Tuesday, March 03, 2009

ခေါင်းစဉ်မဲ့အက္ခရာ

မနေ့ မနေ့တွေလိုပဲ
ဒီနေ့ဟာလည်း အလိုလိုပျောက်ရှနေရဲ့
ဘယ်ဖက်ရင်အုံတစ်ခြမ်းက ကြယ်ခိုးကြယ်ငွေ့တွေသမ်း

နင့်ကိုငါ လွမ်းတယ် မိသံစဉ်။

ပန်းကလေးတွေခူးပြီး ပန်ပေးချင်တာပါ
နင့်ဆံပင်ရှည်တွေကို အမြတ်တနိုး ငေးနေချင်တာပါ
အဲဒီလို ဦးတည်ရာသတ်မှတ်လို့မရတဲ့ ခေါင်းစဉ်တွေက
ငါ့စိတ်ကူးအပေါ်တည့်တည့်
နင့်ကိုပြောဖို့လည်း အက္ခရာမဲ့တယ် သံစဉ်။

တိတ်ဆိတ်နေတဲ့ ကဗျာညနက်နက်ထဲ
နင်က ကပိုကရိုလေးလှနေတဲ့အခါ
ကျွံဝင်နေတဲ့အလှဖွဲ့တွေထဲက ငါမထွက်ချင်ပြန်ဘူး။

ငါနဲ့လက်ချင်းယှက်ထားပါ
ငါ့ကို နင့်ရဲ့ဆောင်းတွင်းဝတ်ရုံဖြစ်ခွင့်ပေးပါ
ငါ့အတွက် နင်က သိုးဆောင်းစကားပုံတစ်ခုဖြစ်လှည့်ပါ။

ငါ့ရဲ့သီးသန့်ပျိုးခင်းလေး
ငါ့ရဲ့ နွေဦးလေညင်းလေး
တကယ်တော့
နင့်အတွက်ရွေးထားတဲ့ ခေါင်းစဉ်တွေအများကြီးထဲ
နင်က ရွေးလို့မရတဲ့ ခေါင်းစဉ်တစ်ခုဖြစ်နေပြန်တယ်။
နင်ဟာ ငါမရေးတတ်သေးတဲ့ အက္ခရာတစ်ပွင့်ပဲ မိသံစဉ်။

နင့်အနာဂတ်ထဲ ငါ့ကိုသိုလှောင်ထားပါ
နင့်အနာဂတ်ထဲ ငါ့ကိုချည်နှောင်ထားပါ
နင့်အနာဂတ်ထဲ ငါ့ကိုလွှတ်တင်ထားပါ
နင့်အနာဂတ်ထဲ ငါရှိရင်..
နင့်အနာဂတ်ထဲ ငါရှိရင်..
ချစ်သော.. မိသံစဉ်။

မနေ့ မနေ့တွေလိုပါပဲ။
ငါခေါင်းစဉ်တပ်မရတဲ့ အက္ခရာလေးကို
ရင်ဘတ်တစ်ခြမ်းနဲ့ နှိုင်း
မယဉ်မရိုင်းလေး လွမ်းမိတယ်။

 

သူရဿဝါ
၀၃ - မာ့ချ် - ၂၀၀၉
Image credit: Gettyimages.com

No comments:

Post a Comment