ပြန့်နေတဲ့စိတ်ကိုပဲ
ထပ်ပြီးဖြန့်ချလိုက်တယ်
“သုည”တွေချည်း နေကြမယ့်ခေတ်
မိုးကုပ်စက်ဝိုင်းအထိ ပွင့်ပစ်မယ်။
ဉာဏ်နီဉာဏ်နက်တွေထည့်သိုထားသောမျက်လုံး
အဲဒီဘဝတွေ “ဆုံး” ပြီ။
“ဘာမှမရှိဘူး” လို့မပြောပါနဲ့
ဗလာကိုမြင်ချင်ရင်
ကိုယ့်စိတ်ကိုယ်အရင် မီးညှိတတ်ဖို့လိုတယ်။
တလောကလုံးကြားရအောင်
တိတ်တိတ်လေးနေလိုက်ပါတယ်
ကြားလော့
ကြားကြလော့
အတွေးက ပြိုင်းပြိုင်းရိုင်းရိုင်း မှောင်လာတဲ့အခါ
မီးအိမ်တစ်လုံးထွန်းမိတယ်။
ဗလာပါ သုညပါပဲ
တကိုယ်စာ လုံခြုံရုံလောက်လေး လင်းတယ်။
ဗလာလက်နဲ့ထွန်းခဲ့တဲ့ သုညတ္တမီးအိမ်
ဘယ်အရှိန်အဝါမှလည်း မလိုပါဘူးကွယ်
မိုးကုပ်စက်ဝိုင်းအထိ
တဟုန်းခွင်းခွင်း ပွင့်လင်းပစ်လိုက်မယ်။
သူရဿဝါ
၁၀ - မာ့ချ် - ၂၀၀၉
Image credit: Images.google.com
No comments:
Post a Comment