Saturday, May 09, 2009

မီးသင့်ခဲ့သော နှုတ်ဆက်ချိန်


အခုညနေက
မီးသီးအကျွမ်းတစ်လုံးလိုပါ
ကိုယ့်အသည်းဟာ တသွင်သွင်ကွဲခဲ့။

မျှော်လင့်ချက်တွေ ဖွာလန်ကြဲခဲ့ရသောညနေ
ပျောက်သွားတဲ့နေရောင်ကိုပဲ ခြုံရုံရင်း
ကိုယ် ထွက်ခွာလိုက်ပါ့မယ်။

မြေပြင်တနေရာစာပဲ လုံခြုံနိုင်တော့မယ့်ပုံမျိုး
ခေါင်းငိုက်စိုက်ကျလို့ ခေါင်းငိုက်စိုက်ချလို့
နှုတ်ဆက်လိုက်ရတာတော့ ခဏလေးပါပဲ
နှုတ်ဆိတ်လိုက်ရတာသာ တစ်ကမ္ဘာစာ
မီးသင့်နေတဲ့အလွမ်းနဲ့ အိမ်မပြန်ဝံ့ဘူး။

ညဟာ သိပ်ကြာကြာမနေဘဲ နက်လာ
လမ်းမတွေပေါ်မှာ လမ်းမီးတိုင်တွေအောက်မှာ
ဘယ်သူမှယူမသုံးမယ့် အရှုံးတွေအောက်မှာ
ကိုယ်လမ်းမတွေပေါ်မှာပါကွယ်။

အလွမ်းတွေပြုတ်ကျသွားမလားလို့
ခေါင်းကိုသာ တွင်တွင်ငုံ့ထားမိတယ်
ကိုယ် ဘယ်တော့မှ ပြန်မထတော့ပါဘူးကွယ်။

 

သူရဿဝါ
၀၉ - မေ - ၂၀၀၉
Image credit: Images.google.com

No comments:

Post a Comment