါ။
- ၂ -
ဝေးများဝေးခဲ့ကြရင်ပေါ့ ဟယ်လင်
အဲဒီလိုငါ့အတွေးက ငါ့ကိုပြန်နှိပ်စက်
ငါ့အိပ်မက်ကတောင် ငါ့အပေါ်အညှိုးတွေတဒိုင်းဒိုင်း ပစ်ချကြတယ်။
ဟင့်အင်း၊
မဖြစ်နိုင်ပါဘူး ဟယ်လင်
ငါက မုန်တိုင်းတစ်ကောင်ဖြစ်ပေမယ့်
ပန်းပွင့်လေးအနားမှာပဲ တရစ်ဝဲဝဲနေချင်ပါတယ်။
မဖြစ်,ဖြစ်တဲ့နည်းနဲ့ ငါ့ကိုကယ်တင်ပါ
ဒါမှမဟုတ် မင်းကိုဘယ်လိုကယ်တင်ရမလဲ ပြောပါ
ဝေးမသွားကြအောင်ပေါ့ ဟယ်လင်။
- ၃ -
တစ်ခါတလေ ဘဝဟာ
ခါးသက်သက်သစ်သီးတစ်လုံး ဖြစ်ရင်ဖြစ်မယ်
ဒါမှမဟုတ်
ဦးတည်ရာကို ဖျောက်ပစ်လိုက်ရတဲ့
မြားတစ်စင်းဖြစ်ရင်ဖြစ်မယ် ဟယ်လင်
စွန့်စားမှုတွေနဲ့ဘဝမှာ မေ့ပစ်တတ်ခြင်းက သတ္တိတစ်မျိုးဖြစ်တယ်။
ငါ့ကို သတိမရဖြစ်တဲ့
ရက်တွေကိုမေ့လိုက်
နင့်ရဲ့ အဆင်မပြေခြင်းတွေကိုမေ့လိုက်
ကြေကြေကွဲကွဲ နေ့စွဲတချို့ကိုမေ့လိုက်
ငါကလွဲရင် အားလုံးကိုမေ့လိုက်
မေ့ပစ်လိုက်တော့ ဟယ်လင်။
- ၄ -
ငါ့မျက်ဝန်းမှာ မျှော်စင်တစ်ခုဆောက်မိပါတယ်
နင့်အပျော်တွေကို ကြည်ကြည်နူးနူးကြည့်ဖို့
နင့်စိတ်အနာတွေကို စိုးရိမ်တကြီးကြည့်ဖို့
နင့်ခရီးတွေကို အရိပ်လိုလိုက်ကြည့်နေဖို့
နောက်ဆုံး၊ လွမ်းတဲ့စိတ်နဲ့ နင့်ကိုကြည့်မောနေဖို့ပေါ့ ဟယ်လင်
ဖြစ်နိုင်ရင် ငါ့မျှော်စင်ကိုတစ်ခါလောက်လှမ်းကြည့်ပေးပါ။
- ၅ -
ငါက မျှော်လင့်ချက်ခပ်ပါးပါးကိုပဲ အရောင်တင်ထားရသူဖြစ်တယ်။
“တစ်နေ့နေ့တော့” အိပ်မက်တွေကို စီးနင်း
ခရီးပြင်းနှင်နေခဲ့တာ
ငါ နင့်ကို အထပ်ထပ်အခါခါ ချစ်မိတယ်။
အဲဒီချစ်မိရခြင်းမှာ
ငါ့မာနတွေပါသွား
နင့်ကိုမြင်ချင်တဲ့ ငါ့မနက်ဖြန်တွေပါသွား
နင်နဲ့ထပ်တူကျချင်တဲ့ စိတ်ကူးတွေပါသွား
အဲဒီလိုပါပဲ ဟယ်လင်ရယ်
တကယ်ကို ချစ်နေမိပါတယ်။
- ၆ -
ငါက အညတရဆန်လွန်းတဲ့ မြေမှုန်တစ်ဆုပ်
ဒါပေမဲ့၊ နင့်အတွက်တော့ သမုဒ္ဒရာတစ်စင်းစာမက ဖြစ်ချင်တယ်။
နှင်းစက်လေးတွေက ဆောင်းကို မက်မက်မောမော တမ်းတသလိုမျိုး
ငါလည်းနင့်ကို တမ်းတပါရဲ့ ဟယ်လင်
ကျေးဇူးပြုပြီး ငါ့ကို နင့်ရဲ့စိတ်နဲ့ ချည်နှောင်ပစ်ပါ။
- ၇ -
ခဲမှန်ဖူးတဲ့စာသူငယ်လို ငါ့အတွက်
နင်က အနာတရတစ်ခု ဖြစ်မလာချင်စမ်းနဲ့
ငါ့ရင်ဘတ်ကိုထိမှန်မယ့် ခဲတစ်လုံးဖြစ်မလာစေနဲ့
ငါက တကယ့်ကို ထိရှလွယ်လွန်း
အဲဒီလိုငါဟာ ဘယ်လိုကောင်စားမျိုးပါလိမ့် ဟယ်လင်ရယ်။
- ၈ -
မင်းရယ်မောမယ်ဆိုရင် ငါက လူရွှင်တော်တစ်ဦး ဖြစ်လိမ့်မယ်
မင်းနားထောင်မယ်ဆိုရင် ငါက ရေဒီယိုတစ်လုံး ဖြစ်လိမ့်မယ်
မင်းမှီလှဲမယ်ဆိုရင် ငါက ခေါင်းအုံးတစ်လုံး ဖြစ်လိမ့်မယ်
တစ်ခါတလေ မင်းငိုကြွေးခြင်းအတွက်ဆိုရင်
ငါက လက်ကိုင်ပဝါတစ်ထည်ဖြစ်နေလိမ့်မယ်
အရာရာမင်းအတွက်
ဖြစ်စေချင်
အဲဒီစိတ်ဆန္ဒကြောင့်
ငါ့အတွက်ပဲမင်းက အရာရာဖြစ်လာခဲ့ရတယ် ဟယ်လင်။
- ၉ -
ငါ့စိတ်ကူးတွေက ခမ်းနားနေလိုက်ကြတာကွယ်
နပိုလီယန်ရဲ့ ရဲရင့်ခြင်းဟာ ငါ့ကိုမမှီဘူး
နတ်ရှင်နောင်ရဲ့ အချစ်ဖွဲ့ရတုက ငါ့လောက်မကောင်းဘူး
မာသာထရီဆာရဲ့ ကရုဏာစိတ်က ငါ့လောက်မနူးညံ့နိုင်ဘူး
မင်းဆီကရမယ့် အထင်ကြီးမှုတွေအတွက်
ငါဒီလောက်တော့ ကြွားဝါပါရစေ ဟယ်လင်
ခမ်းခမ်းနားနား ငါ့စိတ်ကူးက စကြဝဠာအထပ်ထပ်ဖြစ်တယ်။
- ၁၀ -
ဟယ်လင်
ငါ့ရဲ့ တစ်ဦးတည်းသော ဟယ်လင်ရေ
ရိုးစင်းလွန်းတဲ့ စကားတစ်ခွန်းရှိပါတယ်။
ဒါပေမဲ့ ဘယ်သူမှမရိုးအီနိုင်၊ မစွန့်ပစ်နိုင်ခဲ့ဘူး
ဟုတ်ပါတယ် ဟယ်လင်
နင့်ကိုငါသိပ်ချစ်တယ် ဆိုတာပါပဲကွယ်။
သူရဿဝါ
၀၈ - မေ - ၂၀၀၉
Image credit: Images.google.com
No comments:
Post a Comment