Monday, March 09, 2009

တဖွဲဖွဲရွာနေသော အမှားအယွင်းဆက်တင်များ

ညနေ မရောက်ခင်မှာပဲ မီးအိမ်ကိုထွန်းညှိလိုက်ကြ
မျှော်လင့်ခြင်း တချို့တစ်ဝက်
အဲဒီလိုနဲ့ အိပ်မက်တွေကိုဆက်မယ်
မီးအိမ်ကို စတင်ထွန်းညှိလိုက်စို့ရဲ့။

ရှင်သန်မှုအတွက် ဆုတော်လာဘ်တော်များ
လမ်းတွေလည်း အကြိမ်ကြိမ်မှားခဲ့ဖူးတယ်
အသက်ကို လှလှပပလေးပြင်ဆင်ထား
အဖိုးတန်အဝတ်အစားတွေ ဆင်ယင်ပေးထား
အရှက်တရားက စကားတွေထဲမှာသာ ဟားတိုက်ရယ်နိုင်ခဲ့ဖူးတာပါ။

ဘယ်ကောင် ဦးထုပ်နောက်ပြန် ဆောင်းထားသလဲ
မေးခွန်းတွေပဲ အို ဟောင်း ကျွမ်း မြေ့
“ဘယ်နေ့တုန်းကမှ ငါတို့မမှားခဲ့ဖူးဘူး”
နောက်ပြန်ဆောင်းထားတဲ့ဦးထုပ်က နောက်မလှည့်ဘဲဖြေတယ်။

နေ လ ကမ္ဘာ စကြာဝဠာအစိုင်အခဲများ
ဘယ်အစုအဝေးကမှ သူ့ကိုယ်သူနာမည်အော်မခေါ်ပါဘူး
ကျုပ်တို့ ခင်ဗျားတို့ပဲ ကင်ပွန်းတပ်ကြ၊
အမှတ်ပေးကြ လျှာဦးတည့်ရာပြောကြ
အဲဒီလိုနဲ့ ခပ်စောင်းစောင်း ခပ်လွယ်လွယ်လည်နေရ။

နတ်ဆိုးမရဲ့ ကျိန်စာရွတ်ဖတ်သံတဲ့လား
ပျင်းစရာကောင်းလှပါတယ်ကွာ
ကျုပ်တို့လို ကိုယ့်ကိုယ်ကိုယ် ပြန်သတ်ရဲမှ
ကျုပ်တို့လို ကိုယ့်ကိုယ်ကိုယ် လက်ညှိုးပြန်ထိုးရဲမှ
ခင်ဗျားရဲ့ နတ်ဆိုးဘဝကို စလိုက်
ကျုပ်တို့တသိုက်ကတော့ မျက်စိတဆုံး “မိုက်” တယ်။

ပွင့်မလာမယ့်ပန်းတွေပျိုးရင်း
အရွက်မရှိတော့တဲ့ ထီးတွေမိုးရင်း
မျက်ရည်မလိုဘဲ ခပ်ပေါ့ပေါ့ငိုရင်း
ဆေးကြောစရာမလိုဘဲ ကမ်းလာမယ့်လက်ကို ကြိုရင်း
ညနေမရောက်ခင် မီးအိမ်တွေထွန်းရင်း
အမှားကို ဘုရားလို ကိုးကွယ်နေလိုက်ကြရုံ။

 

သူရဿဝါ
၀၉ - မာ့ချ် - ၂၀၀၉
Image credit: Fineartamerica.com

No comments:

Post a Comment