- ၁ -
ဝတ်မှုန်တွေက ပန်းကို ပြန်လည်ရိတ်သိမ်းလိုက်ကြတဲ့နောက်
ဒီကမ္ဘာပေါ်ကနေ့တွေ ပြီးဆုံးသွားပါလိမ့်မယ်။
- ၂ -
ဟိုးမှာ
ငါကိုယ်တိုင် တပ်ဆင်ခဲ့သော ခေါင်းလောင်းကလေး
အန္တရာယ်သံတွေပဲ တလွင်လွင်ပေးလို့
ငါ့ကို တပ်ဆင်ပစ်တယ်
သတိအနေအထား။
- ၃ -
ငါမမှားခဲ့ဘူး ဆိုတဲ့စကားမှာတင် ငါမှားနှင့်ပြီးသား
ဘာကိုမျှော်လင့်ခဲ့မိသလဲ
ဘယ်ပန်းနဲ့ ဘယ်လမ်းကို ခင်းပစ်မယ်လို့
အိုး.. ငါဘာတွေမျှော်လင့်ခဲ့တာပါလဲ။
- ၄ -
စိတ်ကူးထဲမှာပဲ
တစ်နေ့တစ်လံ ရွေ့နေနိုင်မှတော့
ဝေးကြရုံ။
- ၅ -
ခေါင်းကိုဆန့်မော့လို့ လေပြည်ကိုဆုတောင်းတုန်းမှာပဲ
မုန်တိုင်းစဲဖို့ ခေါင်းငုံ့မျှော်လင့်ရတာ
နာနာကျင်ကျင်။
- ၆ -
ပန်းတွေကို ရိတ်သိမ်းပြီးတဲ့နောက်မှာ
ဝတ်မှုန်ဟာ သူ့ကိုယ်သူပြန်လည်ရိတ်သိမ်းသွား
ဒီကမ္ဘာပေါ်ကနေ့တွေ ပြီးဆုံးသွားတယ်။
သူရဿဝါ
၀၈ - မေ - ၂၀၀၉
Image credit: Images.google.com
No comments:
Post a Comment