ပန်းတွေကိုလည်း ရနံ့လွင်လွင်စိုက်ပျိုးပစ်နိုင်
ကောင်းကင်ကိုလည်း သွန်းဆစ်ထုသနိုင်တယ်
လူငယ်၊ မနက်ဖြန်တိုင်းကို ကြာညိုနံ့သင်း
တဖြည်းဖြည်း လင်းလာစေပါတယ်။
ဘယ်လိုအိပ်မက်မျိုးတွေနဲ့ပါလိမ့်
ပျိုးပြက်ဖိတ်လက် ဗိမာန်တော်တွေလည်းမြင်ရ
ကွေးညွတ်ဖြာခုံး သင်္ကေတတွေကလည်းပြုံးပြ
အိုး.. လူငယ်တို့ရဲ့အိပ်မက်ကိုက
ယုယချင်စရာကောင်းလှရဲ့။
လှမ်းလိုက်သောခြေလှမ်းတိုင်းမှာ
မျှော်လင့်ချက်တွေ ပွင့်.. ပွင့်သွား
အားငယ်မှုတွေ လွင့်.. လွင့်သွား
မျက်နှာထားတွေကအစ မမှားခဲ့ကြဘူး။
မနက်ဖြန်
မနက်ဖြန်.. မနက်ဖြန်ရဲ့ မနက်ဖြန်
ဘယ်ကိုလှမ်းကြည့်ကြည့်
တားဆီးဝေဝါးမှုမရှိဘူး၊ လူငယ်။
ချစ်တာရှိမယ် မုန်းတာရှိမယ်
ရယ်စရာလိုမယ် ငိုစရာလိုမယ်
ဘယ်ညာအစွန်းနှစ်ဖက်လုံးမှာရပ်
ကိုယ့်ကိုယ်ကို တည့်မတ်နိုင်တယ်။
အင်တာနက်၊ ဟန်းဖုန်း
ကွန်ပျူတာ၊ အီလက်ထေရာနစ်
ခေတ်ကပေးတဲ့ လက်ဆောင်တွေထဲ
လူငယ်ဆိုတာ
အဟောင်းတွေကို တဖြောင်းဖြောင်းရိုက်ချိုး
မိုးပေါ်ကို ထိုးတက်နေကြတဲ့
ခေတ်အဆန်ဆုံး မျက်လုံးတွေဖြစ်တယ်။
သူရဿဝါ
၂၁ - ဖေဖော်ဝါရီ - ၂၀၀၉
Image source; Images.google.com
No comments:
Post a Comment