အိပ်မက်တွေလည်း
မပုပ်သိုးကြသေးပါကွယ်။
သိစိတ်နဲ့မသိစိတ် နေရာလုတဲ့ခဏမှာ
ငြှိမ်းမရသေးတဲ့မီးတွေ ဟုန်းခနဲ။
ပြီးခဲ့ပေမယ့် မပြီးသေးပါလား
ညီမလေးရယ်။
ဆုံနေကျမှတ်တိုင်လေးကို ငေးကြည့်
ထိုင်နေကျနေရာလေးကို ငေးကြည့်
မေ့ထားလို့မရတဲ့အတိတ်ကို ငေးကြည့်
ကြည့်နေပေမယ့် မမြင်ရတော့ပါလား ညီမလေးရယ်။
ထားခဲ့လိုက်
“ကို့ရဲ့အိပ်မက်ပျိုလေး” မရေးခဲ့မိဘူးလို့ထားလိုက်
“ငါ့ရဲ့ဧပရယ်လ်” မရေးခဲ့မိဘူးလို့ထားလိုက်
“အဆင်မပြေခြင်းများ” မရေးခဲ့မိဘူးလို့ထားလိုက်
“အဲဒီတနေ့တော့” မရေးခဲ့မိဘူးလို့ထားလိုက်
ထားပေမယ့် မကျန်ရစ်ခဲ့ပါလား ညီမလေးရယ်။
အခုထိတော့
အိပ်မက်တွေလည်း မပုပ်သိုးကြသေးပါကွယ်။
သူရဿဝါ
၀၆ - ဖေဖော်ဝါရီ - ၂၀၀၉
Image source; Images.google.com
No comments:
Post a Comment