Saturday, February 21, 2009

SBtv အစီအစဉ် (၂၀၀၈. ၀၈. ၀၈ - သောကြာနေ့)


SBtv ရဲ့ အစီအစဉ် များကို ထပ်မံ ထုတ်လွှင့်ဖို့ အချိန် ကျရောက်လို့ လာပြန်ပါပြီ ခင်ဗျန်။ ရှေ့အပတ်စဉ် တွေတုန်းက စပုန်ဆာ မရှိတာကြောင့် ထုတ်လွှင့် ပြသနိုင်ခြင်း မရှိခဲ့တာကို အထူးပဲ တောင်းပန် အပ်ပါတယ်။ ကနေ့ အစီအစဉ် တင်ဆက်သူများ အဖြစ်ကတော့ ထုံးစံအတိုင်း ကျွန်တော် သူရဿဝါနဲ့ ကျွန်မ တခါတခါ လှတဲ့ ဝါဝါမတို့ပဲ ဖြစ်ပါတယ် ခင်ဗျန်။

 

SBtv လက်ဝှေ့ပွဲအစီအစဉ်

ဒီကနေ့ လက်ဝှေ့ပြိုင်ပွဲ ကျွဲထီး ဝိတ်တန်း ရွှေခါးပတ် ပြိုင်ပွဲမှာ ပယ်ပယ်နယ်နယ် ဝှေ့ကြမယ့် တိုင်ဖက် နှစ်ယောက် ကတော့၊ အဲလေ.. ပြိုင်ဘက် နှစ်ယောက် ကတော့ အနီထောင့်က ဂျစ်တိုင်ဆန် (ခ) ဂျစ်တူးနဲ့ အပြာထောင့်က ဝမ်ကေလာချိုင်း (ခ) ဆိုးလ်ကေလာတို့ ဖြစ်ပါတယ်။ အောက်စီဂျင် မကူ လေမရှူကြေး ပတ်ပြေး၊ အဲလေ.. ထိုးသတ် ကြမှာမို့ ပွဲကြီးပွဲကောင်း ဖြစ်မှာပါ ခင်ဗျ။ ခုဆို ဂျစ်တိုင်ဆန်က လက်ခမောင်း တဖြောင်းဖြောင်း ခတ်ပြီး ဝဲကုတ် နေပါတယ် ခင်ဗျ၊ အဲလေ.. ဟန်ရေးပြ နေပါတယ် ခင်ဗျ။ ဂျစ်တိုင်ဆန် ဟန်ရေးပြတာကို ကေလာ ကတော့ ထိုင်ကြည့် နေပါတယ် ခင်ဗျာ။ အထူး စိန်ခေါ်ပွဲ ဖြစ်တာနဲ့ အညီ ခုနစ်ရက် ခုနစ်လီ လေးဆယ့်ကိုးချီ ဆက်တိုက် ထိုးသတ်ကြမှာ ဖြစ်ပါတယ် ခင်ဗျ။ လက်ဝှေ့သမား တွေအတွက် နောက်ခံ သီချင်းလည်း ဖွင့်ပေးထား ပါတယ် ခင်ဗျ။

 

“ဦးဂျစ်တူးနဲ့ ဆိုးကေလာ.. အာဟ အာဟ.. ဦဂျစ်တူးပါ.. ဆိုးကေလာပါ.. ဟာ.. ဂျစ်တူးကြီးပါ.. ကေလာကြီးပါ.. ဂျစ်မှုံလေးပါဆို..”

ခုဆို ဂျစ်တိုင်ဆန်က လက်ခမောင်း တဖပ်ဖတ်ခတ်၊ အဲ.. တဖြောင်းဖြောင်း ခပ်ပြီး စိန်ခေါ်သူ ဝမ်ကေလာချိုင်းကို ဟန်ရေး ပြတယ် ခင်ဗျ။ ပွဲကလည်း စတော့မှာမို့လို့ ဝမ်ကေလာချိုင်း မျက်မှန်ချွတ် လိုက်ပါပြီ။ ပြီးတော့ ကြိုးစင် ရှိရာကို၊ အဲလေ.. ကြိုးဝိုင်း ရှိရာကို လျှောက်လာ နေပါတယ်။ ဟာ.. မပြောမဆိုနဲ့ ပြေးတိုက်တယ် ခင်ဗျာ.. အဲ.. ဒါပေမဲ့ ဂျစ်တိုင်ဆန်ကို ပြေးတိုက် တာတော့ မဟုတ်ဘူး ခင်ဗျာ။ မျက်မှန် ချွတ်ထားခဲ့ မိတဲ့အတွက် ကြိုးဝိုင်းထောင့်က တိုင်ကို မမြင်မစမ်းနဲ့ ဝင်တိုက် မိတာပါ ခင်ဗျ။ အထူး စိန်ခေါ်ပွဲ ဖြစ်တာနဲ့ အညီ ပွဲမစ ခင်မှာပဲ ဝမ်ကေလာချိုင်း တစ်ယောက် သုံးမိနစ် အနားတောင်း လိုက်ရပါတယ် ခင်ဗျ။ ဂျစ်တိုင်ဆန် ကတော့ သူ့ထုံးစံ အတိုင်း ပြုံးစိစိနဲ့ ကြည့်နေ ပါတယ် ခင်ဗျ။

အနား တောင်းချိန် သုံးမိနစ် ပြည့်ပြီ ဖြစ်လို့ ကြိုးဝိုင်း ထဲကို ဝမ်ကေလာချိုင်း ဝင်လာပါပြီ ခင်ဗျ။ ပွဲစဖို့ အတွက် နှဲမှုတ်ပြီး အချက်ပေး ထားတယ်။ စပါပြီ ခင်ဗျ။ နှစ်ယောက် စလုံးက အကွက်ချောင်း နေတယ်။ ဟာ.. ထိုးပါပြီ ခင်ဗျာ.. အပြန်အလှန် ထိုးကုန် ကြပါပြီ ခင်ဗျ။ အဲ.. မျက်စောင်း ထိုးတာ ဖြစ်ပါတယ် ခင်ဗျာ။ ခုဆို ဝမ်ကေလာချိုင်းက ခြေဖျားနဲ့ လှမ်းခတ်တယ်.. လဲတယ် ခင်ဗျ.. ဂျစ်တိုင်ဆန် လဲတာ မဟုတ်ပါဘူး ခင်ဗျာ။ သူ့ကိုယ်လုံးသူ မထိန်းနိုင်ဘဲ ဝမ်ကေလာချိုင်း လဲတာ ပါခင်ဗျ။ ပြန်ထ လာပြီ ခင်ဗျ.. သူ ပြန်ထ, ထချင်းမှာပဲ ဂျစ်တိုင်ဆန်က ဒူးနဲ့ ပြေးတိုက်တယ်၊ ဟာ.. ထိထိမိမိပါပဲ ခင်ဗျာ.. အရှိန်လွန်ပြီး သူ့မေးစေ့ကို သူ့ဒူးနဲ့ ပြန်တိုက် မိတာပါ ခင်ဗျ။ ဂျစ်တိုင်ဆန် မူးနေတုန်း ဝမ်ကေလာချိုင်းက ဝိုက်လက်သီး တစ်လုံး ပစ်သွင်းတယ်၊ ဟ.. အဝိုက် လွန်ပြီး ကိုယ့်ပါးကိုယ် ပြန်ထိုး မိပါတယ် ခင်ဗျ။ ဂျစ်တိုင်ဆန် ထိုးတယ်.. ထိတယ် ခင်ဗျ.. ဒိုင်လူကြီးကို ထိတာပါ ခင်ဗျာ.. ဝမ်ကေလာချိုင်း ကလည်း ညာဖြောင့် လက်သီး တစ်လုံး ပစ်သွင်းတယ်။ ဒိုင်လူကြီး ကိုပဲ ထပ်ထိတယ် ခင်ဗျ။ ဒိုင်လူကြီးကို ဝိုင်းထိုးကြ တဲ့အတွက် ဒိုင်လူကြီး ဖူးယောင် ကွဲပြဲပြီး ပွဲကို ရပ်ပစ် လိုက်ပါပြီ ခင်ဗျာ။ ဒိုင်လူကြီး ကွဲပြီး ရပ်ပစ် လိုက်တဲ့ ပွဲမို့လို့ ဒိုင်ကွဲရပ်နဲ့ သရေပွဲ အဖြစ် သတ်မှတ် လိုက်ပါတယ် ခင်ဗျား။

 

SBtv ရုန်းကန်လှုပ်ရှားဘဝစကား

ဒီကနေ့ SBtv ကနေ ပရိသတ်တွေ အတုယူ ကြိုးစားလာ ကြစေဖို့ ရည်ရွယ်ပြီး ရုန်းကန် လှုပ်ရှား ဘဝစကား ဆိုတဲ့ အစီအစဉ်လေး တစ်ခုကို တင်ဆက်ပေး သွားပါ့မယ် ခင်ဗျန်။ ဒီနေ့ အစီအစဉ် အတွက် ရွေးချယ်ထား တာကတော့ မြန်မာ နိုင်ငံမှာ အချမ်းသာဆုံး သူဋ္ဌေးကြီး တစ်ဦးရဲ့ စကားတွေပဲ ဖြစ်ပါတယ် ခင်ဗျန်။ သူကတော့ ကမ္ဘာပေါ်မှာ ထင်ရှား ကျော်ကြားတဲ့ သူဋ္ဌေးကြီး အိုနာစစ် လောက်နီးနီး ချမ်းသာတဲ့ မြန်မာ့ သူဋ္ဌေးကြီး အိုနာဂစ် လူလိန်ပဲ ဖြစ်ပါတယ်။ ပေတေ လေလွင့်၊ မွဲတေ စုတ်ပြတ်၊ ဖွတ်သနွတ်ဒွတ်၊ အခြေအမြစ်မရှိ၊ ညစ်ပေပေ ဘဝမျိုး ကနေ ဒီလို ဘဝမျိုး ရောက်အောင် ကြိုးစားခဲ့ရ ပုံလေးကို ပရိသတ်များ အတုယူ နိုင်အောင် ပြောပြ ပါတော့မယ် ခင်ဗျန်။

 

“အဟဲ.. ကျွန်တော့် နာမည်က အိုနာဂစ် လူလိန်ပါ။ ဘီလ်ဂိတ်က ဆော့ဖ်ဝဲတွေ ရောင်းပြီး ချမ်းသာ လာသလို ကျွန်တော် ကလည်း သဲဝဲတွေ.. ရေဝဲတွေ အတွက် ယားနာ ပျောက်ဆေး ရောင်းပြီး ချမ်းသာ လာတာ ဖြစ်ပါတယ်။ ဒီလိုဘဝ ရောက်လာအောင် ကျွန်တော့်မှာ မနည်း ကြိုးစားခဲ့ ရပါတယ်။ ဟိုး အနုတ်စုတ် ဂုတ်စုတ် ရွာလေးကနေ ရန်ကုန် မြို့ကြီးကို အဝတ် တစ်ထည် ကိုယ်ဝန် တစ်ခုနဲ့၊ အဲလေ.. ကိုယ်တစ်ခုနဲ့ စရောက်လာ ခဲ့တာပါ။ အဲဒီလို ဘဝမျိုးနဲ့ ရန်ကုန် မြေပေါ်စပြီး ခြေချတုန်း ကဆို ကျွန်တော့်မှာ ပုဆိုးတောင် မပါ, ပါဘူး။ အဲ.. အဲ.. ဘောင်းဘီ တိုလေးနဲ့ ပြောပါတယ်၊ အဟဲ ရန်ကုန် ရောက်ရောက်ချင်း တန်းလန်း တန်းလန်းနဲ့၊ အဲလေ.. စမ်းတမ်း စမ်းတမ်းနဲ့ လျှောက်သွားရင်း ရွှေတိဂုံ ဘုရားကြီး တွေ့လို့ ဝင်ဖူး မိပါတယ်၊ ပေစုတ်စုတ်နဲ့ ဆီဒိုးနားပေါ် တက်လာ ရသလား ဆိုပြီး လိုက်ရိုက်လို့ ပြေးရတာ ဖတ်ဖတ်ကို မောရော.. ဒါနဲ့ စိတ်ဓာတ်တွေ ကျပြီး ရွာပြန်မယ် ဆိုပြီး ဘူတာထဲ ပြန်ဝင်တယ်.. ဘယ့်နှယ် ပေစုတ်စုတ် ကောင်က မြို့တော် ခန်းမထဲ ဘာလာ ခိုးသလဲ ဆိုပြီး ဖမ်းလို့ မသင်္ကာမှုနဲ့ အချုပ်ထဲ တစ်ရက် အိပ်လိုက်ရ ပါသေးတယ်။

အချုပ်ထဲက ပြန်ထွက် တော့လည်း ဒုက္ခရောက် လိုက်တာ.. စားစရာ မရှိလို့ ကိုယ်ပါတာ ကိုယ်ပြန် စားရပါတယ်။ တမျိုးမထင် ကြပါနဲ့.. ပါလာတဲ့ မုန့်လေး ထုတ်စား တာကို ပြောတာပါ။ ပါတာလေး ကုန်တော့မှ တကယ့်ကို ချီးစားရ တော့တာပါပဲ.. အဲ.. အဲ.. ပိုက်ဆံတွေ လိုက်ချေးပြီး စားတာကို ပြောတာပါ.. အဟဲ။ အဲဒီနောက် မှာတော့ ကျွန်တော် အလစ်သုတ် ပါတော့တယ်.. အဲလေ.. အလုပ်သစ် ရပါတော့တယ်။ ပထမဆုံး ကာယ အလုပ် ဝင်လုပ်ပါတယ်။ ဘာလဲ ဆိုတော့ ပိုက်ဆံကြေး ဂေါ်လီ ရိုက်တာပါ။ အဲဒီကနေ ရတဲ့ ပိုက်ဆံလေးကို ဉာဏ အလုပ်နဲ့ ထပ်ပွား ပါတယ်။ ဆိုက်ကားသမား တွေနဲ့ တစ်ပွဲ ငါးဆယ်ကြေး ကျားထိုးတာပါ။ အဲဒီ ကနေမှ ထပ်ရတဲ့ ပိုက်ဆံ လေးနဲ့.. အဟဲ.. ဘာမှကို မလုပ်လိုက် ရပါဘူး။ သူဋ္ဌေးကြီး တစ်ယောက်က မိလ္လာကား တိုက်ပြီး သေသွားတဲ့ သူ့သားလေးနဲ့ တထေရာတည်း တူလွန်းလို့ ဆိုပြီး ခေါ်မွေးစား လိုက်လို့ သူဋ္ဌေး ပေါက်စလေး ဖြစ်လာပါတယ်။ ဟဲဟဲ.. ကျွန်တော် တော်တော်လေးကို ရုန်းကန် လှုပ်ရှား ခဲ့ရတာ ပေါ်လွင်တယ် မဟုတ်လား။ အနုတ်စုတ် ဂုတ်စုတ် တောသား ကျောမွဲလေး ဘဝကနေ အခုလို ဝဲသူဋ္ဌေးကြီး ဖြစ်လာ တဲ့အထိ ကြိုးစား ခဲ့ရပုံကို နောင်လာ နောက်သားတွေ အတုယူ နိုင်အောင် ပြောပြလိုက် ရပါတယ် ခင်ဗျား”

 

SBtv တေးဂီတအစီအစဉ်         

ဒီတစ်ပတ်ရဲ့ တေးဂီတ အစီအစဉ်မှာ သီဆိုပေးမှာ ကတော့ ယုံယုံ ကျော်သိန်းနဲ့ မီးဒါလီ သေနတ် တို့ရဲ့ ဘလူး ဘက်ထရီ အဖွဲ့ပဲ ဖြစ်ပါတယ် ခင်ဗျန်။ နားပိတ်တော် မူကြပါ.. အဲလေ.. နားဆင်တော် မူကြပါဦး ခင်ဗျန်။

 

(မီးဒါလီသေနတ်) နေညိုချိန် ထမီပျောက် တဲ့အခါ ရွာလမ်း နံဘေးမှာ သေနတ်လေးတို့ သူငယ်ချင်း အမတွေ ဒေါင်ချာ စိုင်းလို့ရှာ.. အော်.. မတွေ့တာ ကြာပြီ၊ ပျောက်တာ ကြာပြီ၊ သတိရ လိုက်တာ ထမီလေးရာ အဟင့်..

(ယုံယုံကျော်သိန်း) (RAP) ရို့.. ရို့.. နေညိုချိန် တိမ်တောက်.. ရွာလမ်းဘေးမှာ ထမီပျောက်.. မီးသေနပ်တို့ သူငယ်ချင်း.. လိုက်ရှာရင်းနဲ့ ရေခပ်ဆင်း.. တရားခံ ရှာတွေ့.. ကိုကြီးကျော် ပဲဟေ့.. ဝို့ ဝို့

 

SBtv နိုင်ငံခြားဘာသာစကား အစီအစဉ်

SBtv ရဲ့ နိုင်ငံခြား ဘာသာစကား အစီအစဉ် ကနေ ဒီတစ်ပတ် အတွက် အင်္ဂလိပ် ဘာသာ စကား ကိုတော့ တီချာ အင်ဒီယာနာ အိုင်ရွန်နီ (ခဏခဏ - ဒလ) က ပို့ချ ပေးသွားမှာ ဖြစ်ပါတယ် ခင်ဗျန်။ လိုက်လံ မှတ်သား ဒွတ်ဒတ် ရွှတ်ရှက် နိုင်ကြပါပြီ ခင်ဗျန်။

 

“အိုး.. ဂွတ်မောနင်း အောဒီယန့်စ်.. ကောင်းသော ညစာ စားပွဲ ဖြစ်ပါစေ၊ ပရိသတ်စ်.. ဂနေ့ တီချာ ဟောမယ့်  တရား ကတော့၊ အဲလေ.. တီချာ ပို့ချမှာ ကတော့ ပတ်ဝန်းကျင်က အင်္ဂလိပ်စာ အစီအစဉ် လေးပဲ ဖြစ်ပါဒယ်စ်။ တီချာ့ နာမည် ကတော့ အင်ဒီယာနာ အိုင်ရွန်နီ ဖြစ်တယ်။ တီချာ ပထမဆုံး ပြောချင် တာက အခုဆို အင်္ဂလိပ် စာဟာ ကမ္ဘာသုံး လန်းကွေ့ ဖြစ်နေပြီ။ လမ်းကွေ့တယ် ဆိုတော့ ကောက်တာပေါ့.. အဲလေ.. ကမ္ဘာသုံး လန်းဂွေ့ချ်.. ဂလိုဘယ် အယ်လ်ဇေးရှင်း ဖြစ်နေပြီ။ ဒီတော့ ဘာဖြစ်သလဲ.. ဈေးရှင်း မှတော့ ဈေးသည်တွေ မရှိတော့ ဘူးပေါ့.. အော်.. မှားကုန် ပြန်ပါပြီ.. အင်္ဂလိပ်စာ ကောင်းကောင်း တတ်ထားမှ ဗမာ လိပ်စာတွေ ဖတ်လို့ရမယ်.. အဲလေ.. နောင်တချိန် လူရာသူရာ ဝင်မယ် ပရိသတ်စ်။ အချိန်ပြည့် အိပ်ငိုက် နေရမယ်.. အဲအဲ.. သင်ယူ နေရမယ်.. လေ့ကျင့် နေရမယ်။ တီချာ့ ကိုပဲကြည့် ရန်ကုန်-ဒလ ခေါက်တုံ့ ခေါက်ပြန် သွားရင်း ဘယ်သူ စကား လာပြောပြော ဘိုလိုပဲ ကျင့်ခဲ့တာ.. နိုး.. ရက်စ်.. သိုင်းစ်ကျူး.. ဟဲဟဲ.. ဒါကြောင့်လည်း ခုဆို အင်ဒီယာနာ အိုင်ရွန်နီ (ခဏ ခဏ ဒလ) ဆိုပြီး နာမည်ကြီး လာတာပဲ..

တီချာတို့ ပတ်ဝန်းကျင်မှာ ရှိနေတဲ့ စာလုံးလေး တွေကို လေ့လာ ရုံနဲ့တင် တော်တော်လေး အကျိုး ရှိနိုင်တယ်။ ကဲ.. ဥပမာ ကြည့်ရအောင်.. ဘတ်စ်ကား ပေါ်မှာ ကပ်ထား လေ့ရှိတဲ့ စာတမ်းလေး တချို့ ရှိတယ်။ No Smoking.. နိုးစမုတ်ကင်း တဲ့.. အဲဒါက ဘာလဲ ဆိုတော့ ခါးပိုက်နှိုက် သတိစ်ပြုပါ.. ဟဲဟဲ.. တီချာ တော်တယ်နော်.. နောက်တစ်ခုက Emergency Door.. အီမာ ဂျင်ဆီဒေါ.. ဒါကျတော့ သံဃာတော်များ ဦးစား ပေးပါတဲ့.. ဟဲဟဲ.. ပြီးတော့ ရှိသေးတယ်.. အင်တာနက် ဆိုင်တွေမှာ ရှေ့မှာ ရေးထား တတ်တယ်၊ Now Available နောင်းအဗဲလဗဲ ဆိုတာ.. အဲဒါ ကျတော့ ယနေ့ ဆိုင်ပိတ်သည် တဲ့.. ကဲ.. ဘယ်လောက် လွယ်ကူ ရှင်းလင်း လိုက်လဲနော်.. တီချာက ပရိသတ်စ်ကို အဆီအနှစ် တွေပဲ ပေးနေ တာနော်.. တီချာ တုန်းကဆို UFL မှာချည်းပဲ ခုနစ်နှစ်.. ညီမလေးကို ကျောင်းသွားသွား ကြိုတာလေ.. အဟိ.. ခုဆိုရင် ဦးရှင်ကြီး တင်တာတောင် အင်္ဂလိပ်လို တင်တဲ့ ခေတ်ကို ရောက်နေပြီ..

ဟယ်လို.. ကမ်းအန် ဗစ်ဆစ် အန်ကယ်လ်ရှင်.. တူးအာဝါ လေးတိုင်စင်.. အိ(ထ) မုန့်ဆန်း အဝအပြဲ အန် ကိပ် အာဝါ ချေးလ်ဒရန်း ရပ်ထဲရွာထဲ.. ဟဲဟဲ.. ဒါဟာ အင်္ဂလိပ်စာရဲ့ လွှမ်းမိုး လာမှုကို ပြတာနော်.. ကဲ.. တီချာတို့ရဲ့ အစီအစဉ် လေးကို မင်္ဂလာရှိရှိနဲ့ ဘုရားစာလေး ရွတ်ပြီး သိမ်းလိုက် ကြရအောင်.. သဒီးတိုင်းမ်းစ် ဩကာသ.. သဒီးတိုင်းမ်စ် နမောတဿ.. ကိပ်ပင်း ဖိုက်ဗ်သီလ.. အာမဘန္တေပါ ပဂိုးဒါး.. မင်္ဂလာ ဘာကွယ်.. ပြန်လည် ဆုံတွေ့ ကြပါစို့.. ဟိဟိ”

 

SBtv နောက်တစ်နေ့အစီအစဉ်

SBtv ရဲ့ နောက်တစ်နေ့ အစီအစဉ်များကို ဉာဏ်နီ ဉာဏ်နက် ဆက်ထွက် လာရင် ထုတ်လွှင့် မှာဖြစ်ပြီး ဆက်မထွက် လာရင်တော့ ပင်စင် ပေးထားမှာ ဖြစ်တဲ့ အကြောင်း တင်ပြလိုက် ရပါတယ် ခင်ဗျန်။

 

သူရဿဝါ
၂၁ - ဖေဖော်ဝါရီ - ၂၀၀၉
Image source; Images.google.com

No comments:

Post a Comment