(၁)
ခြောက်အက်ကြွေကွဲသွားအောင်
နွေရာသီယောင်ဆောင်ပစ်မိတယ်
မရပါဘူးကွယ်
ကိုယ့်အတွေးတွေက မင့်ဆီကိုပဲ လွင့် လွင့်ကျ။
(၂)
အိပ်မက်အမှတ်ဘယ်လောက်နဲ့
ဒီလမ်းကိုလျှောက်မိပါသလဲ။
မင်းကို ဟိုးအဝေးကြီးကလှမ်းကြည့်နေရသလို မြင်တယ်
စိတ်ကို အကျဉ်းချပစ်လိုက်လို့ရမယ့်အခန်းမျိုး
ကိုယ့်ကိုပေးပါ
နတ်ဆိုးတို့ရဲ့ဗုံသံကိုကြားရ
ကိုယ့်ကိုယ်ကိုယ် သေနတ်နဲ့ချိန်ထားရ
ဒီလိုနဲ့ပဲ မိုးကြီးစုန်းစုန်းချုပ်ပြန်တယ်။
(၃)
ကောင်မလေးရေ
ကိုယ် အသက်ကယ်လှေတစ်စင်း ဖြစ်လိုက်ချင်ပါတယ်
မင်းကို ကယ်တင်ဆယ်ယူထားဖို့
မင်းကို တင်ဆောင်သွားဖို့အတွက်
ကိုယ် ပင်လယ်ထဲမှာပဲ မျောနေချင်ပါတယ်
ကျိန်စာလိုပြင်းထန်တဲ့မုန်တိုင်းတွေ
စူးဆိုးရွားရွား လှိုင်းကြမ်းအော်သံတွေ
ဘာကိုမှလည်း ကိုယ် မကြောက်ပါဘူးကွယ်။
(၄)
ဖြစ်နိုင်မယ်ဆိုရင်
ကိုယ့်ကို ရေခြားမြေခြားမျက်လုံးတွေနဲ့ ကြည့်ပါ။
ဆောင်းရဲ့ အငွေ့အသက်ကိုချစ်တယ်
ဆောင်းရဲ့ ပျိုပျိုစင်စင်မနက်ခင်းတွေကို ချစ်တယ်
နှင်းတွေကိုချစ်တယ်
ကောင်မလေးရေ
“ဆောင်း” ဖြစ်ချင်လွန်းလို့ “နွေ” ယောင်ဆောင်ပစ်လိုက်တဲ့ကောင်ကို
ပက်ကြားအက်သွားလောက်တဲ့အထိ ကြည့်ပစ်လိုက်ပါ
ဝေးဝေးခြားခြား ထားခဲ့ပါကွယ်။
သူရဿဝါ
၁၀ - မာ့ချ် - ၂၀၀၉
Image credit: Images.google.com
No comments:
Post a Comment