Tuesday, May 12, 2009

မေမေကဗျာ (သို့မဟုတ်) မေမေ့ကဗျာ

-->
ပြီးခဲ့တဲ့ `အမေများနေ့´ တုန်းက အမေအကြောင်း ကဗျာလေးတစ်ပုဒ်ရေးဖို့ စိတ်ကူးရှိခဲ့တယ်။ ဒါပေမယ့် အလုပ်မအားတာကတစ်ကြောင်း ၊ (ကိုသိုးမဲပြောသလို) ကုန်ကြမ်းပြတ်လပ်နေတာကတကြောင်း ကြောင့် အခုမှပဲရေးပြီးတင်လိုက်ပါတယ်။ တကယ်တော့ ဒီကဗျာက `အမေနေ့´ အတွက်ရယ်လို့ သတ်မှတ် ရည်စူးပြီးရေးတာမဟုတ်ပါဘူး။ အမေ့အကြောင်းတွေးမိတဲ့အချိန်မှာ ရေးလိုက်မိတဲ့ ခါတိုင်းလိုကဗျာတစ်ပုဒ်ပါ။
မေမေကဗျာ (သို့မဟုတ်) မေမေ့ကဗျာ
မေမေရေ ….. မေမေ
ထမင်းဆီဆမ်းပြီးရင် သားကို
မေမေ့လင်ဗန်းလေးနဲ့ပဲပေးပါ။
`အဲဒါက ……….. ဘာလဲဟင် မေမေ´
`အဲဒါက ……….. ဖြစ်မယ်ထင်တယ်နော် မေမေ´
`အဲဒါက ……….. မဟုတ်ဘူး မေမေရဲ့´
ဘာပဲဖြစ်ဖြစ် မေမေကတော့ ခေါင်းငြိမ့်နေတတ်ပါတယ်
`မေမေရယ် ……………´
လမင်းကြီးလို သားမော့ကြည့်ခဲ့ရတဲ့မေမေ
အခု … လက်ပတ်နာရီလေးလို ငုံ့ကြည့်နေရတဲ့မေမေ
သားကြီးထွားလာဖို့ မေမေကသေးနုံ့သွားတာမဟုတ်ပေမယ့်
ဆံစတွေကို ပွတ်သပ်ပေးတဲ့မေမေ့လက်တွေကတော့
သားဦးခေါင်းပေါ်ရှိတုန်းပါပဲ။
သားအိပ်မက်တွေမကောင်းတဲ့အခါ
ရေတစ်ခွက်မတိုက်ပါနဲ့မေမေ
အိပ်ရာဝင်ပုံပြင်လေးကိုပဲ
ငယ်ငယ်ကလို တစ်ခေါက်ပြန်ပြောပြပါ။
ငှက်ကလေးတစ်ကောင်အတွေးနဲ့
ကျွန်တော်က သစ်သီးတစ်လုံးကိုက်ချီဖို့စဉ်းစားချိန်မှာ
မေမေကတော့ သူ့သားအတွက် အတောင်ပံဖြစ်ပေးချင်ပုံရ
လေဟာနယ်ဖြစ်ပေးချင်ပုံရ
သစ်ကိုင်းတစ်ကိုင်းဖြစ်ပေးချင်ပုံရခဲ့တယ်
တကယ်တော့ မေမေရယ် ……
သားရော မေမေရော မြူမှုန်လေးတွေပါ
မေမေက သားကိုချစ်တာ
သားက မေမေ့ကိုချစ်တာ
ဒါကပဲ ….. သားတို့အတွက်
စကြာဝဠာ အနန္တကမ္ဘာဖြစ်သွားတာပါ။
ကျောင်းတံခါးတွေနဲ့ ဝေးရာသွားတဲ့နေ့တုန်းက
သားကို ခေါင်းလောင်းသံလို ဆူညံခဲ့တဲ့မေမေ …..
`သားက … နှင်းဆီပွင့်လေးပေးတော့
သူ ရီတယ်မေမေ ….´ ဆိုတုန်းကလည်း
`သားရယ်….´ လို့ ရွေရွတ်ခဲ့တဲ့ မေမေ ….
`ဘ၀ဆိုတာ …
မေမေဖျော်ပေးတဲ့ကော်ဖီခွက်လိုမှ မဟုတ်တာကွယ်´ ဆိုတော့လည်း မေမေ…..
သားလေ…. အိမ်ကလေးကို မမြင်နိုင်တဲ့ညတွေတုန်းက
ကြယ်တွေကိုမြင်တိုင်း မေမေ့ကိုသတိရ
`မေမေ့အပြုံးလည်း အဲဒီလို တဖျတ်ဖျတ်လက်တယ်..´
သားရဲ့လမ်းကဆူးတွေကို သားထွင်တာတောင်
မေမေက သားကိုယ်စားနာကျင်နေခဲ့မှာ …..
မေမေရယ် ………..
အဲဒီတုန်းက
မေမေ့ဆီ သားစာမထည့်ဖြစ်ဘူး
မေမေ့ဆီ သားအသံတွေမပို့ဖြစ်ဘူး
ဒါပေမယ့် …. အရင်ကအတိုင်း
`မေမေရေ …. မေမေ´ လို့တော့ အမြဲသတိရ
သား… ဖွဖွလေး `တ´ ပါရဲ့မေမေ။
မေမေရေ …….. မေမေ
သားကို အိပ်ရာဝင်ပုံပြင်လေး ပြန်ပြောပြပါ။
ပြီးရင် …..
ထမင်းဆီဆမ်းကို မေမေ့လင်ဗန်းနဲ့ပဲပေးပါ မေမေ။








4 comments:

  1. သားရဲ့လမ်းကဆူးတွေကို သားထွင်တာတောင်
    မေမေက သားကိုယ်စားနာကျင်နေခဲ့မှာ …..
    မေမေရယ် ………..

    မိဘဆိုတာကိုယ့်သားသမီးကိုဘယ်တော့မှ နာကျင်စေမဲ့သူမဟုတ်ပါဘူး ဆံတမျှင်တောင်မှအထိခိုက်မခံနိုင်တာ မိဘမေတ္တာပါ....

    ReplyDelete
  2. ကောင်းလိုက်တဲ့ မေတ္တာဖွဲ့ ကဗျာလေး...ဟယ်

    ReplyDelete
  3. နင်ရေးတဲ့အထဲ အကောင်းဆုံးပဲ ၀ါဝါမ

    ReplyDelete
  4. ကောင်းလိုက်တဲ့ကဗျာ....
    ဒီလိုကဗျာမျိုးလေးတွေ များများရေးနိုင်ပါစေ

    ReplyDelete